၂၀၁၃
နီုဝင်ဘာလ ၁၅ရက်နေ့ နံနက် ဂနာရီခွဲ မှာ Air Mandalay လေကြောင်းနဲ့ကျွန်တော်တို့အဖွဲ့
မန္တလေး ရောက်ပြန်ပါတယ်။ ကျွန်တော်တို့အဖွဲ့ ဆိုတာကအီတလီမှလာတဲ့ Dr Chan ဦးဆောင်တဲ့
ခွဲစိတ်အဖွဲ့ပါ။ မေ့ဆေးဆရာဝန်တွေအနေနဲ့ Dr ဒေါ်နှင်းအေးခိုင် (ဘရူနိုင်း နိုင်ငံမှ အပြီးပြန်လာသူ)
Dr ဒေါ်ခင်ပြုံးညွန့် (မလေးရှားမှ အပြီးပြန်လာသူ) နဲ့ကျွန်တော် (အာဖရိကပြန် ဆိုပါတော့)တို့
ပါ၊ ကျွန်တော်တို့သုံးယောက်စလုံးက ဆေးကျောင်း တုန်းကတည်းက တစ်တန်းတည်းထွက်၊ ပြောမနာ
ဆိုမနာ တွေဆိုရင်မမှားပါဘူး။ နောက်အစစအားကိုးရတဲ့ Dr ချန်းရဲ့တပည့်ကျော်ကြီး ပန်းလှိုင်ဆေးရုံက
ကိုဌေးဝင်း လည်းပါပါသေးတယ်။ ရည်ရွယ်ချက်က စစ်ကိုင်းတောင်ရိုးက ၀ါးချက်သံဃ ဆေးရုံမှာသွားရောက်
ခွဲစိတ်မှုတွေလုပ်ဖို့ပါ။
Dr Chan နှုတ်ဆက်စကားပြောနေစဉ်
Robin
Chan ဆိုတာက အီတလီ မှလာသူဖြစ်ပေမဲ့၊ အီတလီလူမျိုးမဟုတ်ပါ။ မြန်မာနိုင်ငံသားစစ်စစ် ရှမ်းပြည်မြောက်ပိုင်း
မှာမွေးဖွား ကြီးပြင်းခဲ့သူပါ။ ဒါပေမဲ့ သူက FRC နိုင်ငံခြားသားမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့
သူဖြစ်နေလေတော့ သူမက်ထရစ် အောင်တဲ့အချိန်မှာ
(အဲဒီတုန်းကဥပဒေအရ) သူအင်မတန်ဝါသနာပါတဲ့ ဆေးပညာ (ဆရာဝန်) လိုင်းမတက်နိုင်တော့။ သူ့အဖေရဲ့
စီးပွါးရေး လုပ်ငန်းတွေလည်း အဲဒီတုန်းကဥပဒေအရ ပြည်သူပိုင် အသိမ်းခံရတဲ့အထဲ ပါသွားလေတော့၊
ဒီနိုင်ငံမှာ
သူ့အဖို့ရှေ့ဆက်စရာ ဇာတ်က်လမ်းမရှိတော့။ အကြီးအကျယ် စိတ်ပျက် လက်ပျက်နဲ့ လက်ထဲမှာ ဒေါ်လာ
လေး ခုနှစ်ဆယ်နဲ့ ဟောင်ကောင်ကိုရောက်သွားခဲ့သူပါ။ အချိန်ကတော့ ၁၉၆၅ ခုနှစ်ပါ၊ မဆလခေတ်ပေါ့။
သူကံကောင်းထောက်မ
စွာနဲ့ဟောင်ကောင်မှာ ရိုမန်ကက်သလစ် ဖုန်းတော်ကြီး (ဖာသာ) တစ်ပါးနဲ့ အဆက်သွယ် ရရှိသွားပါတယ်။
အဲဒီ ဖာသာကြီးက ပဲသူကဆရာဝန် ဖြစ်ချင်တယ်ဆိုလို့ သူ့ကိုအီတလီပို့ပေးလိုက်တာပါ။ အီတလီရောက်တော့
သူအတော့်ကို ဒုက္ခရောက်ပါတယ်၊ ချို့ချို့တဲ့တဲ့ နဲ့ စာကြိုးစားသင်ရတာပါ၊ ဒီအထဲ သူတစ်ခါမှ
မကြား ဖူးတဲ့ အင်္ဂလိပ် မဟုတ်တဲ့ ဘာသာစကား အခက်အခဲ ကလည်းရှိနေလေတော့၊ သူသိပ်မချောင်ပါ။
ဒါနဲ့ နောက်ဆုံးမှာ သူ့ရဲ့ ဆင်းရဲပင်ပန်း ဒုက္ခခံကြိုးစားမှုကြောင့်ဆရာဝန်ဖြစ်လာတာပါ။
လွယ်လွယ်တော့ မဟုတ်ပါ။
တီဗွီ
ဖန်သားပြင် အကူညီဖြင့်ခွဲစိတ်နေစဉ်
သူဆရာဝန်
ဖြစ်ပြီးအတော်ကြာမှ မြန်မာနိုင်ငံကို အလည်ပြန်ရောက်တာပါ။ အဲဒါက လွန်ခဲ့တဲ့ ၈နှစ်လောက်ကပါ။
ပထမတော့ သူက ပန်းလှိုင်ဆေးရုံ မှာလာပြီး ယနေ့ကမ္ဘာပေါ်မှာခေတ်စား နေတဲ့ ခေတ်မီခွဲစိတ်မှု
(အထူးသဖြင့် သည်းခြေကျောက်တည်ရောဂါ) တွေကို အီတလီမှ ခွဲစိတ်အထူးကု ဆရာဝန် တစ်ယောက်အနေနဲ့
အလုပ်လာလုပ် ယင်းဝင်ငွေရယူတာပါ။ သူအမိမြေကို ပြန်ရောက်လာတော့ ပြည်သူတွေ ဆင်းရဲကြပ်တည်း
နေတာ၊ ဆေးကုသစရိတ်က လိုက်မမှီအောင်ဖြစ်နေတာ တွေတွေ့ရတော့၊ သူတစ်ချိန်က စိတ်နာနာနဲ့
ထွက်ခွါသွားခဲ့ရတဲ့ မြေဖြစ်ပေမဲ့ သူမျက်ကွယ်မပြုနိုင်တော့ပါ။ (ဘယ်လောက်ထိအောင် စိတ်နာခဲ့
သလဲဆိုတော့ သူ့ပြောပြချက်အရ ဆိုရင် မြန်မာအ၀တ်အစားတွေ၊ အသုံးအဆောင်တွေ၊ တောင်သူကြည့်မရ
လောက်အောင် ဖြစ်သွားခဲ့ပါတယ်တဲ့) ခုတော့ သူ့ပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေကို ကူညီမယ်ဆိုတဲ့ဆုံးဖြတ်ချက်
ချပြီး နည်းလမ်းတွေရှာလိုက်တာ နောက်ဆုံးတော့ စစ်ကိုင်း တောင်ရိုးက " ၀ါးချက် ဆေးရုံ"
နဲ့အဆက်အသွယ်ရသွား တာပါ။
ဆရာတော်
ဥူးလက္ခဏ ဆိုတာ ကလည်း သူ့လူနာတွေ အကျိုးတွက်ဆို ဆရာဝန်တွေကို ဘယ်လိုပဲ ကူရကူရ ဘယ်လောက်ပဲကုန်ရ
ကုန်ရ ဆိုတဲ့သဘော ရှိလေတော့ အဲဒီမှာ သူ့ခွဲစိတ်မှုတွေတွက် လိုအပ်တဲ့ ခွဲခန်းမျိုးနဲ့
ပစ္စည်းကရိယာတွေတွက် Robin တိုယ်တိုင်ကပဲ လူနဲ့ ငွေစိုက်ထုတ်၊ ပြည်ပကစေတနာရှင်တွေ (အထူးသဖြင့်
ၾသစေတ်လ်)နဲ့ ပြည်တွင်းက မိတ်ဆွေအချို့ တွေဆီကအလှူခံယင်း အကောင်ထည် ဖေါ်လိုက်တော့၊ ယနေ့
ဝါးချက် ဆေးရုံမှာ သူ့ကျေးဇူးကြောင့် ခေတ်မီခွဲစိတ်ခန်း တစ်ခုမှာ Laproscope ခေါ်တဲ့
ကိရိယာတွေရှိနေပါပြီ။ ပေါ့သေးသေးတော့မဟုတ်ပါ၊ ကျပ်ငွေသိန်းပေါင်း ရာနဲ့ချီပြီး တန်ပါတယ်။
ဒီနေရာမှာ
သာမန်လူများနားလည်အောင် ရှင်းပြရရင်တော့၊ ဒီကိရိယာက ၀မ်းဗိုက်ထဲမှာ လိုအပ်တဲ့ခွဲစိတ်မှု
တွေကို ဗိုက်ကြီး တစ်ခုလုံး ဖွင့်စရာမလိုပဲ အဓိက အပေါက်လေး နှစ်ပေါက်သာ ဖေါက်ဖို့လိုပါတယ်။
ပထမ ချောင်းကြည့်ပေါက်အသေးလေး ကနေ တီဗွီကင်မရာ တပ်ဆင်ထားတဲ့ မှန်ပြောင်းလေး ထိုးသွင်း၊
နောက်တစ်ပေါက်ကနေ ခွဲစိတ်ကိရိရာ (ဒါးကပ်ကျေးလေး စသဖြင့်) လေးတွေ ထည့်သွင်းပြီး ခွဲစိတ်ဆရာဝန်က
တီဗွီဖန်သားပြင် ပေါ်ပုံကြီ.ချဲ့ကြည့်ပြီး ခွဲစိတ်နိုင်တာပါ။ Key hole surgery (သော့ပေါက်ခွဲစိတ်မှု)
လို့လည်းခေါ်ပါတယ်။ သမရိုးကျ ဗိုက်ခွဲမှုလို အကြီးအကျယ် ဗိုက်ခွဲစရာ မလိုပဲကိစ္စပြီးနိုင်တာမို့၊
မိမိမှာမလွဲသာလို့ အခွဲခံရသည့်တိုင် လူတိုင်း
ဒီလိုမျိုးအခွဲခံလိုကြမှာ သေချာပါတယ်။ ဒဏ်ရာနဲ့ အနာသက်သာတာကိုး။
ဒါပေမဲ့
အပြောလွယ်သလောက် လက်တွေ့ကမလွယ်ပါ၊ Key hole surgery တစ်ခုလုပ်ဖို့ရာမှာ ဒီလိုတန်ဘိုး
ကြီးလှတဲ့ စက်ကိရိယာတွေ ရှိဦးတော့ ကိုင်တတ်ခွဲတတ် ပစ္စည်းတွေ ထိန်းသိမ်းတတ်ဖို့လိုပါသေးတယ်၊
တတ်ရုံနဲ့လည်းမပြီးသေး၊ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု မရှိလို့ ကတော့ ....... မခွဲတာကပိုကောင်း
လိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် မို့ကျွန်တော်တို့ဆီမှာ ရန်ကုန် နဲ့ မန္တလေး မှာပင် လက်ချိုးရေနိုင်တဲ့
တတ်ကျွမ်းသူ ခွဲစိတ်ဆရာဝန် အချို့မှအပ၊ သော့ပေါက် ခွဲစိတ်မှုမလုပ်နိုင်ပါ။ လူနာက တတ်နိုင်တယ်ထားဦး
ကုန်ကျစားရိတ် အတော်များပါတယ်၊ ၁၇သိန်း၊ သိန်း ၂၀ မကုန်ပဲ မရနိုင်ပါ။ (တတ်နိုင်သူအချို့
သာပြည်ပထွက်ကုနိုင်တာပါ) ဒီနေရာမှာ ဆရာ Robin ရဲ့ကျေးဇူး ကြီးလှပါတယ်၊ ဆေးရုံရယ် စက်တွေရယ်
ပြုစုပြိုးထောင်၊ လူပါစိုက်တဲ့အပြင်၊ ဒီကဆရာဝန်တွေကိုပါ သူ့ဆီခေါ် သင်ပြပေးနေတာပါ။ သူတစ်ပြားမှ
ယူတာမဟုတ်ပါ။ ဒီဝါးချက်မှာတော့ လူနာတစ်ယောက် အဖို့ ငါးသိန်း၊ ခြောက်သိန်းခွဲ လောက်သာ
ကုန်ကျပါတယ်။ ဒီငွေတွေကလည်း ဆေးရုံအတွက် အလှူပါ။ ကြုံကြိုက်လို့ ပြောရရင် သူ ပန်းလှိုင်ဆေးရုံမှာ
ရှာလို့ရတဲ့ ငွေတွေကလည်း သူအထောက်ပံ့ ပေးထားတဲ့ ဆေးကျောင်းသား တစ်ချို့ တွက်သုံးတာပါ။
သူ့စေတနာတွေပေါ့။
ခုကျွန်တော်တို့
မေ့ဆေးဆရာဝန် သုံးယောက် ၀ါးချက် ပါလာတာ ကလည်း စေတနာ့ဝန်ထမ်းသက်သက် သူ့ကိုကူညီဖို့ပါ။
သူ့လူနာတွေမေ့ဆေးပေးဖို့ပါ။ Dr ညီညီထွန်း၊ သက်နိုင်ထွန်း၊ နေမင်းနိုင် စတဲ့ မန္တလေး ဆေးရုံကြီးက ခွဲစိတ်ဆရာဝန် တချို့လည်း
လာကူလုပ်ပေးယင်း သင်ယူကြပါတယ်၊ ကျွန်တော်ကိုယ်တိုင် လည်းသူနဲ့တစ်ခါမှမဆုံ ဘူးလို့၊
ဒီခွဲစိတ်မှုမျိုးလည်းတစ်ခါမှမမြင်ဘူးသေးလို့ ကြိုးစားပြီး လိုက်ခဲ့တာပါ၊ အမှန်တော့
ကျွန်တော်ကိုယ်တိုင်လည်းအခွဲစိတ်ခံထားရတာမကြာသေး နာလန်ထစရှိပါသေးတယ်။ ကျွန်တော့ကို
အားပေးပြီး ခေါ်ခဲ့တဲ့သူငယ်ချင်း နှစ်ယောက်ကို လည်းကျေးဇူး အထူးတင်မိပါတယ်။
ကျွန်တော်တို့
ဒီဆေးရုံမှာ နေခဲ့တဲ့ တစ်ပတ်မှာ ခြောက်ရက် မနားတမ်း (နံက် ၈နာရီမှ ညနေ ၆၊ ၆ နာရီခွဲတိုင်)
လုပ်ကြရတာပါ၊ အချို့ရက်တွေမှာဆို ကျွန်တော်တို့နံနက်စာကိုပင် အလှည့်ကျစားရတာပါ၊ ဆရာချန်းကလည်း
ကျွန်တော်တို့ အလုပ်ပါးလို့ဆိုပြီး ထိုင်နေတာမျိုး သိပ်ကြည့်လို့ရသူမဟုတ်ပါ။ နောက်ဆုံးနေ့
နိုဝင်ဘာ ၂၁ရက်နေ့ကျမှသာ ကျွန်တော်တို့ကို မေမြို့ မှာနံနက်စာ သူကျွေးယင်း အပန်းဖြေ
အလည်သွား ရတာပါ။ ခွဲခန်းကဆရာမ တွေ ၀န်ထမ်းတွေ လည်း အတော်ပင်ပန်းကြပါတယ်၊ ဘာပဲပြောပြော
ကျွန်တော်တို့ ပျြော်ကပါတယ်။ "ပီတိစား အားရှိ" ဆိုတာ ဒီအလုပ်မျိုးဖြစ်ပါလိမ့်မယ်
ဆိုတာကြုံဘူးမှသိပါလိမ့်မယ်။
ဒီအထဲမှာ
အတက်ကြွဆုံးက ဆရာချန်းကိုယ်တိုင် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ တစ်ကယ်တော့ ပြီးခဲ့တဲ့
မေလတုန်း ကတဲက သူစစ်ကိုင်း ရောက်လာဖို့ပါ၊ ဒါပေမဲ့ အဲဒီတုန်းက လာခါနီးမှ သူကိုယ်တိုင်
နှလုံးရောဂါ ထ၊ ဖေါက်လို့နှလုံး အခွဲစိတ်ခံလိုက်ရတာနဲ့ မလာဖြစ်ပဲ ခုမှရောက်လာတာပါ။
သူ့နှလုံးအခွဲခံ ထားရတာမှ ခြောက်လ ပဲရှိသေးတယ် ခုဒီမှာသူတက်တက်ကြွကြွနဲ့ လူငယ်လေးတစ်ယောက်
အလား လှုပ်ရှားနေတာမြင်ရတော့ သူ့စိတ်စေတနာကို မချီးမွန်းပဲမနေနိုင် အောင်ဖြစ်မိတာတော့
အမှန်ပါပဲ။ နှစ်စဉ် တစ်နှစ်ကို ၂ကြိမ် ၃ကြိမ် နဲ့သူဒီလာလုပ်နေ ခုဆို ၆နှစ် ၇နှစ် ရှိနေပါပြီ၊
သူနာမည်မကြီးချင်ပါ။ ငွေလည်းမရှာပါ။
ကျွန်တော်တို့
ကြိုးစားမှုရဲ့ ရလဒ်ကလည်းမနည်းပါ၊ သူ့အဓိက အလုပ်ဖြစ်တဲ့ သည်းခြေအိပ် ကျောက်ခွဲထုတ်ရတဲ့လူနာ
ကအများဆုံး၊ ၁၁ ယောက်ရှိပါတယ်၊ ကျန်တာတွေက လည်ပင်းကြီး၊ အူကျ၊ ရေမုတ်၊ ဘုရင်ဂျီနာ၊
သွေးကြောထုံးနာ စတာတွေကလည်း စုစုပေါင်း ၃၅ ယောက်မို့ မနည်းပါ။ ခွဲစိတ်ဖို့မလိုပဲ ဆေးနဲ့ကုသပေးတဲ့လူနာတွေလည်းရှိပါသေးတယ်။
လူနာတွေကတော့ မန္တလေး ၀န်းကျင်ကတင်မက ရှမ်းပြည်ဘက်ကလာတာတွေလည်း မနဲပါ။ ဒီလူနာတွေဆီက
ဆေးရုံတွက် ရံပုံငွေကျပ် ၆၂သိန်းကျော် ကိုလည်းရှာပေးနိုင်ခဲ့ပါတယ်။ ဒီရလဒ်အတွက် ၀ါးချက်မှာရှိတဲ့
ဆရာတော်၊ ဆေးရုံအုပ်၊ အမှုဆောင်အဖွဲ့က အစ၊ ဆရာ၊ ဆရာမတွေ အလည်၊ အလုပ်သမားတွေ မီးဖိုဆောင်က
ဝန်ထမ်းတွေ အဆုံး ကျေးဇူးရှိပါတယ်။ ကြုံကြိုက်လို့ပြောပြရရင်တော့ ဒီမီးဖိုဆောင် ဆောင်က
ဟင်းချက်အလွန်ကောင်းပါတယ်၊ စေတနာကလည်းကောင်းလို့ပါ။ ကျွန်တော်တို့ စားမကောင်းမှာကို
သူတို့အတော် စိုးရိမ်ရှာပါတယ်။
သူကဒါလောက်နဲ့တင်မကျေနပ်နိုင်သေးပါ။
ကျွန်တော်တို့ဆီမှာ ခုအတော်အဖြစ်များလာနေတဲ့ အစာအိမ်ကင်ဆာတွက် ရောဂါနုတုန်းကတဲက ရှာဖွေခွဲထုတ်နိုင်တဲ့ခေတ်မီ
Gastroscopy & Gastrostomy စတဲ့ကိရိယာ တာတွေကို ဒီဆေးရုံရောက်အောင် သူကြိုးစားပြီး
အလှူခံငွေစု နေပါတယ်၊ ဒါကလည်း ကျပ်ငွေ သိန်း ၈၀၀ ဆိုလား၊ နှုတ်ဆက်ပွဲမှာသူပြောနေပါတယ်၊
သူကတော့ဖြစ်အောင်လုပ်မဲ့လူပါ၊ သေချာပါတယ်။
ခွဲခန်းအဖွဲ့ဝင် ဆရာ ဆရာမ များ
သူလိုလူမျိုးတစ်ယောက်တောင်
ကျွန်တော်တို့ မြန်မာတွေ ပေါ်စေတနာထားနိုင်သေးတာ၊ ကျွန်တော်တို့လည်း မညံ့ပါဘူး ဆိုတာပြောစရာတောင်
မလိုတာမို့။ တတ်နိုင်သရွေ့ ကူညီချင်တယ်ဆိုရင် ဒီဆေးရုံကိုဆက်သွယ်နိုင်ပါတယ်လို့ .................
စိုးမြင့်
- မေ့ဆေး
(အာဖရိကရောက်
မြန်မာတစ်ယောက်)
20
December 2013