Wednesday, April 28, 2010

" မေ့ဆေးအငယ်စား "

                                                    "မေ့ဆေး အငယ်စား"

                                       လီဆိုသိုရောက် တရုတ်ဆရာဝန်အဖွဲ့မှအချို့
မြန်မာစကားမှာ "ထမင်းအသက် ခုနှစ်ရက် ရေအသက် တစ်နံနက်" လို့ဆိုရိုးရှိပါတယ်။ ရှင်းနေပြီးသားမို့ အထူးပြော စရာ လိုမယ်မထင်ပါ။ ဒါပေမဲ့ ဒီအထဲမှာ လေအသက် ဘယ်လောက်ဆိုတာမပါ ပါဘူး။ ဟုတ်ပါတယ် သတ္တ၀ါတွေ အသက်ရှင် နိုင်ဖို့ရာအတွက် လေကိုရှူရှိုက်ဖို့လိုပါတယ်။ ကျွန်တော်တို့ လေထုတစ်ခု လုံးကိုရှူဖို့မလိုပါ။ လေဆိုတာက သိပ္ပံနည်းကျ တိတိကျကျပြောရရင်တော့ လေထုမှာပါတဲ့ အောက်ဆီဂျင်ဓါတ် Oxygen O2 ကိုဆိုလိုတာကိုတော့ လူအတော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ အသက်ရှင်ဖို့ အဓိကအရေးကြီး တာကသူပါ။  လေ ရဲ့အသက်က ဘယ်လောက်လို့ စာဖတ်သူများ ထင်ပါသလဲ။ ဘယ်လောက်ကြာကြာ အသက်မရှူပဲနေနိုင်မှာလဲ၊ နာရီဝက်လား? ၁၅မိနစ်လား? ၁၀မိနစ်လား? တကယ်တော့ လေရဲ့အသက်က ငါးနစ်ထက်မပိုပါ။ ဒီလောက်တောင် အရေးကြီးပေမဲ့ လေဆိုတာ ဘယ်နေရာသွားရှူရှူ လိုချင်သလောက် အလကားရနေကျ မို့ရှေးလူကြီးတွေ သတိပြုခဲ့ မိဟန် မတူ တာဖြစ်လိမ့်မယ်ထင်ပါတယ်။ ကိုယ်တိုင်စမ်းကြည့်ချင်သပ ဆိုရင်တော့ ပလပ်စတစ်အိပ် ကြီးကြီးတစ်လုံးကို ခေါင်းပေါ် အလုံစွပ်ချပြီး နာရီနဲ့ အချိန်မှတ်ကြည့်နိုင်ပါတယ်၊ သူများပေါ်သွားစမ်းသပ် တာမဟုတ် လျှင်တော့ အန္တရာယ် မရှိလောက်ပါဘူး။

အထက်ကပြောခဲ့သလိုပေါ့ O2ပြတ်သွားလျှင် ဘယ်သူမှ ၅မိနစ်ထက်ပိုမခံနိုင်ပါ။ အသက်ဆုံးရှုံးနိုင်ပါတယ်၊ ၃-၄ မိနစ်လောက် ပြတ်လျှင်ပင် ဦးနှောက် ထာဝရပျက်ပြီး သူကောင်းပြန်မဖြစ် နိုင်တော့ပါ။ Vegetative
life လို့ခေါ်တဲ့ (ဟင်းသီးဟင်းရွက်လို) အသက်သာရှင်နေပြီး ဘာမှမသိနိုင် တော့တဲ့ဘ၀ ရောက် သွားနိုင်ပါတယ်။ ဒါကသာမန်လူတစ်ယောက်အဖို့ပါ။ ရောဂါသည်တစ်ယောက်အဖို့ ကတော့ ဒီလောက် ပင်ကြာကြာ ခံနိုင်မှမဟုတ်ဘူး ဆိုတာအထူး ပြောစရာလိုမယ်မထင်ပါ။ " ကျွန်တော်တော့ မေ့ဆေးနဲ့ ဗိုက်အခွဲခံရပြီးကတဲက အရင်လိုမှတ်ဥာဏ် သိပ်မကောင်းတော့ဘူးဗျာ"ဆိုတာမျိုး အချို့ ကြားဘူးလိမ့်မယ် ထင်ပါတယ်။ (ဒီလောက်လေးနဲ့တင်ပြီးသွားတာ ဒီလူသိပ်ကိုကံကောင်းတယ်ဆိုရမှာပါ)

ဒါကြောင့်မေ့ဆေးပေးတယ် ပေးတယ်ဆိုတာ သူ့ချည်းသက်သက် ဘယ်တော့မှပေးလို့မရပါ၊ O2 နဲ့အစဉ် တွဲပေးရတာပါ။ O2 ကအသက်ပါ။ O2 မပါလို့ ကတော့ပြန်နိုးလာတော့မှာမဟုတ်လို့ ဟစ်တလာရဲ့ ဓါတ်ငွေ့ ခန်းထဲထည့် လိုက်တာနဲ့ အတူတူဖြစ်သွားမှာပေါ့။ ဒါနဲ့ပတ်သက်ပြီး ရင်နင့်စရာ အဖြစ်လေးတစ်ခု ခုလပိုင်း လေးကတင် ဒီလီဆိုသိုမှာ ကြုံတွေ့ခဲ့ရပါတယ်။ စာရှုသူများ သဘောပေါက် စေဖို့သာ မျှဝေတင်ပြရတာပါ။ ကျွန်တော်မပြောပြ ချင်တဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ လူနာက ခြောက်နှစ်အရွယ် ကလေးမ လေးတစ်ယောက် လက်ဖျံရိုးကျိုးတာကို မေ့ဆေးပေးပြီး ဆွဲဆန့်၊ နောက်ကျောက်ပတ်တီးစည်း ပေးရဖို့ပါ။ အသေးအဖွဲခွဲစိပ်မှု minor surgery တစ်ရပ်၊ ငါးမိနစ်လောက်သာကြာတဲ့ ကိစ္စလေးပါ။ သူမကိုမေ့ဆေး ပေးပြီးပြီးချင်းမှာပဲ ခွဲခန်းမှာဆူဆူညံညံအသံတွေ နဲ့အတူအကူညီတောင်းသံတွေ ကြားရလို့ကျွန်တော်အပြေးအလွှား သွားကြည့် မိတော့ ခွဲစိပ်ကုတင်ပေါ်မှာ ကလေးကနှလုံးရပ်နေပါပြီ၊ အစွမ်းကုန် ကြိုးစား အသက်လုပေမဲ့လည်း မရ တော့ပါ။ အကျိုးအကြောင်း မေးကြည့်တော့ ဆရာဆရာမ တွေရဲ့ပြော စကားအရ သူမရဲ့မေ့ဆေးဆရာဝန် က မေ့ဆေး ပေးရာမှာ အောက်စီဂျင်ခလုပ် ကိုမဖွင့်ပဲ မေ့ဆေးချည်းသက်သက် ပေးထားတာတွေ့ တယ်လို့ ဆိုပါတယ်။ သူ့ကိုမေ့ဆေးပေးတာက တရုပ်ပြည်မကြီး ကနှစ်နိုင်ငံချစ်ကြည်ရေး အနေနဲ့ဒီမှာလာကူ လုပ် ပေးနေတဲ့ တရုတ်ဆရာဝန်အဖွဲ့က ဒေါက်တာလီ (အမည် ရင်းမဟုတ်ပါ)ပါ။ သူကလည်း ၀န်ခံပါတယ်။ သူမေ့ဆေးပေး တုန်းက တော့O2 နဲ့အတူ ပေးတာပါပဲတဲ့၊ ဒါပေမဲ့ ကိစ္စပြီးလို့ ပြန်အပိတ်မှာတော့ မေ့ဆေးကို အရင်ပိတ်ရမှာကို ခလုပ်မှားပြီး O2 သွားပိတ်မိလိုက် တယ် လို့ဆိုပါတယ်။ ဒါနဲ့ပဲ ကလေးက အသက် ဆုံးရတာပါ။ ဒါဆိုသူ့ကို ဒီလောက်တောင် မှ ညံ့ရမလား လို့အပြစ်တင် ရအောင် ကလည်းသူက လက်သင်တစ်ယောက် မဟုတ်၊ ၀ါရင့်ဆရာဝန်တစ်ဦးပါ။ သူ့အဓိက အားနဲချက်က အင်္ဂလိပ်စာညံ့တာပါ၊ လီကသူများနားလည်အောင် မပြောတတ်တော့ ဒီ language barrier နဲ့ပဲကလေးရေတိမ် နစ်ရတာ ပါ ပါတယ်။ ပြောရရင်တော့ သူတို့အများစုက နောက်ပေါက်လူငယ်အချို့ မှအပ အင်္ဂလိပ်စာမကျွမ်းကြပါ။


ကျွန်တော့စာကိုဖတ်ပြီး မေ့ဆေးဆရာဝန်ဆိုတာ ကြောက်စရာကြီးပါလား လို့စာဖတ် သူတွေတွေးမိ ကောင်းတွေးမိ ပါလိမ့်မယ်။ ကျွန်တော်တော့တွေးမိပါတယ်။ ဟုတ်တယ်လေ မှားတာချင်း အတူတူ မေ့
ဆေးရဲ့အမှားက ပြင်နိုင်ဖို့ရာ ၁-၂ မိနစ်သာ အချိန်ရတာ ဆိုတော့ အချိန်နဲလွန်းလှပါတယ်။ မေ့ဆေး ကိုင်သူတစ်ယောက် အဖို့တစ်ချိန်မဟုတ် တစ်ချိန်မှာ ဒါမျိုးကြုံတတ်ပါတယ်။ အသက်နဲ့ရင်းပြီး  လုပ်ရတာ ဆိုတော့ ပျာသွား ရင်ခြေမကိုင်မိလက်မကိုင်မိ နဲ့ဘာမှပင်လုပ်နိုင်တော့မှာမဟုတ်ပါ။ ကြိုတင်ကါကွယ်မှု နဲ့တင်မလုံလောက်ပါ၊ ဘာဖြစ်ရင်ဘယ်လို ကိုင်တွယ်မယ် ဆိုတာ ကြိုတင်မစဉ်းထားလျှင် ပျာသွားဖို့ သေချာပါတယ်။ ဒါကြောင့်မို့ သတိ၊ စိတ်တည်ငြိမ် မှုသမာဓိ နဲ့ကြိုတင် ပြင်ဆင်မှု ဆိုတာ မေ့ဆေးတစ် ယောက်အဖို့ အရေးကြီးဆုံး လိုအပ်ချက်တွေပါ။ ကျွန်တော်ကတော့ ကိုယ့်တပည့်တွေကို သင်တန်းပေးလျှင် ဘာပြဿနာ တက်လာလျှင် ဘယ်လို လုပ်မလဲ ဆိုတာကြို ပြင်ဆင်ထားဖို့ စဉ်းစားထား ဦးဆုံးသင်ပေးလေ့ရှိ ပါတယ်။ Plan A မှာပြဿ နာဖြစ်လာလျှင် Plan B ကြိုစဉ်းစားထားဖို့။ ဥပမာ မေ့ဆေး ပေးနေရင်း မမျှော်လင့်ပဲ O2 ပြတ်သွားခဲ့ပြီဆိုပါစို့၊ မရှိတဲ့ O2 ကိုအချိန်ကုန်ခံ ပြီးလိုက်ရှာနေ မလား။ လေထဲမှာ သဘာဝ O2 က၂၀% ရှိပြီးသားပဲ၊ လူနာထဲ ရောက်အောင် ဘယ်လိုလုပ်မလဲ၊ စတာတွေပေါ့။

ကလေးကတော့ ဆုံးသွားပါပြီ၊ ဒါပေမဲ့ ဘယ်သူ့မှာတာဝန်ရှိလဲ? ဘယ်လိုအရေးယူမလဲ? နောင်ကိုဘယ်လို ကာကွယ်မလဲ? ဆိုတဲ့မေးခွန်းတွေက ဌာနမှူးဖြစ်တဲ့ ကျွန်တော့ဆီ ပုံကျလာပါတယ်။ တရုတ်ပြည်မှာ သာဆိုရင် ဒါမျိုးကမလွယ်ပါ။ အရေးယူတာတွေ၊ လျော်ကြေးတွေ အတော်လိုက်ရမဲ့ကိစ္စပါ။ ဒါပေမဲ့ ဒီနိုင်ငံမှာက သူတို့ကို နှစ်နိင်ငံသဘောတူညီချက် အရဘာမှအရေးမယူနိုင်၊ တရားလဲမစွဲ နိုင်ပါ။ ဒီရောက်စတုန်းက ဒီသဘောကိုနားမလည်လို့ ကျွန်တော့ တရုတ်မေ့ဆေးဆရာဝန်ဆီက report တောင်းမိတာမှာ အတိုင်ခံရလို့၊ ဆေးရုံအုပ်ရုံးခန်း ရောက်ခဲ့ဘူးပါတယ်။ သူတို့ကိုဘာ မှထိလို့မရပါ။ ညဂျူတီတို့၊ အရေးပေါ်ဂျူတီတို့၊ ယူဖို့ နေနေသာ ပုံမှန်အလုပ်ချိန်ပင် ပြည့်အောင် လာတဲ့လူတွေမဟုတ်ပါ။ ဘယ်လိုဆရာဝန်တွေ မှန်းလဲမသိ။ ဒါကြောင့်မို့ တစ်ခါတစ်ခါကျွန်တော်သူတို့ကို နောက်ပြောင်ပြီးပြော တတ်ပါတယ်၊ မင်းတို့တွေက "ဂျိမ်းစဘွန်း မိတ်အင်ချိုင်းနား" တွေပဲလို့။ (သူများအကြောင်းအမနာပ ပြောတာမဟုတ်ပါ၊ သူ့အရပ်နဲ့သူ့ဇာတ် ဖြစ်နေတာကို ဗဟုသုတအနေနဲ့၊ ပြောတာပါ) ကျွန်တော်တို့ UNV ဆရာဝန်တွေ သံတမန်ကင်းလွတ်ခွင့် Diplomatic immunity ရသူတွေပင်သူတို့လောက် အခွင့်ထူး တွေမရဘူးပါ။ (သူတစ်ပါးနိုင်ငံမှာ သွားလုပ်ရပြီး အနှိမ်ခံနေရသူတွေ မုဒိတာပွါးဖို့ပါ )


ခုကိစ္စမှာ Lee ကမေ့ဆေးစက် ကိုအပြစ်တင်ပါတယ်။ ဟုတ်သင့်သလောက်လဲ ဟုတ်ပါတယ်၊ သူသုံးရတဲ့ စက်က မိုဒယ်အောက်နေပါပြီ လွန်ခဲ့တဲ့အနှစ် ၅၀-၆၀ ကစက်ပါ။ O2 ခလုပ်နဲ့ မေ့ဆေးဖွင့်တဲ့ ခလုပ်က သီးသန့်စီ လွတ်လပ်စွာဖွင့်နိုင်ပါတယ်။ နောက်ပေါ်တဲ့ မိုဒယ်တွေမှာလို O2မပါပဲ မေ့ဆေးသက် သက် ပေးမရအောင် လုပ်ထားတဲ့တီထွင်ချက်မပါပါ။ ဒါကြောင့် O2 မပါပဲမေ့ဆေးချည်း သက်သက် ပေး
မိတတ်တဲ့ အန္တရာယ်ရှိပါတယ်။ အင်္ဂလိပ်မှာဆိုရိုးတစ်ခုရှိတယ် မဟုတ်ပါလား "Things those can happen is going to happen one day" (ဖြစ်တတ်တဲ့ အရာအားလုံးဟာ တစ်နေ့ဖြစ်ကိုဖြစ်လာလိမ့်မယ်) တဲ့။ မေ့ဆေးရာဇ၀င်မှာ ခုလိုအဖြစ်မျိုးတွေရှိခဲ့ဘူးပါတယ်။ ဒီတော့ ခုကိစ္စမှာ လီမှာအဓိကတာဝန် ရှိတာမှန်ပေမဲ့ သူ့အပေါ်မှာချည်းလုံးလုံး အပြစ်ပုံချမယ်ဆိုလျှင် မတရားပါ၊ လို့ ပဲကျွန်တော်က သူတို့သံအမတ်ကြီးကို မျှမျှတတ မှတ်ချက်ပေး လိုက်ပါတယ်။ (နို့မဟုတ်ရင်လဲ လီ တစ်ယောက် ပြည်ကြီးပြန်အပို့ခံရဖို့ပါ) ကျွန်တော်တို့ဌာနမှာ မေ့ဆေး စက်အဟောင်း ၂လုံးနေရာမှာအသစ်နဲ့ အစားထိုးဖို့စာတင်ထားတာ လဲကြာပါပြီ၊ ခုထိရမလာသေးပါ၊ (စက်က ဈေးကြီးလွန်းလို့) ဆိုတော့ကာ ခုကိစ္စမှာ ဆေးရုံပေါ်မှာ လည်း တာဝန်မကင်းပါ။

စကါးပြန်ဆက်ရရင်တော့ ခွဲစိပ်မှုမှာ Major surgery အကြီးစား နဲ့ Minor surgery အသေးစားခွဲစိပ် မှုဆိုပြီးရှိပါတယ်။ အသေးစား ဆိုတာက ဥပမာပြရရင် ပြည်ဖောက်တာ၊ အရေပြားပေါ်က အကျိတ် အဖုလေးတွေ ခွဲထုတ်တာ၊ အရိုးကျိုးတာ၊ အရေပြားချုပ်တာ၊ သွားနှုတ်တာ စတာတွေပါ။ အသက်နဲ့ ဝေးပါတယ်။ ဒါပေမဲ့ အဲဒါတွေအတွက် ပေးရတဲ့ မေ့ဆေးကတော့ နောက်ဘ၀နဲ့ နီးနီးလေး၊ ခလုပ်တစ်ကမ်း လေးပါ။ ဒါကို minor anaesthesia မေ့ဆေးအငယ်စား လို့ခေါ်မလား?
မေ့ဆေးမှာ အားလုံးဟာ အသက်နဲ့ ရင်းရတာ ချည်းမို့၊ " အသေးစားခွဲစိတ်မှုသာရှိတယ် " "မေ့ဆေး အငယ်စား" ဆိုတာမရှိပါ။ ကျောင်းမှာ တုန်းက ဒါကိုပဲ ကျွန်တော်တို့ ဆရာတွေက တစ်ချိန်လုံး သတိပေးနေတာ ခုထိမမေ့သေးပါ။

စိုးမြင့်-မေ့ဆေး
ခေတ္တ Maseru, Kingdom of Lesotho
26 April 2010

6 မှတ်ချက်:

မြသွေးနီ

ဆုံးဖြတ်ချက်လေးတစ်ခုမှားတာနဲ့အသက်ဆုံးရှုံးနိုင်တာမို့ဆရာကြီးတို့ရဲ့ အလုပ်က တကယ့်ကိုတာဝန်ကြီး လှပါ တယ်နော်။ ဘာပဲဖြစ်ဖြစ် ဆရာကြီးလိုမျိုး မြန်မာပြည် သား တစ်ယောက် ဒီလိုတိုင်းပြည်မှာ တာဝန်ကြီးတွေ ထမ်းဆောင်နေရတာ တိုင်းပြည် အတွက် ရော၊ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ပါ ဂုဏ်ယူမိပါတယ်။ ဆရာကြီး ကျန်းမာချမ်းသာစွာနဲ့ အလုပ်လုပ်နိုင်၊ စာရေးနိုင်ပါစေရှင်။

လေးစားလျှက်..
မြသွေးနီ

ဟန်ကြည်

ဆရာရေ။ မဟေသီမဂ္ဂဇင်းမှာကတည်းက ဆရာ့ဆောင်းပါးတွေကို တလေးတစားဖတ်ခဲ့ရင်း UNV ဆရာဝန်ဘ၀ကို စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘ၀ရဲ့ လှည့်ကွက်တွေနဲ့ အတူ ဆေး/မန်းကခွာခဲ့ရတဲ့နောက်မှာတော့ UNV ဆိုတာ အဝေးမှာကျန်ခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်အားကျခဲ့တဲ့ ဆရာကတော့ UNV ဘ၀မှာ ပျော်ပျော်ကြီးဖြတ်သန်းနေတယ်ဆိုတဲ့ အသိနဲ့ ကျေနပ်လိုက်ပါတယ်ဆရာ။ ဆရာ့ Blog ကို အမှတ်မထင်တွေ့ရတာလည်း ကံကောင်းမှုလို့ယူဆပြီး link လေးယူထားပါတယ်။ ခွင့်ပြုပါဆရာ။
ဆရာကျန်းမာပျော်ရွှင်စွာနဲ့ လူသားအကျိုး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ။

စိုးမြင့် (မေ့ဆေး)

မြသွေးနီ
ဟုတ်ကဲ့ပါ၊ တခါတလေလည်း ကိုယ့်ဘာသာကိုယ်ပြန် တွေးမိပါတယ်၊ ငါဘာကြောင့်များ ဒီလောက်အန္တရယ် များပြီး တာဝန်ကြီးတဲ့ speciality ကြီးကိုမှသွားယူထား မိသလဲလို့။ ခုတော့လဲ လုပ်သက်လေးရလာတာနဲ့အမျှ သမထ၊ ၀ိပသနာ၊ စတဲ့ meditation အလုပ် တွေက မေ့ဆေးကို တော်တော်ကြီး အထောက်အကူ ပေးနိုင် တာတွေ့လာရတာမို့၊ အလုပ်လုပ်ယင်း ကျင့်သုံးနေမိပါ တယ်၊ ကုသိုလ်လဲရ ၀မ်းလဲဝ၊ တယ်လို့ သဘောထား နေမိတော့ လုပ်ပျော်နေပါတယ်။ အားပေးတာကျေးဇူးပါ။ ဆက်လက်ကြိုးစားနေဆဲပါ။

Unknown

sir, i m trying to be a surgeon. so i understand that every surgeon need someone to trust near patient head, someone to monitor and help the surgery most excellent finishing. it is too good reading ur opinion regarding ur profession. its great. go on Sir . u r a great help for morale. i m proud of u being a myanmar at a great place at foreign country. wish u good health.

စိုးမြင့် (မေ့ဆေး)

ကိုဟန်ကြည်ရေ
မဟေသီ ပရိဿတ် နဲ့ပြန်ဆုံရတာ ၀မ်းသာမဆုံးပါ။
ဘ၀နဲ့ဆန္ဒတစ်ထပ်ထဲမကျခဲ့ တာစိတ်မကောင်းပါ။ ဘ၀ဆိုတာဒီလိုပဲပေါ့ဗျာ။ ခုလိုမုဒိတာ ပွါးနိုင်တာကိုကပဲ ဆရာ့ရဲ့ စိတ်နေစိတ်ထား ကိုခန့်မှန်းမိပါတယ်။
အားပေးတာကျေးဇူးပါ။
အောင်မြင်တဲ့ စာရေးသူ တစ်ယောက် ဖြစ်ပါစေလို့။

စိုးမြင့် (မေ့ဆေး)

thar :
Glad to see you as a would-be surgeon and thank you so much for your comment and support.
What all you said is the truth. The only thing I'd like to correct in your comment is that, I'm not "too good" writing my opinion as you mention.
Wishing you for your bright future.

Soe Myint (Anaesthesia)  ©2009

Back to TOP