Wednesday, May 26, 2010

"ကျွန်တော် နှင့် ကျောင်းဆရာဘ၀ ခဏတာ။"

                                       အမျိုးသားကျန်းမာရေးသင်တန်းကျောင်း
                     
                                       " ကျွန်တော် နှင့် ကျောင်းဆရာဘ၀ခဏတာ "
ကျောင်းဆရာ အလုပ် ဆိုတာက တော်ရုံပါရမီ နဲ့မဖြစ်နိုင်ပါ။ ဆရာကောင်း တစ်ယောက် ဖြစ်ဖို့်ရာမှာ "နာသုံးနာ" နဲ့ပြည့်စုံ ဖို့လိုအပ်ပါတယ်။ "၀ါသနာ" "စေတနာ"   နဲ့ " အနစ်နာ " တို့ဆိုတာ အားလုံး သိပြီး သားပါ။ ကျွန်တော့အဖို့ ကတော့ စေတနာရှိ သော်လည်းပဲ ပထမအချက် တစ်ခု ထဲနဲ့တင် မပြည့်စုံ နိုင်တာမို့ ဘယ်တုန်းကမှ ကျောင်းဆရာ ဖြစ်လာဖို့ အကြောင်းမရှိပါ။ ဒါကြောင့် မို့လည်း ဆေးကျောင်း ပြီးတော့ သင်ကြားရေး ကိုမရွေးပဲ ကုသရေး ကိုမှရွေးခဲ့တာပါ။

                                                    
 
ဒါပေမဲ့ ဆရာဝန်တစ်ယောက်ရဲ့ တာဝန်က ကုသရေးသက်သက်နဲ့တင်ပြီးတာမှ မဟုတ်တာ။ ကိုယ်နဲ့လုပ်ဖေါ် ကိုင်ဖက် မိမိထက်ငယ်ရွယ် သူတွေကို သင်ပေးရရိုးထုံးစံ ရှိတာမို့မိမိနိုင်ငံ မှာတုန်းကကော ပြည်ပမှာပါ ကိုယ်တတ်နိုင်သရွေ့ စေတနာထား သင်ပေးဖြစ်ခဲ့ပါတယ်၊ လုပ်ငန်းခွင် သင်ကြားရေး On the job training ပေါ့။ ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ သမ္မာအာဇီဝ၊ ကုသိုလ်ရတဲ့အလုပ်မို့ မညည်းညူပါ။ အထူးသဖြင့် ကိုယ်က အထူးကု ဖြစ်လာတော့ ပိုလို့ပင်သင် ကြားရေးမှာ လုပ်ပေးနိုင်ပါတယ်။
နမီးဘီးယား နိုင်ငံ မှာတုန်းက ဂျာမန် ဆေးကျောင်းသားတွေ အလာများလို့  မှတ်မှတ်ရရ သူတို့ကို မေ့ဆေးသင် ပေးရင်း ပိုမိုရင်းနှီးမှုတွေ ရရှိခဲ့ပါတယ်။ မာလာဝီ နိုင်ငံ မှာတော့ မေ့ဆေးရဲ့ အဓိက အင်အား စုက မေ့ဆေးနာ့စ် တွေပါ။ သူတို့က သူတို့နိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတည်ထောင် ထားတဲ့ မေ့ဆေးကောလိပ်သင်တန်း ဆင်းတွေပါ။ သူတို့လည်း သူတို့ တတ်သလောက် ပညာလေးတွေနဲ့ ကျွန်တော် နဲ့ မကြာခဏဆိုသလို ထိပ်တိုက်တွေ့တတ်ပါတယ် (ဒီအကြောင်း ကျွန်တော်ရေးဘူးပြီးပါပြီ) ဒါလဲပဲသင် ကြားခြင်း တစ်မျိုးလို့မှတ်ယူနိုင်ပါတယ်။ ခုတစ်ခါ လီဆိုသို ရောက်လာတော့လည်း သူတို့လို မေ့ဆေးနာ့စ် တွေနဲ့ပဲဆုံရပြန်ပါတယ်။ ရောက်စက သူတို့က ၈ယောက် ကျွန်တော်တစ် ယောက်ပါ။ သူတို့ကလည်း သူတို့ရဲ့ အမျိုးသားကျန်မာရေးသင်တန်း National Health Training Colleage NHTC ကောလိပ် ဆင်းတွေပါ။ ဒီမှာ သူတို့နဲ့ဆက်ဆံရပုံ ကတော့တစ်မျိုးပါ။ အလုပ်လုပ်ရာမှာ ကပ်သလိုလိုရှိပေမဲ့ ပညာပိုင်း ဆိုင်ရာမှာတော့ ကျွန်တော့ပေါ်ရိုကျိုးကြပါတယ် ကျွန်တော့ကိုခံငြင်းလေ့မရှိကြပါ။

သူတို့နာ့စ်တွေအပြင် မေ့ဆေးသင်တန်းသား လေးယောက်လဲရှိပါသေးတယ်။ သူတို့ခမျာ ပညာတစ်ပိုင်း တန်းလန်း နဲ့မေ့ဆေးလုပ်နေကြရသူတွေပါ။ ဖြစ်ပုံက သူတို့ရဲ့နောက်ဆုံး စာမေးပွဲကြီးက ၂၀၀၆ ခုနှစ်၊ (ကျွန်တော် ဒီရောက်ခါစ) ကပါ။ သူတို့အားလုံးကို ဇင်ဘာဘွေ နိုင်ငံက ဧည့်စာစစ်သူ external examiner ကအရည်ချင်း မမီလို့ ဆိုပြီး စာမေးပွဲချပစ်လိုက်တာပါ။ သူတို့ရဲ့ ဆရာဖြစ်သူကလဲ စိတ်ပျက်ပျက် နဲ့သင်ကြား ရေးကို ရာသက်ပန်စွန့်လွှတ် သွားတာမို့၊ အဲဒီနောက်ပိုင်းမှာ ၄နှစ်လုံးလုံး ဘာသင်တန်း ဘာစာမေးပွဲ မှရှေ့ဆက်မရှိတော့ပါ။ သူတို့အဖြစ်ကဒီလိုယဉ်တာပါ။ ဒါနဲ့ ၂၀၀၉ နှစ်ဆန်းပိုင်းမှာတော့ (နောင်ကို ကျွန်တော့မိတ်ဆွေ ကြီးဖြစ်လာမဲ့) UK နိုင်ငံသား Dr Tuppin ဒီကိုရောက်လာပါတော့တယ်။ သူက သင်ကြားရေးမှာ လည်းဝါသနာပါ ပါတယ်၊ ဟေတီ နိုင်ငံမှာ တုန်းကလဲ မေ့ဆေးနာ့စ် သင်တန်း အတွေ့ကြုံရှိခဲ့သူမို့ ဒီနိုင်ငံမှာ တစ်ပိုင်းတန်းလန်း ဖြစ်နေတဲ့မေ့ဆေးပညာရေး ကိုဆက်ကိုင်ဖို့ စိတ်လည်း ၀င်စားတာမို့ သက်ဆိုင်ရာတွေနဲ့ အဆင့်ဆင့်ညှိလိုက်တာ နောက်ဆုံးမှာ အထက်နဲ့ သဘောတူညီမှုမှုရရှိ သွားပါတော့ တယ်။ ဒါနဲ့ ပထမအဆင့်အနေနဲ့ လက်ရှိ ကျောင်းသား ၄ယောက်ကိုပဲ ဆုံးခန်းတိုင် ကျောင်းဆက်တက် စေပြီး မေ့ဆေးဒီပလိုမာပေးဖို့ပါ။ ကျောင်းကိုတော့ ၂၀၀၉ သြဂုတ်လမှာ စဖွင့်ပြီး ၂၀၁၀ မေလမှာ စာမေးပွဲစစ်ပေးဖို့ပါ။

                                                    Dr.Tuppin တို့စုံတွဲ                                 
Dr.တပ်ပင်က ၇၀ ရှိပါပြီ အသက်ကြီးပေမဲ့ တက်ကြွနေဆဲပါ၊ အင်္ဂလန်က တော်ဝင်မေ့ဆေးသမား တော်ဘွဲ့ အပြင်မေ့ဆေး လုပ်သက်က ၁၀နှစ်ဆိုတော့ ဆရာတစ်ယောက်အနေနဲ့ ပြီးပြည့်စုံသူပါ။ နာသုံးနာ နဲ့လည်း အထူးပြည်စုံသူလို့ဆိုရမှာပါ။ လူကိုယ်တိုင်ကြိုးစား လုပ်ရုံမက သင်ကြားမှုအထောက်ကူ ပစ္စည်းမှန် သမျှ ကို သူ့ အင်္ဂလန်ကနေ တကူးတက လှမ်းမှာ၊ ငွေကြေးအကူညီတွက် အဖွဲ့စည်းတွေ ဆီကအလှူခံ စသဖြင့်၊ အများတကာ မလုပ်နိုင်တာတွေ လုပ်နိုင်ခဲ့ပါတယ်။ သူ့ကျောင်းသားတွေ သင်ကြားယင်း ကျွန်တော် တို့ဆေးရုံကြီးပါ လူအင်အား ပစ္စည်းအင်အား အထိုက်အလျောက် တိုးတက် လာတာလည်း ဘယ်သူမှ မငြင်းနိုင်ပါ။

ဒါပေမဲ့ ကျန်းမာဝန်ကြီးရေးဌာန နဲ့သူ့ဆက်ဆံရေးက မချောမွတ်ပါ။ သူကကောင်းချင်ဇော နဲ့တွန်းလုပ်၊ တွန်းပြော၊ နေသလောက် အထက်က တုံ့ပြန်မှုမရှိလေတော့ သူလဲကြာတော့ ခံပြင်း လာပုံရပါတယ်။
အထက်ဝန်ကြီး တွေအဆင့် ထိဝေဖန်စာတွေရေး နဲ့လုပ်ပါတယ်။ သူကဒီက လခလောက်တော့မမှုပါ၊ သူ့မှာအင်္ဂလန်က ပင်စင်နဲ့ ဝေလနယ်မှာရှိတဲ့ ခြံဝင်းကြီးနဲ့ ပြည့်စုံ ပြီးသားပါ။ အပျော်စီးမြင်းတွေလဲ မွေးထားပါသေးတယ်။ ဒါကြောင့်မို့တခါတခါ ကျွန်တော်သူ့ ကိုနောက် ပြောင် ပြီးပြော တတ်ပါတယ်။ ကျွန်တော်သာ သူ့နေရာမှာဆို ဒီလာပြီးဦးနှောက် စားခံမနေဘူးလို့၊ သူ့ခြံရှေ့က ရေကန် ကြီးမှာ ငါးထိုင်မြှား၊ မြင်းတွေအပျော်စီး၊ မြေးတွေနဲ့ လမ်းလျှောက်၊ ဘ၀ကိုပျော်ပျော်ကြီး ဖြတ်သန်း နေတော့ မယ်လို့။ သူတို့လင်မယား ကတော့ ဒီလိုအစားမျိုးမဟုတ်ပါ၊ လူသားတွေ အကျိုး ကျေးဇူး တွက် တစ်ခုခုလုပ်ပေးနေရမှ နေပျော်သူတွေပါ (သူ့အမျိုးသမီး အင်ဒီ ကလည်း စိတ်အထူးကု ဆရာဝန် အဖြစ် ဒီမှာပဲလုပ်နေသူပါ) လိုက်လဲလိုက်တဲ့ လင်မယားပါ။ Andy ကလဲသူ့လို ပါပဲ။ ဆေးရုံက သူ့လူနာ တွေပေါ် လူလိုသူလို မဆက်ဆံတာတွေ ကို မကျေနပ်လို့ တချိန်လုံး အရေးဆိုနေသူမို့ အထက်လူကြီး တွေရဲ့ မျက်နှာ ကေါင်းဘယ်တော့မှရသူမဟုတ်ပါ။

နောက်ဆုံးတော့ သူကအထက်ကိုရေးတင်သမျှ ပြန်လာတဲ့ ရိုက်ခတ်ချက်က ဧပြီလဆန်းမှာ သူ့ကို ဘာမျက်နှာ မှမထောက် အလုပ်ကနေ ရုတ်တရက် ရပ်စဲလိုက်တာပါပဲ။ ကြားကြားသမျှအားလုံး ဖျားကုန် ကြပါတယ်။ ၀န်ကြီးရဲ့ အတွင်းဝန်ဆီက လာတဲ့အမိန့်စာပါ၊ ဆေးရုံမှာကော ကျောင်းမှာပါ သူခြေချ ခွင့်မရှိတော့ပြီ။ Tuppin က အလုပ်တွက်မမှုပါ၊ ဒါပေမဲ့သူ့ တပည့်တွေရဲ့ရှေ့ရေးကိုတော့ သူစိတ် မကောင်းပါ။ အမိန့်စာမှာ သူ့ကျောင်းသား တွေနဲ့လည်း သူတွေ့ခွင့်ပင် မရှိဆိုတာ လည်းပါပါ သေးတယ်။ ဒါပေမဲ့ သူ့နေရာမှာ ဘယ်သူ့ကို လူစား ထိုးမလဲဆိုတာ မပါပါ။ ဒီပုံအတိုင်း ဆို သူတင်မက သူ့ကျောင်းပါ နိဌိတံ ကိစ္စပြတ်တဲ့သဘောပင်။ သူ့တပည့်တွေ မျက်ရည်ကျသူကကျ ဖြစ်ကုန်ပါတယ်။

ဒါပေမဲ့ ရက်ကြာကြာမစောင့်လိုက်ရပါ။ ကျွန်တော့ကို ၀န်ကြီးဌာနကခေါ်တယ်ဆိုလို့၊ (ဘာများပါ လိမ့်မ လဲလို့) ညွှန်ချုပ်နဲ့ သွားတွေ့ရတော့ တာပင်နေရာမှာ ကျွန်တော်ဆက်လက် တာဝန်ယူဖို့ ကိစ္စပါ။ မထင် မှတ်တဲ့ကိစ္စမို့ ဒီတစ်ခါဖျားသွား ရတာကကျွန်တော်ပါ။ (စဉ်းစားကြည့်ပေါ့ဗျာ) သူတို့ကောလိပ်မှာ ဒါရိုက်တာ လည်းသူ၊ ဇာတ်လမ်းရေး ဆရာကလဲသူ၊ ထုတ်လုပ်သူကလဲသူ၊ Tuppin က အားလုံး သူ့ခြေသူ့လက် လုပ်လာတဲ့ကိစ္စ၊ ခုမှကျွန်တော်က မိုးပေါ်ကကျလာသလို ဆက်လုပ်ဖို့ ဆိုတာတကဲ့ကို မဖြစ်နိုင် တဲ့ကိစ္စပါ၊ စာမေးပွဲကြီး ကလဲ တစ်လ ပင်မလိုတော့ သင်ရိုးညွှန်းတန်းကလဲ မကုန်သေး၊ သူက ဘယ်အဆင့်ထိ သင်ထားမှန်းလဲမသိလို့ ဘာမေးခွန်းထုတ်ရမယ်မှန်းမသိ၊ ဒါ့အပြင်အမှတ်ခြစ် ရမဲ့ အလုပ်ကလဲရှိသေး၊ ညွှန်ချုပ်ကတော့ ယဉ်ယဉ်ကျေးကျေးလေးပဲ ပြောရှာတာပါ။ ဒါဟာသူကမေတ္တာ ရပ်ခံတာ request ပါတဲ့။ အစပိုင်း ကျွန်တော် ငြင်းပါသေးတယ်၊ ဒါပေမဲ့  ဒီနေရာမှာကျွန်တော်မှ လွဲရင်လည်း  အခြားမရှိတော့၊ အနည်းဆုံး စာမေးပွဲ ပြီးအောင် တော့ကူညီပါ၊ သူတို့လည်း ပံ့ပိုးပါမယ် ဆိုတော့ လည်းနောက်ဆုံး မှာကျွန်တော် လက္ခံလိုက်ရပါတယ်။ ဟုတ်ပါတယ် အမိန့်စာထုတ်ပြီး အတင်း ခိုင်းလည်းကျွန်တော်က ဘာတတ်နိုင် မှာလဲ။ သူ့ဆန်စားရဲရတော့မှာပေါ့။

အကျိုးအကြောင်းကို Tuppin ကိုပြောပြတော့ ပထမတော့သူစိတ်မကောင်းဖြစ်သွားပါတယ်။ သူအရက်ရက် အလလ အားထုတ်ခဲ့သမျှ သူ့အဖို့အချည်းနှီးဖြစ်သွား လေပြီ။ သာမန်အား ဖြင့် ကြည့်မယ်ဆိုလျှင်ခံပြင်း စရာပေါ့။ ဒါပေမဲ့ တာပင်က "မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးထိုးဖေါက်မဲ့လူစားမျိုးမဟုတ်ပါ"၊ အလုပ်နဲ့ လူ ကိုခွဲခြားမြင်တတ်ပါတယ်၊ သူကသဘောထား ကြီးကြီးနဲ့ပဲ သူ့ကျောင်း အလုပ်ကိုပြီးဆုံးအောင် နောက် ကွယ်ကနေ ကူညီပေးမယ်လို့ ပြောလာပါတယ်။ (ဒါနဲ့တင် သူ့စိတ်နေသဘောထားကို သိလောက်ပါပြီ) အစီအစဉ်အရ ဆေးရုံမှာကျောင်းသား တွေကိုကျွန်တော်က လက်တွေ့ကိုဆက်သင်၊ သူကသင်ရိုးကုန်တဲ့ထိ သူ့အိမ်မှာခေါ်(ခိုး) သင်ပေးမယ်၊ စာမေးပွဲ မေးခွန်းထုတ်တဲ့ကိစ္စ ကိုလည်းသူ့ပဲဆက် တာဝန်ယူပေးမယ်၊ အမှတ်ပေးတဲ့ ကိစ္စကိုတော့ သူလုပ်ပိုင် ခွင့်မရှိတာမို့ ကျွန်တော်နဲ့ ပူးတွဲလုပ်ဖို့ပါ။ ဒီရက်အတောအတွင်း ကျွန်တော် ကိုယ်တိုင်ကလည်း မေ့ဆေး သင်ရိုးတစ်ခုလုံး ပြန်လေ့လာထားဖို့ပါ။ (ကျောင်းစာကလွဲရင် အပြင်စာသာဖတ်ချင်ရှိတဲ့ ကျွန်တော့ဖို့ အတော်ပင်ပန်းတဲ့ကိစ္စပါ)

ဒါနဲ့ပဲ ဆိုင်းမဆင့် ဘုံမဆင့် ကျွန်တော်ကျောင်းဆရာ ဘ၀ရောက်ခဲ့ရတာပါ၊ (အဓိက တာပင့်ကျေးဇူးပါ) ဒါပေမဲ့ ဒီကကျောင်းဆရာ ဘ၀က ကျွန်တော်တို့ဆီကလို မဟုတ်၊ သူတို့ရဲ့အနောက်တိုင်းယဉ်ကျေးမှု မှာဆရာဝတ်၊ တပည့်ဝတ် တွေဆိုတာရှိတာ မဟုတ်၊ လူလူခြင်းတူတူ ဘာမှဂါရ၀ပြုစရာမလိုဘူး လို့ခံယူ ထားတဲ့ သူတို့ဆီမှာ၊ ဆရာကြီး တစ်ယောက်ထဲ အလုပ်များနေလို့ ဆိုပြီးလာကူလုပ်ပေးမယ် မမျှော်လင့် လေနဲ့၊ ဆရာကြီးမတ်တပ် အလုပ်လုပ်နေရလို့ ဆိုပြီးခွေးခြေလာထိုးပေးဖို့ဆိုတာဝေး၊ ခုံလုမထိုင်လျှင် ပင်တော်လှပြီမှတ်။ သူ့အရပ်နဲ့သူ့ဇာတ် ဆိုပေမဲ့ တခါတခါတော့လည်း စိတ်အတော်ထိန်းရပါတယ်။ "လာမူကြိုဆီး" တဲ့ တပည့်ဝတ်တစ်ခုမှာဆိုထားပါတယ်။ ခုလက်တွေ့မှာတော့တာပင် ကသူ့တပည့် တွေကို (နောက်ကျလို့) ဖုန်းဆက်ဆက်ခေါ်ရတာအမော။ ဒါကြောင့်မို့ သူ့ကိုတစ်ခါတစ်ခါ ပြောမိပါတယ် ကျွန်တော် တော့ ဒီလိုကျောင်းသားမျိုး ကိုစာမေးပွဲမှာချပစ်ချင်နေပြီလို့။ (ဒါပေမဲ့တကယ်တမ်း ကိုယ်တိုင် ဆရာ ဖြစ်တော့ သူတို့ကိုကျွန်တော် မလုပ်ရက်ပါ၊ ဆရာကဆရာစိတ်ပဲရှိရမှာပေါ့ )

ကျောင်းဆရာပူပူ နွေးနွေးလေး ဘ၀မှာ သူတို့ရဲ့ကောလိပ်ကိုသွားရောက် သတင်းပို့ရပါတယ်၊ ကျောင်းက မြို့ပြင်တစ်နေရာမှာ၊ တောင်ပေါ်ကားလမ်းလေးနဲ့သွားရတာအတော်သာယာပါတယ်။ ကျွန်တော် တစ်ခါမှ ရောက်ဘူးတာမဟုတ်လို့ ပထမဦးဆုံးနေ့ ကျွန်တော့ကို လိုက်ပို့ "ကျောင်းအပ်" ပေးရတာက လည်း တာပင် ပါ။ သူတို့ရဲ့ ကျောင်းအုပ်ကြီး နဲ့ မော်ကွန်းထိန်းတို့ (Rector & Registrar) တို့နဲ့ တွေ့ရတော့ အားလုံးက လှိုက်လွှဲစွာကြိုဆိုကြပါတယ်။ တာပင့်တွက်တော့ စိတ်မကောင်းပါ၊ ကိုယ်ချင်း စာမိပါတယ်။ သူကလဲသူ့ပေါ် လုပ်ပုံမတရားဘူး လို့နတ်သံနှောပြော ရှာပါတယ်။ ဘာတတ်နိုင်မှာလဲ သူတို့ကျောင်းအနေနဲ့ အထက်က အမိန့်နာခံဖို့ ပဲမဟုတ်ပါလား။

ဒီလိုနဲ့ ဧပြီလကုန်လောက်မှာစာမေးပွဲကြီးရောက်လာပါတယ်၊ ဆိုတော့ကာ ကျွန်တော်လည်း examiner အလိုလို ဖြစ်သွားတာပေါ့၊ ကျွန်တော့အပြင် external examiner အဖြစ်သူတို့လူမျိုး ဆရာဝန်မ၊ တစ် ယောက် ရှိပါသေးတယ်၊ နယ်ကပါ၊ အခြားသင်တန်းသားတွေ အပါဝင် ကျောင်းသား စုစုပေါင်း ကျောင်းသား ၂၅၀ မှာကျွန်တော့တပည့်က ၃ယောက်ပါ (တစ်ယောက်လာမဖြေပါ)။ ဒီမှာတသက် နဲ့တကိုယ် မလုပ်ဘူးတဲ့ စာစစ်ခန်းကြည့်ကြပ်သူအဖြစ် စာစစ်ခန်းမရှေ့မှာ နေရတာကိုပင် ဘ၀င်မြောက်သလိုလိုခံစားမိပါတယ်။

ဒီမှာ နေ့စဉ်ထွက်လာတဲ့ အဖြေလွှာတွေကို အိမ်ပြန်ယူလာ၊ တာပင် နဲ့အမှတ်ခြစ်ကြရပါတယ်။ အမှတ်ခြစ် ရတဲ့ အလုပ်က အတော်ကိုစိတ်ပင်ပန်းရမှန်း ခုမှပဲလက်တွေ့ တွေ့ရပါတော့တယ်၊ တစ်ယောက် တစ်ပေါက် သူတို့အဖြေလွှာတွေကို ကြည့်ပြီး ကိုယ်တတ်ထားတာလေးတွေပင် ဇဝေဇ၀ါ ဖြစ်ဖြစ်သွား တတ်လို့ တာပင် နဲ့နှစ်ယောက် သားငြင်းရတာလဲအမော၊ ဆေးစာအုပ် တွေထထ လှန်ရတာလည်းခဏဏ။ စိတ်ပင်ပန်းလို့၊ ဒါတောင် ကျောင်းသားက ၃ယောက်ထဲပေမို့၊ ၃၀-၄၀ များဆိုမလွယ်။ ဒါနဲ့ ကျောင်းဆရာ အလုပ်ကို ၀ါသနာပါလွန်းလို့ လုပ်နေ တဲ့သားကြီးဆီဖုန်းဆက် မေးရပါသေးတယ်။  ကျောင်းသား၃-၄၀ ကိုသူဘယ်လို များအမှတ်ခြစ်သလဲလို့။ သူကလဲဖြေရှာပါတယ်၊ အဲဒီအချိန်မျိုးဆို သူ့စိတ်တွေ မပေါက်ကွဲရအောင် မနဲကို ထိန်းရပါ တယ်တဲ့။ (ဆရာလုပ်ရတဲ့ ဒုက္ခက လဲမသေးပါလားလို့) တစ်ခါတစ်ခါ သူတို့ရေးချင်ရာ လျှောက်ဖြီး ထားတာတွေကို စိတ်ရှည်ရှည်နဲ့ဖတ် သနားလို့အမှတ်ရပါစေတော့ဆိုပြီး မှန်တဲ့ အချက် တွေရှာကြံ အမှတ် ပေးရ ပါသေးတယ်။ အနီးစပ်ဆုံး ဥပမာပေးရ ရင်တော့ ဧရာဝတီမြစ်ကျဉ်း ၃ခုဖေါ်ပြပါ ဆိုတာကို ကျောင်းသား က မော်လမြိုင်၊ သထုံ၊ ဖားအံ၊ ဗန်းမော် ဖြေထားတယ်ဆိုပါစို့၊ ဒီကျောင်းသား မတတ်တာ သေချာနေပြီပေါ့၊ သုညပေးသင့်ပြီပေါ့၊ ဒါကိုပဲ ဗန်းမော် ပါနေတယ်၊ မှန်တယ်ဆိုပြီး တစ်မှတ်ပေးနေ ရတဲ့သဘောပေါ့။ တာပင် ကသူ့ကျောင်းသားတွေကို စာမေးပွဲ မအောင်အောင်ကို အမှတ်ပေးစနစ် လုပ်ထားတာပါ။ တကယ်တော့ ခုစာမေးပွဲ ကြီးက အမှတ်ပြည့် ၁၀၀% ပေးထား တာမဟုတ်ပါ၊ အမှတ် ၄၀% ကိုယခင်စာမေးပွဲ အငယ်တွေမှာ စစ်ပြီးသားပါ။ အဲဒီမှာ ကျောင်းသားတွေက ၃၀-၃၅ မှတ်စီ လောက် ရကြပြီး သားမို့ အောင်မှတ် ၅၀တွက် နောက်ထပ်သိပ်မလို တော့ပါ။ ဒါလဲ တာပင့် အစီအမံတွေပါပဲ။

ရေးဖြေစာမေးပွဲ ၄ခုပြီးတော့ လက်တွေ့ဖြေဖို့ မေလဆန်းမှာရှိပါတယ်၊ ခွဲခန်းမှာ ကျောင်းသား တစ်ယောက် လူနာ ၂ယောက်စီကိုမေ့ဆေးပေးပြရမှာပါ၊ ဒီနေရာမှာတော့ ကျွန်တော်နဲ့အတူ external examiner ကပါ စစ်ဆေးရမှာပါ၊ ကျွန်တော်ကတော့ အိမ်ရှင်အနေနဲ့ အစစ စီစဉ်ပေးရသူပါ။ မေ့ဆေးပေးဖို့ လူနာတွေ ရွေးပေးရတာလည်း ကျွန်တော်ပါ။ တာပင် ကကျွန်တော့ကို သဘောထားတင်းမာသူ လို့မြင်ထားသူမို့ စိတ်လျှော့ဖို့ ကျောင်းသားတွေ မကျစေဖို့ အမြဲပြောရှာပါတယ်။ ကျွန်တော်ကလည်း မလုပ်ပါဘူး၊ ကိုယ်ကိုယ် တိုင်ကမှ ရက်စက်နေလျှင် external examiner ကပိုဆိုးဖို့သာရှိတော့မှာပေါ့။ စိတ်လျှော့ပါတယ်။ ဒါပေမဲ့ မေ့ဆေးဆိုတာက အခြားပညာရပ်တွေလိုမဟုတ်တာ၊ အသက်နဲ့ရင်းလုပ်ရတာမို့ သိပ်အဆိုးကြီးဖြစ် လာရင်တော့ မညှာနိုင်ဘူး လို့တော့သူ့ပြောထားပါတယ်။

စာမေးပွဲနတ်ဆိုတာကြီးပါတယ်၊ exam stress ဆိုတာသေးတာမဟုတ်လို့၊ သူတို့လွယ်လွယ် ကူကူလုပ်နိုင် ကိုင်နိုင်မဲ့ လူလတ်အရွယ် လူနာတွေပဲချပေးပါတယ်။ ဒါတွေပင် အလွဲလွဲအချော်ချော်တွေ တွေ့နေရလို့ စိတ်မောရပါသေးတယ်။ မှတ်သားလောက်စရာက၊ တစ်ခါမှာတော့ ကျောင်းသားက ခွဲစိပ်ပြီးတဲ့လူနာကို ခွဲခန်းအပြင်မထုတ်သေးပဲ ထိုင်ကြည့်နေတာတွေ့ရလို့ မေးကြည့်မိပါတယ်၊ ဘာကိုများစောင့်နေတာလဲ၊ မေ့ဆေးများမပျယ်သေးလို့လားလို့၊ မဟုတ်ပါဘူး သူကမေ့ဆေးပျယ်ချိန် (စာအုပ်ကြီးအတိုင်း) ၄၅မိနစ်မစေ့ သေးလို့စောင့် နေတာ။ ၄၅ မိနစ် ပြည့်မှဖြေဆေး ထိုးမှာပါတဲ့။ အံ့ရောပဲ။ ခုလိုလှေနံဓါးထစ် လုပ်ရ မယ်လို့ ဘယ်စာအုပ်မှာမှမတွေ့ဘူးပါဘူး၊ ဒါကြောင့် "မင်းစာမေးပွဲတော့မကျပါဘူး၊ ဒါမျိုးတော့ဘယ် တော့မှ ထပ်မလုပ်ပါနဲ့" လို့၊ သတိပေးလိုက်ရပါတယ်။ နောင်တစ်ချိန်မှာ တပည့်မကောင်း ဆရာ့ခေါင်း ကျလာ မှာသေချာပါတယ်။

ဒီနေရာမှာလည်း အမှတ်ပေးစနစ်က အဆင့်ဆင့်ပါ၊ ဥပမာ လူနာကိုချဉ်းကပ်ပုံ၊ ဆက်ဆံပုံ၊ စမ်းသပ်ပုံ၊ ဆေးတွေပြင်ဆင်ထားပုံ၊ စတာတွေ မှာသူ့ဟာနဲ့သူ အမှတ်တွေ အညီအမျှ ခွဲဝေပေးပြီး သားမို့၊ နောက်ဆုံး အဆင့်လူနာကို မေ့ဆေးပေးရာမှာ လွဲချော်သွားလို့ အမှတ်လျှော့တောင် ကျောင်းသားစာမေးပွဲ ကျစရာ မရှိပါ။ ရှေ့ပိုင်းမှာအမှတ်တွေ ပုံအောပေးပြီးသားပါ၊ကုန်ကုန်ပြောရရင် ကျောင်းသားမှားလုပ်မိလို့ လူနာ သေသွားတောင် စာမေးပွဲ မကျသေးပါ။ တာပင် ကသူ့လူတွေပေါ်ခုလိုရက်ရောတာပါ။ သူတို့ခ မျာလည်း ပထမ စာမေးပွဲကျပြီးကတဲက ၄-၅ နှစ်လုံးလုံး မေ့ဆေးလုပ် လာကြတာမို့ အောင်သင့်ပါတယ်။ ကျွန်တော့ အနေနဲ့လဲ နားလည်ပါတယ်၊ ပြောရမယ်ဆိုရင် သူတို့လူမျိုး external examiner ပေးတဲ့အမှတ်က ကျွန်တော့ထက်ပင်နည်းပါသေးတယ်။ ဒါတောင် ကျောင်းသားတစ်ယောက် လာမဖြေတာမိုက်လုံးကြီး
လေစွ၊ (မပါးနပ်ပုံပြောတာပါ)

                                      ဆရာတွေအားလုံးကိုလေးစား ဂုဏ်ပြုလျက်။

စိုးမြင့်-မေ့ဆေး
ခေတ္တ Maseru, Kingdom of Lesotho.
25 May 2010

5 မှတ်ချက်:

ဟန်ကြည်

ကျွန်တော့် ဒုတိယဘ၀ရဲ့ အသက်မွေးဝမ်းကြောင်းက Private Teacher ဖြစ်တာမို့ ဆရာဘယ်လောက်ပင်ပန်းမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။ ဆရာအကောင်းဆုံးကြိုးစားခဲ့မယ်ဆိုတာမှန်းကြည့်ရုံနဲ့သိနိုင်တာမို့ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါရစေ...

ဆရာ့ Post တွေကို တလေးတစား စောင့်မျှော်လျှက်ပါ...

စိုးမြင့် (မေ့ဆေး)

ကိုဟန်ကြည်
ဆရာတစ်ယောက် အနေနဲ့ အားပေးတာ ဂုဏ်ယူ ကျေးဇူး တင်ပါတယ်။ လေးစားလျက်။

စိုးမြင့် (မေ့ဆေး)
This comment has been removed by the author.
Unknown

ကိုယ်ချင်းစာနာလည်သဘောတွေ့တယ်ဆရာ၊
ဆရာနှစ်ယောက်စလုံးကိုလည်းလေးစား အတုယူပါတယ်။
ကိုယ်တိုင်ကြုံတွေ့လာရင်လည်းအဖြေတခုရပြီပေါ့ဆရာ။

စိုးမြင့် (မေ့ဆေး)

Kyaw :
ကျေးဇူးပါ၊ ဆရာကိုယ်တိုင် ကလည်း ဆရာဝန်ကျောင်းဆရာ မို့ကျွန်တော့ ထက် ပိုနားလည်သဘောပေါက် ပါလိမ့်
မယ်။

Soe Myint (Anaesthesia)  ©2009

Back to TOP