Sunday, March 7, 2010

လီဆိုသို မှာကံဆိုးမိုးမှောင်ကျတဲ့နေ့တစ်နေ့

                                         A mountain road in Lesotho
လီဆိုသို Lesotho ဆိုတာက တောင်အာဖရိက နိုင်ငံအတွင်း ကုန်းပြင်မြင့်ကြီး တစ်ခုပေါ် မှာတည်ဆောက် ထားတဲ့ လူဦးရေ ၂သန်း ပင်မပြည့်တဲ့ နိုင်ငံငယ်လေး တစ်ခုပါ၊ တောင်အထပ်ထပ် ၀န်းရံနေတဲ့ နိုင်ငံမို့ Kingdom in the mountains (တောင်တွေ ကြားက ဘုရင့်နိုင်ငံ) လို့လည်း တင်စားခေါ် ဝေါ်ကြပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်နဲ့ ဆင်ဆင်တူပြီး၊ ဒီကတော့ ပိုမြင့်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေး အားလုံး ကတောင်ပေါ်လမ်းတွေချည်းပါ။

ကတ္တရာလမ်း တွေကတော့ ချောပါရဲ့ ဒါပေမဲ့ နွေမှာမိုးရွာပြီး ဆောင်း မှာနှင်းကျ တတ်တာမို့ ဒီမှာယာဉ်
အန္တရယ်က ကြောက်ခမန်း လိလိပါ၊ ဒီကလူတွေက လည်းလမ်းစည်းကမ်း ကိုနားမလည်၊ အတက် ကားကို ဦးစားပေးရ ကောင်းမှန်းမသိ၊ ကုန်းဆင်းကြီး ကိုလည်း လီဗာကုန်နင်းချင် နင်းနေတဲ့လူတွေပါ၊ ဖြစ်လိုက်လျှင် ၄-၅ ဆယ် လောင်းပြိုင်ကမရှား၊ သဘာဝ မဟုတ်သော လူသေမှုမှာ ယဉ်မတော်တဆမှုက နံပါတ်တစ်ပါ။ ဒီလိုနေရာမျိုးမှာ မှလာအလုပ်လုပ် ရတဲ့ကျွန်တော်တို့ မြန်မာတွေအဖို့ ကတော့ကံဆိုးမိုးမှောင်ကျတဲ့နေ့
တစ်နေ့ ကြုံလာရပါတယ်။

ထိုနေ့က ၂၀၀၈ ခုနှစ် မေလ ၂၅ ရက်၊ ဆောင်းတွင်းကြီးမှာ မိုးကစိတ်ညစ်စရာ ကောင်းလောက်အောင် တစိမ့်စိမ့် နဲ့မို့အိမ်ပြင်မထွက်ချင် တနင်္ဂနွေ အားလပ်ရက်မို့ အိပ်ရာထက်မှာပဲ ကွေးနေမိတော့သည်။ ထိုစဉ်မမျှော်သော ဖုန်းခေါ်သံတစ်ခု ၀င်လာပါသည်။ ပထမတော့ ဆေးရုံခွဲစိပ်ခန်းကများ အရေးပေါ်ရှိ လို့ခေါ်သလား လို့စိတ်ရှုပ်သွားမိ၏၊ တောင်ပေါ်ဒေသ ဆောင်းတွင်းမိုးနဲ့မို့ ခုလိုအချိန်မျိုးမှာ ဘာမှလုပ်ချင် ကိုင်ချင် စိတ်မရှိ၊ ဒါနဲ့ဖုန်း ကောက်ကိုင်လိုက်တော့ မမျှော်လင့်ပဲ Dr ဒေါ်ဥမ္မာ ဆီကဖြစ် နေတာတွေ့ ရပါတယ်။

ကြားရတဲ့သတင်းက ရင်ထိပ်စရာပင်၊ ခုနံက်အစောပိုင်းကတဲက Dr ဥက္ကာတို့ စုံတွဲ၊ Dr စန်းလွင်ဦးကို Teyateyaneng (အတိုကောက်) TY မြို့ကိုလိုက်ပို့ဖို့ ထွက်သွားတာ ဟိုကိုလဲရောက် မလာကြသေးပဲ ပျောက်နေတဲ့အကြောင်းပါ။ TY ဆိုတဲ့မြို့လေးက ကျွန်တော်တို့ရဲ့မြောက်ဖက် ကီလို ၄၀ သာသာဝေးတာမို့
တစ်နာရီပင် မမောင်းရတဲ့နေရာပါ။ သူဖုန်းဆက်တဲ့ အချိန်က နံက် ၁၀နာရီ ခွဲ ပင်ရှိနေပြီမို့ရောက်သင့်နေ ပါပြီ။ လမ်းကလဲ တောင်ပေါ်လမ်းမို့ ခုလိုမိုးမျိုးနဲ့ဆိုစိုး ရိမ်စရာပါ။ ဒါနဲ့ကျွန်တော် လဲနီးစပ်ရာ လူတွေဆီ ဖုန်းနဲ့ထပ်ဆင့် မေးမြန်းကြည့် တော့ ဘယ်သူမှတပ်အပ် သေချာမပြောနိုင်ကြ၊ သတင်းရဲ့မူရင်းဇစ်မြစ်က
TY က Dr ဒေါ်ခင်မာအေးပါ၊ သူကဆေးရုံအုပ် လုပ်နေတာဆိုတော့ သတင်းတစ်ခုခုကြားလို့နေမှာပါ။ ထင်တဲ့အတိုင်းပါပဲ ခဏကြာတော့ TY လမ်းတစ်နေရာမှာ ကားအက်(စ်)စီးဒင့်ဖြစ်တယ်လို့ သတင်း ထပ်ဝင်လာပါတယ်။

ကျွန်တော်တို့ Maseru မှာ ရှိတဲ့မြန်မာ တွေလဲ ထူပူကုန်ကြ ပါတော့တယ်၊ ဒီတိုင်းစောင့် ကြည့်နေလို့ မဖြစ်တော့။ အနဲဆုံးတော့ လိုက်သွားကြည့်သင့်တယ်မဟုတ်ပါလား။ ဒါနဲ့ကျွန်တော်လဲ Dr ထိန်လင်း ကိုဖုန်းနဲ့ လှမ်းပြောတော့ သူလဲသဘောတူတယ်။ သူနဲ့ နီးစပ်ရာ Dr ချမ်းသာစိုးက ကားတစ်စီး ကျွန်တော်နဲ့ နီးစပ်ရာ Dr အေးအေးပြုံးက တစ်စီးလိုက်သွား ကြဖို့ပါ။ လိုလိုမယ်မယ် အသက်ကယ်ဖို့ အရေးပေါ် ကရိယာတွေ ပါယူသွားဖို့ပြင်ဆင်နေတုန်းမှာပဲ TY မှဖုန်းထပ်ဝင်လာပါတယ်။ကိုစန်းလွင်ဦးရဲ့ အလောင်း TYဆေးရုံ ကိုရောက် လာတဲ့ အကြောင်းပါ။ စိတ်ထဲအရမ်း ထိခိုက်သွားမိရပါတယ်၊ နောက်တော့ကျွန်တော် စဉ်းစားမိတာက ကိုစန်းလွင်ဦးက နောက်ခန်းမှာ ထိုင်မှာသေချာတာမို့ သူတောင်မှအသက်မရှင်လျှင် ရှေ့ခန်းက ကိုဥက္ကတို့ စုံတွဲက ရှင်ဖို့လမ်းမမြင် မိတော့။ ဒါနဲ့ (မလိုတော့တဲ့) ဆေးအိပ်ကို ချန်ရစ်ပြီး
TY ကို မအေးအေးပြုံးနဲ့အတူမောင်းထွက်ခဲ့ပါတယ်။

မိုးထဲလေထဲ လည်းဖြစ်၊ တောင်ပေါ်လမ်းလဲဖြစ်၊ စိတ်ကလဲပူပန်မှု အပြည့်နဲ့မို့ ခုတစ်ခေါက် ကားမောင်း ရတာပင်ပန်းလှပါတယ်၊ စိတ်ကိုမနဲထိန်း ပြီးဖြည်းဖြည်း မောင်းရတာပါ။ ထွက်သာလာခဲ့ ရတယ် သူတို့ရဲ့ကား ဘယ်နေရာမှာ ဘာဖြစ်လို့ဖြစ်မှန်း ပင်သိတာမဟုတ်လို့ တစ်လမ်းလုံးဝဲယာကြည့်သွားရတာပါ။ စိတ်ထဲမှာတော့ သူတို့ကားချောက် တစ်ခုခုထဲထိုးကျ သွားတယ်ထင်ပါတယ်။ ထင်ရအောင်လည်း ဒီလမ်းမှာချောက် တွေက ပေါပါဘိနဲ့။ မောင်းနေရင်းနဲ့ပဲ လက်ကိုင်ဖုန်းထဲ သတင်းတွေ ၀င်ဝင်လာပါတယ်၊ အများကတော့ သတင်း ကြားလို့ လုပ်ဖေါ်ကိုင်ဖက်တွေ ဆီကလှမ်းစုံစမ်းကြတာတွေပါ၊ ကိုယ်တိုင်လဲ မသိတော့ဒါတွေကို ပြန်ဖြေနေရတာ ကိုကလည်း အလုပ်တစ်ခုပါ။ ဒီလိုနဲ့နောက်ဆုံးဝင်လာ တဲ့သတင်းအရ ကတော့ TY မြို့အ၀င်နားမှာ ယဉ်တိုက်မှုတစ် ခုရှိတယ်ဆိုလို့ အဲဒီထိပဲတန်းမောင်း သွားတော့ လမ်းဘေး တစ်နေရာမှာ ကားတွေ ၄-၅ ဆယ်စီးရပ်ထားပြီး လူတွေအုံကြည့်နေတာတွေ့တာနဲ့ ကျွန်တော်တို့ လည်း ကားရပ်ပြီးဆင်း လိုက်ကြပါတယ်။


                                            ကျေမွနေတဲ့ ကိုဥက္ကာတို့ကားလေး

မြင်ကွင်းကတော့ ကတ္တရာလမ်းမမှ ၁၀ပေခန့်အကွာ ၀ဲဘက်မြေကွက်လပ်မှာ တစ်စီးလုံး မြင်မကေါင်း အောင်ကြေမွနေတဲ့ ဆလွန်းကားတစ်စီးပါ။ အထဲမှာတော့သွေးစသွေးနအချို့ကလွဲရင် ဘာမှမရှိတော့၊ မမှတ်မိလောက်အောင် ပုံပျက်နေပေမဲ့ သတင်းအရတော့ ကိုဥက္ကာတို့ကားပါပဲ။ ကတ္တရာလမ်းမ ပေါ်မှာ တော့ သူနဲ့တိုက်မိ တယ်ဆိုတဲ့ ဘတ်(စ)ကားအစိမ်းကြီးကို လမ်းရဲ့ဝဲဘက်ခြမ်းမှာ ရပ်ထားတာ တွေ့ရ ပါတယ်။ သူတို့ ၂စီးကကိုက် ၈၀-၁၀၀ခန့်ဝေးတာမို့တိုက်မိစဉ်က အရှိန်အတော်ပြင်းမှာသေ ချာပါတယ်၊ ဘတ်(စ)ကားကြီး ကတတောင်ဆစ် အကွေ့တောင်ကုန်းပေါ်မှအဆင်း ဥက္ကာတို့ကါးကအတက်ပါ။ ဖြစ်စဉ်
မှာသူတို့ ၂စီး အပြင်ဆလွန်းကါးတစ်စီးရှိပါသေးတယ်။ (ကျွန်တော်တို့ ရောက်ချိန်မှာတော့ဆွဲ သွားပြီမို့မတွေ့ ရတော့ပါ) အဲဒီကားက ခရစ်ယန်တရားဟော ဆရာတစ်ယောက် မောင်းတာပါ။ သူကအရက်မူး နေတယ် ဆိုပါတယ်၊ ရဲဖက်ကအဆိုအရ အဲဒီတရားဟောဆရာက ပထမ ကိုဥက္ကာတို့ကားကို ကျော်တက်ရာ ကနေ ပြဿနာ စတာပါ၊ သူကမူးမူးနဲ့ ကျော်တက် ပြီးမှ ရှေ့မှာဆင်းလာတဲ့ ကားကြီးကိုတွေ့လို့သူ့လမ်းကြောထဲ ပြန် အ၀င်မှာဥက္ကာတို့နဲ့ ချိပ်မိပြီးရှုပ်ထွေး ကုန်ကာနောက်ဆုံးမှာတော့ ဘတ်(စ)ကြီးနဲ့ ကိုဥက္ကာတို့ ကါးတို့ ထိပ်တိုက်ဖြစ်သွားတာပါ။ ကားကြီးကသူတို့ရဲ့ယဉ်ကြောထဲရောက်နေတာပါ။ တရားဟော ဆရာကတော့
နဲနဲပါးပါးပဲ ဒဏ်ရာရသွားပါတယ်။
                                              တိုက်မိတဲ့ဘတ်(စ)ကြီး
ဆရာထိန်တို့ ကားလည်းမရှေးမနှောင်း မှာရောက်လာတာနဲ့ ကျွန်တော်တို့ လည်း မှတ်တမ်းတင်ဓါတ်ပုံ
၃-၄ ပုံ ရိုက်ပြီး ရှေ့ခရီးဆက်ခြဲ့ကပါတယ်။ သူတို့ကရဲစခန်း ကျွန်တော်တို့က Dr ဒေါ်ခင်မာအေး တို့ အိမ်ဆီပါ။ ဒီအချိန်မှာတော့ အလောင်းတွေအားလုံးလည်း TY ဆေးရုံရောက်နေပါပြီ။ သူတို့အိမ်မှာ ပဲနေ့ခင်းမှာ မြန်မာတွေပြန်ဆုံ Maseru ဆေးရုံအုပ်နဲ့ အခြားမြန်မာ တွေဆီ ဖုန်းနဲ့အကြောင်းကြား စီစဉ် စရာရှိတာ တွေစီစဉ်ပြီး ညနေစောင်း မှာအိမ်ပြန်လာ ဒီမှာကျန်ရစ်သူတွေကို ရှင်းပြရပါတယ်။ ဆေးရုံအုပ်က တော့ တာဝန်ကျေပါတယ်။ ကြားကြားခြင်းပဲ TY ကိုတက်လိုက် လာပါတယ်။ ကိုဥက္ကာမှာ သမီးတစ်ယောက်၊ ယောက္ခမ နဲ့ခယ်မတို့ ပေါင်း၃ယောက် ကျန်ရစ်ပြီး၊ ကိုစန်းလွင်ဦးရဲ့ မိသားစုကတော့ အားလုံးရန်ကုန်မှာပါ။

ဒါကတော့ လီဆိုသိုမှာကျွန်တော်တို့ မြန်မာတစ်စု အကြေကွဲရဆုံးဖြစ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့ နိဒါန်းအစ နေ့ပါပဲ။ ရှေ့လျှောက်လုပ်စရာတွေ တစ်ပုံကြီးပါ။ ဦးဆုံးလုပ်ရမှာက အလောင်းတွေ လှလှပပ မြေချဖို့ပါ။ ကျွန်တော်တို့မြန်မာ အားလုံးဒီမှာရှိတာမှ ဆရာဝန် မိသားစု ၆ခုပါ၊ ခုလိုအတွေ့ကြုံမျိုး ရှိခဲ့ဘူးတာလဲမဟုတ်၊ ကိုယ့်နိုင်ငံမှာလည်း မဟုတ်လို့ ဆိုင်ရာအထက်လူကြီးတွေဆီတင်ပြတော့၊ ကျွန်တော်တို့ ဆန္ဒရှိတာသာ ပြောပါ (အလောင်းတွေပဲ အိမ်ပြန်သယ်မလား၊ ဒီမှာပဲသင်္ဂြိုဟ်ချင်သလား) Ministry ကအစစ တာဝန်ယူပါ မယ် ဆိုလို့သာ ကျွန်တော်တို့ အသက်ရူချောင်သွားတာပါ။ Deputy Principle Secretary DPS (ဒုအတွင်း ၀န်) အမျိုးသမီး ကြီးကိုယ်တိုင်က ဈာပနကော်မတီဥက္ကဌ အဖြစ်ဆောင် ရွက်ပြီးလိုအပ် သမျှအကူညီတွေ ပေးပါတယ်။ ကျွန်တော်တို့ တောင်းလို့ ပေးတာ မဟုတ်ပါ။ (အတွင်းဝန်၊ ဆိုတာက ကျန်းမာရေးဝန်ကြီး အောက်တစ်ဆင့်နိမ့် ရာထူးပါ) သူမကိုယ်တိုင်က ဘာမှဟိတ်ဟန် မှမရှိ အသုဘအိမ်ကို နေ့စဉ်လိုရောက် လာတတ်ပြီး အခက် အခဲတွေ လိုအပ်တာတွေမေးလေ့ရှိပါတယ်။ (ဒီအချက်ကို ထိန်ချန်ထား မယ်ဆိုရင် ကျွန်တော်တို့ အဖို့သူတစ်ထူးရဲ့ကျေးဇူးတရား ကိုမသိတတ်ရာ ကျပါလိမ့်မယ်)

ကျန်ရစ်သူတွေ မိသားစုအားလုံးက ဒီမှာပဲမီးသင်္ဂြိုဟ်ချင်တယ် ဆိုတော့ ဒီနိုင်ငံ မှာမဖြစ်နိုင်လို့ တောင် အာဖရိကနိုင်ငံ ဘက်မှာသွားသင်္ဂြိုဟ် ရဖို့ဖြစ်လာပါတယ်။ ဒီအတွက်လည်း Ministry ကပဲနယ်စပ် ဖြတ်ကျော်ဖို့ စာရွက်စာတမ်း ကိစ္စအ၀၀ကို တာဝန်ယူလုပ်ကိုင်ပေးပါတယ်။ ဈာပနကိစ္စအ၀၀တွက် ကိုတော့ဒီမှာနာမည်အကြီးဆုံးဖြစ်တဲ့ MKM Burial Society Co. ကိုအပ်လိုက်ပါတယ်။ အလောင်းတွေ TY ကနေပြန်သယ်လာတာ ကစလို့၊ ၀တ်စားပြင်ဆင်တာ၊ အအေးခန်းမှာထားတာ၊ ပန်းခွေပန်းခြင်း၊ အခမ်း အနား ပြင်ဆင်တာ ၊ခေါင်းတွေဝယ် တာကအဆုံး အားလုံးကိုတာဝန်ယူ လုပ်ကိုင်ပေးလို့ ဘာမှလှည့် ကြည့်စရာမလိုပါ။ ကျွန်တော်တို့ စိတ်ကြိုက်ရွေးပြီး ကုန်ကျစရိတ်အ၀၀ကို သူတို့ကုမ္ပဏီနဲ့ ၀န်ကြီးဌာန တို့စာရင်းရှင်းရဖို့ပါ။ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ဘုန်းကြီးရဖို့တွက်တော့ လောလော ဆယ်မှာ တောင်အာဖရိက နိုင်ငံမှမြန်မာဘုန်းတော်ကြီးမရနိုင်လို့ တန်ဇန်းနီးယားနိုင်ငံ မှသီရိလင်္ကာဆရာ တော်ကိုပင့်ရပါတယ်။ (ကံကောင်းစွာပဲ ဒီဆရာတော်ကို ၂၀၀၈ မတ်လကမှ ဒီမှာရှိတဲ့ သီရိလင်္ကာကုန်
သည် တွေမှတဆင့်သိခဲ့ဘူးတာပါ)

                                          Memorial Service မှာတွေ့ရတဲ့ VIP များ
ဒါတွေနဲ့တင် မပြီးသေးပါ၊ ဒီမှာကအနောက်တိုင်းပုံစံမို့ သူတို့ထုံးစံကိုလဲလိုက်နာဖို့လိုပါသေးတယ်။ ဒါကတော့ Memorial Service ခေါ်အောက်မေ့ဘွယ်အခမ်းအနားပါ။ အဲဒီမှာထုံးစံအရသူတို့ရဲ့ ဂုဏ်ပုဒ်တွေကို ဖေါ်ထုတ် ချီးမွန်းယင်း သွားလေသူတွေတွက် နောက်ဆုံးအနေ နဲ့နှုတ်ဆက်ပွဲလို့ဆိုနိုင်ပါတယ်။ ဒီပွဲအတွက် မြန်မာ တွေအားလုံးက ကျွန်တော့ကို တစ်ညီတစ်ညွတ်တည်း တာဝန်ပေးလာပါတယ်။ ရှေ့ပိုင်းမှာ ဌာန ဆိုင်ရာ တွေဆီ အစီရင်ခံတဲ့စာတွေ၊ အကူညီတောင်းတဲ့စာတွေ အားလုံးကိုရေးခဲ့ရပြီး ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ မြန်မာများအဖွဲ့ရဲ့ ဥက္ကဌရာထူးနေရာမှာ လက်မှတ်တွေထိုးခဲ့ ရတာလည်းကျွန်တော်ပါပဲ။ အဲဒီစာတွေက အလုပ်သဘောအရ ရေးတာတွေမို့ သိပ်မခက်လှပါ။ ဒါပေမဲ့ ခုဟာကထင် သလောက် မလွယ်ပါ၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ် ရမှာကလည်း တစ်ယောက်တည်း တွက်မဟုတ်၊ အစကတော့ ကိုဥက္ကာ တစ်ယောက်တည်း တွက် ကိုယ့်ဆေးရုံမှာပဲ ဒီ service လုပ်မယ်ဆိုတော့ ဘာအရေးလဲ၊ (တော်တယ်၊ စေတနာ ကောင်းတယ်၊ အလုပ်ကြိုးစားတယ်) ချရေးရုံပေါ့။ ခုတော့ ၂ယောက် ကိုတစ်ပေါင်းတစ်စည်းတည်း တစ်ခမ်းတစ်နား လုပ်မှာဖြစ်ပြီး ၀န်ကြီးတွေ၊ UN အဖွဲ့၊ WHO အဖွဲ့၊ NGO အဖွဲ့စတဲ့ VIP တွေပါဖိတ် မှာဖြစ်လို့ ကျွန်တော်စာရေးရမှာကိုလက်တုန်နေမယ်ဆိုတာကို စာရှုသူတွေနားလည်သဘော ပေါက်နိုင် လိမ့်မယ်ထင်ပါတယ်။ ၂ယောက်ဆိုတော့ (ဒီလူလည်းတော်တယ်၊ ကြိုးစားတယ်၊ ဟိုလူလည်း တော်တယ်
ကြိုးစားတယ်) နဲ့တစ်ပုံစံတည်း သွားရေးလို့ကတော့၊ လုပ်ပွဲကြီးဖြစ်နေမှာ ဟာသကြီးဖြစ်နေမှာ သေချာ တာပေါ့။ ကျွန်တော်ဦးနှောက်အတော် စားသွားခဲ့ရပါတယ်။ ဒါပေမဲ့လိုလျှင်ကြံဆ၊ နည်းလမ်းရမဟုတ်ပါလား၊ နောက်ဆုံးတော့ ဦးနှောက်ကို ဖျစ်ညှစ်အကြံထုတ်လိုက်တာ အဆင်ပြေသွားပါတယ်၊ သူတို့တစ်ယောက်စီရဲ့ ထူးခြားချက်လေး တွေပေါ်မူတည်ပြီး တစ်မျိုးစီချ ရေးလိုက်တော့ အပ်ကြောင်း မထပ်တော့ပါ။

                                           Memorial service မှာ စကားပြောနေတဲ့ဦးနေဦး

ဒါနဲ့ ကိုစန်းလွင်ဦးအတွက် ကတော့ သူဟာအမိမြန်မာနိုင်ငံတော် မှာမြို့နယ်ဆရာဝန်အဖြစ် လုပ်သက် ရင့်ခဲ့ပြီးသူဖြစ် တဲ့အကြောင်း၊ သူဒီနိုင်ငံကိုရောက်ရာက်ချင်းမှာပဲ သူ့ကိုဆရာဝန်မရှိ တဲ့ ပေ ၁၂၀၀၀ ကျော်အမြင့်မှာရှိတဲ့ Mokhotlong ဆေးရုံလေး ကိုပို့လိုက်တာကို မညည်းမညူသွားခဲ့တဲ့အကြောင်း၊ သူရောက်သွားပြီးမှ မိခင်နိုင်ငံရဲ့အတွေ့အကြုံတွေကိုအသုံးချပြီး နေ့မအားညမအား ကြိုးစားမှုကြောင့် အဲဒီဝေးလံ ခေါင်းပါးအရပ်ကဆေးရုံလေးဟာ လူတွေအားကိုးအားထား လောက်စရာဆေးရုံဖြစ်လာ
တဲ့အကြောင်း၊ အပြင်ဘန်းအရတော့ သူဟာ စကားနည်းတဲ့ လူအေးတစ်ယောက် ဖြစ်ပေမဲ့ သူ့ရင် ထဲမှာတော့ အကြင်နာတရား အပြည့်ရှိတဲ့အကြောင်း၊ သူ့ကိုအကူညီတောင်း လာသမျှလူတွေကိုဘယ်
တော့မှငြင်းလေ့ မရှိတာမို့ နောက်ဆုံးသူ TY ဆေးရုံကိုတာဝန်အရ ပြောင်းသွားပေမဲ့ ယခုထက်တိုင် မြို့ခံတွေက Compassionate hard worker (အကြင်နာတရားပြည့်ဝပြီးအလုပ်ကိုကြိုးစားသူ) တစ်ယောက်အနေနဲ့သူ့ကိုအစဉ် သတိရနေကြောင်း။

ကိုဥက္ကာအတွက်ကတော့ အရိုးအထူးကု ဆရာဝန် တစ်ယောက်အနေနဲ့ သူဟာလူမှုရေးအရ ဘယ်သူ နဲ့မဆိုအပေါင်းသင်း ဆန့်တဲ့အကြောင်း အလုပ်ကိုတန်ဘိုးထား ကြိုးစားလုပ်ကိုင်တတ်တဲ့ အကြောင်း၊ သူမို့လို့ခွဲစိတ်ခန်းထဲ ၀င်လာလျှင် သူ့လည်ပင်းမှာကော ခါးမှာပါ ပစ္စည်းတွေချိပ် လက်ထဲမှာလည်း မအားရ အိပ်နဲ့အပြည့် ပစ္စည်းတွေပါလာတတ်တဲ့အကြောင်း၊ ဒီပစ္စည်းတွေက ခွဲစိပ်ရာမှာအသုံးလိုတဲ့ ၀က်အူ လှည့်တို့လို ပလာယာတို့လို အသေးသုံးပစ္စည်းတွေ ကနေ လျှပ်စစ်လွန် electric drill အထိပါ တတ် ကြောင်း၊ ဒါတွေအားလုံးကို သူ့အိပ်ထဲမှ စိုက်ဝယ်တာ တွေဖြစ်ကြောင်း၊ လူနာတွေ ပေါ်စေတနာ အပြည့် ထားကြောင်း၊ သူ့အိမ်မှာဆိုရင်လဲ မြန်မာတွေအားလုံး ရဲ့စုဝေး၇ာနေရာဖြစ်ကြောင်း၊ Centre of the
Burmese Community လို့တင်စားလိုက်ပါတယ်။ သူ့မိန်းမ ၀ိုင်းဝိုင်းဆိုတာ ကလည်း သူနဲ့လိုက်ဖက်ညီစွာ မငြီးမငြူ ချက်ပြုတ်ကျွေးမွေး တတ်တာမို့ မြန်မာတွေတင်မက အခြားလူမျိုးခြားတွေပါ ဆုံစည်းရာ နေရာ ဖြစ်ကြောင်း။.....စတာတွေပေါ့။
ဒါတွေက အပိုအလိုတစ်ခုမှမပါ မှန်တာတွေချည်းပါ၊ (နောက်ဆက်တွဲ အနေနဲ့) တရားသဘော နဲ့ကြည့်
မယ်ဆိုရင် ဖြစ်လာသမျှ အားလုံးဟာတစ်နေ့ ပျက်ရမှာဓမ္မတာမို့ ဖြေနိုင်ပေမဲ့၊ ခုဟာက အသေစောလွန်း
လို့နှမျောမိ တဲ့အကြောင်း၊ စုစုပေါင်းမှ ၂၀သာသာရှိတဲ့ မြန်မာ တွေအတွက် ဘယ်လိုမှအစားထိုးမရတဲ့ ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ကြောင်း၊ ရေးလိုက်ပါတယ်။

မေလ ၃၁ရက်နေ့နံက်မှာ အောက်မေ့ဘွယ်အခမ်းအနား လုပ်ပြီး ဇွန်လ ၂ရက်နေ့မှာ သူတို့ကို တောင် အာဖရိကိုင်ငံ Bloemfontein မြို့မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ (အကြောင်းမညီညွတ် လို့ ဒီပွဲ၂ခုလုံး ကို ကျွန်တော်မလိုက်နိုင်ခဲ့ပါ) Memorial Service ကိုတော့ ဒီနိုင်ငံ Maseru မြို့မှာပဲ မီးမှိန်မှိန်ထွန်းထားတဲ့ MKM ခန်းမကြီးမှာ လွမ်းဆွေးစဘွယ်ကျင်းပခဲ့တာပါ။ ကျန်းမာရေးဝန်ကြီး၊ PS, ညွှန်ချုပ်၊ ဆေးရုံအုပ် သူနာပြုအုပ်၊ တို့အပြင် UN, WHO, NGO.....အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ လုပ်ဖေါ်ကိုင်ဖက်ဆရာ
ဆရာမတွေ၊ စုံစုံညီညီ တက်ရောက်ပြီး ၀မ်းနည်းစကားတွေပြောကြပါတယ်၊ ပရိဿတ်ကတော့ ခန်းမ အပြည့်ပါပဲ၊ ကျွန်တော်တို့မြန်မာအဖွဲ့ကိုယ်စား Dr ဦးနေဦးက ကျွန်တော့စာကိုထွက်ဖတ်ပြီး၊ ဆေးရုံအုပ်က သဘောကျလို့ အများနားလည်အောင် သူတို့ဘာသာကိုပြန်ပေးပါတယ်။ တောင်အာဖရိကနိုင်ငံ မှမြန်မာ တွေကိုယ်စား Dr ဦးသိန်းဝင်းက ထွက်ပြောပါတယ်။ အသုဘနေ့ မှာတော့ VIPတွေမပါတော့ပဲ ဆရာတော်
နဲ့ မိတ်ဆွေ အပေါင်းတစ်စု သာအေးဆေးစွာ တစ်ဘက်နိုင်ငံကို လိုက်ပို့ကြပါတယ်။ ဒီအတွက်ဆေး၇ုံမှ ဘတ်(စ) တစ်စီး ကူညီပါတယ်၊ ဒါတွေတင်မက သေးပါဘူး အသုဘရက်တစ်ပတ်လုံးတွက် ကျန်ရစ်သူ မိသားစုနဲ့အည့်သည်တွေ စားဖို့သောက်ဖို့ကိစ္စအ၀၀ကိုပါ ဆေးရုံမီးဖိုမှစီစဉ်ပေးပါသေးတယ်။

                                  ၂၀၀၈ မေလဆန်း ကဆုန်လပြည့်နေ့မှာ မြန်မာတချို့အမှတ်တရ
                                   (၀ဲ-ယာ၊ ဒု နှင့် တတိယ၊ကိုဥက္ကာတို့စုံတွဲ၊  ယာအစွန်ဆုံး၊ ကိုစန်းလွင်ဦး)

၂၀၀၈ စက်တင်ဘာလ ၂၇ ရက်နေ့မှာ DPS နဲ့ ဆေးရုံအုပ်တို့ ကိုယ်တိုင် Maseru လေဆိပ်မှာ ကျန်ရစ်သူ ကိုဥက္ကာတို့မိသားစုကို သွားရောက်ပို့ ဆောင်နှုတ်ခဲ့ကြပါတယ်။



ဖြစ်စဉ်တစ်ခု လုံးကိုပြန်လည်သုံးသပ် မယ်ဆိုရင်တော့ လီဆိုသိုမှာ ကျွန်တော်တို့မြန်မာတွေ အားလုံးတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးတစ်ခုပါ၊ ဒီနေရာမှာ လီဆိုသိုအစိုးရရဲ့ ကူညီပန့်ပိုးမှုတွေသာ မရခဲ့ရင်တော့
ခုလိုခန်းခန်းနားနား ဈာပနတစ်ခုဖြစ်လာဖို့ ဘယ်လိုမှလွယ် တဲ့ကိစ္စမဟုတ်ပါ။ အစိုးရမှ အလောင်းတွေပြာကျ တဲ့ထိတာဝန်ယူခဲ့ တဲ့ပြင် ကိုဥက္ကာတို့မိသားတစ်စုလုံး အိမ်ပြန်စားရိတ်ကိုပါ ထုတ်ပေးပါတယ်။
အမှန်တော့ ခုကိစ္စက တာဝန် ထမ်းဆောင်ယင်း ဖြစ်တာမဟုတ်လို့ သူတို့မှာဘာတာဝန်မရှိသလို၊ ကိုဥက္ကာ ရဲ့ ယောက္ခမနဲ့ခယ်မတို့ ကလဲ ဘာခံစားခွင့် ရှိသူတွေမှမဟုတ်ပါ၊ ဒါကိုပဲရက်ရက်ရောရော ကြင်နာမှု အပြည့်နဲ့ပေးခဲ့တာပါ။ ဒါတွေဟာ အကြောင်းမဲ့တိုက်ဆိုင်မှု တော့မဟုတ် တန်ရာပါ၊ ပြောရမယ်ဆိုရင်တော့ ဒီနိုင်ငံမှာ ကျွန်တော်တို့မြန်မာ ဆရာဝန် တွေက အလုပ်ကြိုးစားတယ်၊ စေတနာထားတယ်၊ အနစ်နာခံတယ်
ဆိုပြီးနာမည်ရကြပါတယ်၊ ဒါကြောင့်မို့ စေတနာ ရောင်ပြန်ဟတ်တာ ဆိုရင်ပိုမှန်လိမ့်မယ် ထင်ပါတယ်။

စိုးမြင့်-မေ့ဆေး
ခေတ္တ Maseru
Kingdom of Lesotho
6 Mar 2010

13 မှတ်ချက်:

ko 9

ဆ၇ာေ၇,
အကြာကြီးစောင့်၇ပြီး
ဝမ်းနည်းစ၇ာတွေဖတ်၇လို့
စိတ်မကောင်းပါကြောင်း

မြသွေးနီ

ဆရာကြီးရှင့်..

ရပ်ဝေးမြေခြားမှာ မြန်မာတွေ စည်းစည်းလုံးလုံး နဲ့ရှိတာ တကယ့်ကို ချစ်စရာဓလေ့လေး ပါနော်။ ဆုံးပါးသွားသူတွေ အတွက်လည်း စိတ်မကောင်းမိ ပါဘူးရှင်။ ဆရာကြီး ပို့စ် ထဲက Dr.အေးအေးပြုံး က ကျွန်မတို့ရုံးမှာ အတူ လုပ်ခဲ့ဘူးတဲ့ ၀ိုင်း..ရဲ့ အစ်မပါ။ ဆရာကြီး ရန်ကုန် ရောက်တုန်း ကျွန်မတို့ ရဲ့ ရုံးကို မအေးအေးပြုံးနဲ့ အတူလာခဲ့ဘူးတာမှတ်မိ နေပါ တယ်ရှင်။ ရွှေရည်လို့ပြောရင် မအေးအေးပြုံး သိပါတယ်ရှင်။ ဆရာကြီး ကျန်းမာချမ်းသာဖို့ ဆုမွန် တောင်းလျှက်ပါ။

လေးစားစွာ..
မြသွေးနီ

Unknown

dear doctor,,
i feel sad!!!
u too take care!
all the best^^

စိုးမြင့် (မေ့ဆေး)

Ko Naing
ဘ၀ဆိုတာ ၀မ်းသာစရာတွေ ရှိသလို ၀မ်းနဲစရာတွေ ရှိတတ် စမြဲမို့ပါ။

စိုးမြင့် (မေ့ဆေး)

မြသွေးနီ
သိကျွမ်းရတာဝမ်းသာပါတယ်၊ တကယ်တော့ ကမ္ဘာကြီး ကကျဉ်းကျဉ်းလေး ပါပဲနော်၊ မအေးအေးပြုံးကို လဲ forward လုပ်လိုက်ပါမယ်။ ကျေးဇူးတင်လျက်။

စိုးမြင့် (မေ့ဆေး)

Mary
Thanks for your advice.

shwezinu

ဆရာရေ

ပထမဆုံး လာဖတ်ခဲ့တဲ့ ဆရာရဲ့ ပိုစ်မှာ ဝမ်းနဲ စရာတွေ ဖတ်ရတဲ့ အတွက် စိတ်မကောင်း ဖြစ်ရပါတယ်.. လူတယောက် ရဲ့ အမှား အတွက် လူသုံးယောက် စတေးလိုက်ရခြင်း အတွက် အထူး ဝမ်းနဲ ရပါတယ်

လေးစားစွာဖြင့်
ရွှေစင်ဦး

Unknown

ဆရာရယ်..ကြားရတာ ၀မ်းနည်းလိုက်တာဗျာ.. ကျွန်တော်တို့လဲ အမိမြေနဲ့ ဝေးနေတဲ့သူတွေမို့ ရင်ထဲမှာ ထိထိခိုက်ခိုက် ခံစားရပါတယ်။ ဘ၀ဆိုတာ ဒီလိုဘဲလေ..မွေးလာပြီးတဲ့နောက် သေဘို့ဘဲ ရှင်သန်လှုပ်ရှား ရုန်းကန်နေကြရတာပါ။ ဒါပေမဲ့ အဘိုးတန်လူသားတွေမို့ နှမျောတသ ကြေကွဲရပါတယ် ဆရာ..ကောင်းရာဘ၀ ရောက်ကြပါစေ..

စိုးမြင့် (မေ့ဆေး)

shwezinu & ngwe :
မျှမျှတတ ပြောရရင်တော့ မူးမောင်းပြီးကျော်တက်တဲ့ တရားဟောဆရာ၊ မဆင်မခြင်မောင်းဆင်းလာပြီး သူများယဉ်ကြော ထဲဝင်သွားတဲ့ ဘတ်ကားဆရာ၊ ဘာအတွေ့ကြုံမှမရှိတဲ့ မ၀ိုင်းဝိုင်းကိုမှ တောင်ပေါ်လမ်း မောင်းခိုင်းတဲ့ ကိုဥက္ကာ၊ အားလုံး ပေါင်းစုံမိတော့ ခုလို ကြေကွဲစရာ ဖြစ်လာရတာပါ။
ဖြစ်တဲ့နေရာက မြေပြန့်မို့ အတွေ့ ရှိသူတာဆိုရင် ကားကြီးကိုထိပ်တိုက်တွေ့မဲ့ အစား လမ်းဘေးထိုး ချလိုက် ရင်ခုလောက် မဆိုးနိုင်ပါ။ အပြစ်တင်တဲ့သဘော မဟုတ်၊ သင်ခန်းစာယူဖို့သက်သက်ပြောတာပါ။

စိုးမြင့် (မေ့ဆေး)
This comment has been removed by the author.
amk

ဒီပို့ ကိုဖတ်ရတာ စိတ်မကောင်းပါဘူးခင်ဗျာ ခုမှရောက်လာပေမဲ့  အကုန်ဖတ်သွားပါတယ်ခင်ဗျာ

ဂျစ်တူး ( မုံရွာ )

ဒေါက်တာအကိုကြီး-
ကျန်းမာပါစေမင်္ဂလာပါခင်ဗျား-
စာအကြွေးတွေလာဆပ်သွားပါသည်ခင်ဗျား-
ဂျစ်တူးဘလောက်ကလေးမှာလာပြီးစာပေဟောပြောပွဲလာ
နားထောင်အားပေးပါအုံးလို့ ဖိတ်ခေါ်လိုက်ပါသည်ခင်ဗျား-
လေးစားစွာဖြင့်-
ဂျစ်တူး(မုံရွာ)

mon

ဆရာ
အမှန်တရားကိုဝေဖန်သုံးသပ်တတ်မှရှေ့လျှောက်ဆင်
ခြင်းလို့ရမှာပါ။ဆရာသုံးသပ်ချက်ကိုအလေးထားပါတယ်။
ဘာပဲဖြစ်ဖြစ်ကံကြီးပဲပုံချလို့မရေသေးဘူး။ သတိဆိုတာပို
တယ်မရှိဘူးပေါ့။
အစဉ်လေးစားလျက် ( အေးမြတ်မွန် )

Soe Myint (Anaesthesia)  ©2009

Back to TOP