Friday, November 13, 2009

ငိုအားထက် ရယ်အားသန်

Namibia ကို စရောက်သည့်နေ့၊ UNV Program Officer Mr.Venkulan နှင့် 
                                                                   
                                                                  " ငိုအားထက် ရယ်အားသန် "
ဆရာဦးခင်မောင်မြင့်ရေ…
ကျွန်တော်က ဒီနမီးဘီးယား နိုင်ငံကနေပြီး ဦးနှောက် စားစရာတွေ၊ မပြေလည်တာတွေ ချည်း ရေး ရေးပြနေတာ များနေလို့ ဆရာတို့ပါ ရောယောင်ပြီး စိတ်ညစ်ကုန်ကြမှာ စိုးရိမ်မိတယ်ဗျာ။ ပြောရရင်တော့ ဆရာ ရေ၊ အကောင်းရှိရင် အဆိုးလည်း ရှိတတ်တာမို့ စိတ်ညစ်စရာ ကောင်းတာတွေ ရှိသလို ရယ်စရာ၊ ဟားစရာ ကောင်းတဲ့ ဇာတ်လမ်းလေးတွေ လည်း ရှိပါသေးတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်တော့ အဲဒီဇာတ်လမ်းလေး တွေဘက် လှည့်ကြည့်ကြတာပေါ့နော်။


သိတဲ့အတိုင်းပါပဲ၊ ကျွန်တော်တာဝန်ကျနေတဲ့ အိုရှာခါတီဆေးရုံရဲ့ ခွဲစိတ်ခန်းက အကြီးကြီးမို့ ခွဲ ခန်းဆရာမ တွေ ချည်းကပဲ အယောက်(၄ဝ)လောက်နဲ့ ခွဲခန်းဝင်တဲ့ဆရာဝန်ပေါင်းက အစိတ်လောက်ဆိုတော့ အတော့်ကိုစည်ကား တဲ့ ဌာနကြီးပေါ့ဗျာ။ ကျန်ခွဲစိတ်ဆရာဝန်တွေအဖို့ကတော့ အလှည့်ကျသာ ခွဲစိတ်ခန်း ဝင်ရ တာမို့ နေ့စဉ်ခွဲခန်းမှာပဲကျင်လည်နေရတဲ့ ကျွန်တော်တို့လို မေ့ဆေးဆရာဝန်တွေလိုတော့ ဆရာမတွေနဲ့ လက်ပွန်းတတီးမရှိလှဘူးပေါ့ဗျာ။ ကျွန်တော်တို့ ကတော့ သူတို့နဲ့ စိတ်ညစ်စရာ ကြုံလာရင်လည်း အတူတူ၊ ပျော်စရာ ဟားစရာရှိလည်း အတူတူ၊ မျှဝေခံ စားကြရတာပေါ့။ ဆေးရုံတို့၊ ခွဲစိတ်ခန်းတို့ဆိုတာကလည်း မစည်ကားအပ်တဲ့ အရပ်ထဲမှာ ပါတာမို့ ပျော်စရာတွေ ဆိုတာထက် ငိုအား ထက်ရယ်အားသန်ရတဲ့ အဖြစ်လေးတွေဆိုရင် ပိုပြီးမှန်မှာပေါ့ ဆရာရေ။

ကဲ…ဆရာရေ၊ ဇာတ်လမ်းလေးတွေ စလိုက်ရအောင်နော်။ တစ်ချက်တော့ ကြိုတောင်းပန်ထား ချင်တာကတော့ ခွဲစိတ်ခန်းကဇာတ်လမ်းတွေမို့ နားရှက်စရာအသုံးအနှုန်းလေးတွေပါလာရင် ခွင့်လွှတ်ဖို့ပါပဲ။ ကျွန်တော်အယဉ်ကျေးဆုံး အသုံးအနှုန်းလေးတွေ ရွေးသုံးထားပါတယ်လို့ ကြိုပြောထားပါရစေနော်။

ဒီလိုပါ၊ တစ်ခါက ကျွန်တော့်တို့ဆေးရုံကို အနောက်နိုင်ငံသားမျက်နှာဖြူဆရာဝန်အသစ်တစ်ယောက် ရောက်လာ ပါတယ်။ သူလည်း ဗော်လန်တီယာဒေါက်တာတစ်ယောက်ပါပဲ၊ သူတို့နိုင်ငံအစိုးရကနေ နမီးဘီး ယားအစိုးရအတွက် အထောက်အပံ့ပေါ့။ သူက ဆီးနဲ့ကျောက်ကပ်ဆိုင်ရာအထူးကုလို့ဆိုပါတယ်။ လူက ပိန်ပိန် ပါးပါး၊ လေးဆယ်ဝန်းကျင် လောက် မင်နဲ့မောင်းနဲ့ဆိုတော့ အထင်ကြီးလောက်စရာပေါ့။ (အဖြူဆိုရင်ကိုပဲ ဒီမှာက အလိုလိုနေရင်း အထင်ကြီး ပြီးသားပါ။) စောစောပိုင်းမှာတော့ သူ့ဆီးရောဂါခွဲ စိတ်ဌာနမှာ အခြားနိုက်ဂျီးရီးယားဆရာဝန်တစ်ယောက်လည်းရှိနေလေတော့ သူရဲ့လက်စွမ်းလက်စကို အချိန်အတန်ကြာတဲ့ထိ ကျွန်တော်တို့ မတွေ့ကြရသေးဘူးပေါ့။

တစ်နေ့ အဲဒီဆရာဝန်က ခွင့်နဲ့သူ့နိုင်ငံကိုခဏပြန်သွားတော့မှ အဲဒီစပါယ်ရှယ်လစ်(စ)အသစ်စက် စက်ရဲ့ပညာစွမ်းကို ကျွန်တော်တို့တတွေ ကိုယ်တွေ့ တွေ့ရတော့တယ်၊ ဆရာရေ။ အဲဒီနေ့က သူ့ခွဲစိတ် စာရင်းမှာ လူငယ်(၃)ယောက်စာရင်းတင်ထားတယ်ဗျ။ အားလုံးက Circumcision လိင်တံထိပ်ဖုံးအရေပြားကို လှီးဖြတ်တဲ့ခွဲစိတ်မှု၊ အရပ်စကားနဲ့ပြောရရင် ကုလားလိုရှင် ပြုတာပေါ့ဗျာ။ သူ့လို စပါယ်ရှယ်လစ်ကြီး တစ်ယောက်အဖို့ကတော့ဗျာ၊ ဆင်တော်နဲ့ ခလောက်လို့ ပြောရမလားပဲ၊ အသေးအမွှား ကိစ္စပေါ့။ ထားပါတော့လေ၊ ခုမှ မြေစမ်းခရမ်းပျိုးတာမျိုးဖြစ်မှာပေါ့။

သူ့လူနာတွေမေ့ဆေးပေးရတာကတော့ ကျွန်တော်ပေါ့။ ဦးဦးဖျားဖျားဈေးဦးပေါက် ကျွန်တော်တို့ ဆုံဆည်းရတာပါ။ ခွဲစိတ်ဆရာဝန်အသစ်မို့ ဘေးကလာလေ့လာပညာယူတဲ့ဆရာဝန်တွေနဲ့ စည်စည်ကား ကားလေးပေါ့။ အဲ၊ ကျွန်တော်က ခွဲနိုင်ပြီဆိုပြီးအချက်ပေးလိုက်တော့ ..သူလုပ်ပုံကိုင်ပုံကိုကြည့်ပြီး သူ့အထင် ကြီး ချင်တဲ့စိတ်တွေ ဘယ်ပျောက်ကုန်မှန်း မသိတော့ဘူးဗျာ။ ဂျိုးကလေးကိုကိုင်ပြီး သူက ဘဲဥအစရှာ မရဖြစ်နေ တာကိုး။ ဒါနဲ့ ဘေးက ရပ်ကြည့်နေတဲ့ ကျွန်တော့် မိတ်ဆွေဖိလစ်ပိုင်ဆရာဝန် Dr.Jamora (ဂျမိုရာ)က အသည်းတွေယားလာ လို့နဲ့ တူတယ်။ ဘာမပြောညာမပြောနဲ့ ဝင်လုပ်သွားပေးလို့ ပထမ လူနာ(၂)ယောက်က နာရီဝက်လောက်နဲ့ တင်ပြီးသွားပါတယ်။ နောက်ဆုံးလူနာကျတော့မှ သူလုပ်ပါစေဆိုပြီး ချန်ပစ်ခဲ့တာပါ။ အဲဒီ တော့မှ ကျွန်တော့်ဇာတ်လိုက်ဆရာဝန်ကြီးခွဲတာ တစ်ယောက်ထဲတင် တစ်နာရီ လောက်ကြာသွားတယ်။ အံ့ ရောပဲ။ ဆရာတို့လည်း သိမှာပါ၊ ဒီခွဲစိတ်မှုက ဆေးပညာမှာ မူကြိုအဆင့် လောက် ရှိတာမို့ အားလုံးက ဖျားကုန်ကြတယ်။ ပရော်ဖက်ဆာကြီး အေ၊ ဘီ၊ စီ မတတ်သလို ဖြစ်နေတာပေါ့။

ဆရာရေ၊ ဇာတ်လမ်းက ဒီမှာမဆုံးသေးဘူးဗျ။ နောက်နေ့ကျတော့ သူခွဲလိုက်တဲ့လူနာက ဂျိုးတံ တစ်ခုလုံးသွေးတွေ နဲ့ယောင်ကိုင်းလာလို့ ခွဲခန်းထပ်ဝင်ရပြန်တယ်လေ။ (ယောင်မှာပေါ့၊ သူခွဲတုန်းက သွေး ကြောတွေမှ အသေအချာပြန်မချုပ် ခဲ့ဘဲကိုး။) ဒါကြောင့်မို့ ချုပ်ရိုးတွေပြန်ဖြေရ၊ သွေးခဲတွေပြန်ထုတ်ပစ်ရ လုပ် ရတာပေါ့။

ဒါနဲ့ပဲ ခွဲစိတ်ခန်းကလူနာ ဒုတိယအကြိမ်ပြန်ထွက်လာရရော ဆိုပါတော့။ သူ့ဇာတ်လမ်းကလည်း ဒီမှာမဆုံးသေးဘူး ဆရာရေ့။ ခွဲခန်းအပြင်ဘက်မှာ လူနာကို ဝဒ်ထဲကဆရာမနဲ့ ဆရာမချင်းလွှဲပေးရတော့ ခွဲ စိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန် တွေရဲ့ ညွှန်ကြားချက်တွေကို ထုံးစံအတိုင်းအော်ဖတ်ပြရတာကိုး။ အဲ့ဒီမှာ ဆရာမတစ်ယောက်က သူ့ညွှန်ကြားချက်တွေ နားမလည်ဘူး။ “လူနာကိုယ်တိုင်ထောင်ယူမှာလား? ကျွန်မတို့က ထောင်ထားပေးရမှာလား? ”...“ကျွန်မတို့လုပ်ပေးရ မယ်ဆိုရင်လည်း ဘယ်လိုလုပ်ရမယ်ဆိုတာမသိလို့ …တာတေစိုး၊ လာပြပေးပါဦး…” ဆိုတာနဲ့ ကျွန်တော်လည်း မအူမ လည်နဲ့ အပြေးအလွှားသွားကြည့်ရတယ်။ လာပြောတဲ့ ဆရာမကလည်း ရယ်ကျဲကျဲနဲ့မို့ ကျွန်တော်လည်း ဘာများပါလိမ့် လို့။ (တာတေ…ဆိုတာက သူတို့စကား နဲ့ဆိုရင် မစ္စတာ (သို့ မဟုတ်) ဦးလို့အဓိပ္ပယ်ပါ၊ ကျွန်တော် တို့ နားနဲ့ တော့ တစ်မျိုးကြီးပေါ။့ ကျွန်တော်လည်း ဒီရောက်မှပဲ လူစင်စစ်ကနေ တာတေဘဝရောက်ရ တော့တာပဲ။)

ဒါနဲ့ သူ့ညွှန်ကြားချက်ကိုဖတ်ကြည့်လိုက်တော့ elevate the penis for 24 hours (ဂျိုးတံကို ၂၄နာရီထောင် ထားပေးပါ) လို့ ပါတာကိုး။ ဒါကြောင့်မို့ဆရာမတွေ တရုံးရုံးနဲ့ပွဲကျနေကြတာပေါ့။ ဆရာတို့လည်း ကြုံဖူးမှာပေါ့ဗျာ။ ခြေတွေလက်တွေကိုသာ သွေးမကျအောင်၊ အယောင်လျော့အောင် ကြိုးနဲ့ ဆွဲပြီးထောင်ထားရတာ၊ ဟိုဟာလေး ကို ထောင်ထားရတယ်ဆိုတာ ရှိမှမရှိတာ။ ကျွန်တော်လည်း ခုမှကြားဖူး တော့တာ။ သွေးကျမကျတော့ မသိဘူး၊ ရှည်လာမှာတော့ သေချာတယ်၊ extend ဖြစ်လာမယ်လို့ ပြန်ပြော လိုက်မိတယ်။

ဒါနဲ့ပဲ အဲဒီနေ့ကစပြီးတော့ ဒီဆရာကြီးရဲ့နာမည်လည်း Extented (အိပ်ခ်စတန်းဒက်) လို့ တွင်သွားတော့တယ်။ (Extend …ဆိုတာက တိုတာကိုရှည်အောင်လုပ်ပေးတာပေါ့၊ ဘာကိုရှည်အောင်လုပ် ပေးမလဲတော့ မသိဘူးလေ။) သူ့နာမည်ရင်းက Ekstedt (အက်ခ်စတက်) ဆွီဒင်နာမည်ပါ။ သူကလည်း လူသစ်ဆိုတော့ သူ့နာမည်ရင်းကိုမသိဘဲ Extended လို့ ခေါ်တဲ့လူကပိုများနေတယ်။ အသံထွက်ချင်း ကလည်း ခပ်ဆင်ဆင်မို့ သူ့ခမျာ သူ့နာမည်အသံထွက်မှန်မခေါ်တတ်လို့ခေါ်တယ်ပဲ ထင်နေရှာတယ်လေ။

အဖြစ်ကတော့ဆရာရေ၊ ကြားရင်တောင်ယုံမှာမဟုတ်ဘူး၊ ခုတကယ့်ကိုယ်တွေ့ကြုံနေလို့သာ။ ဒီ ပုဂ္ဂိုလ် ဘယ်လို ဘယ်လိုလုပ်ပြီးဆရာဝန် ဖြစ်လာတယ်ဆိုတာ ကျွန်တော်နားမလည်နိုင်တော့ဘူး။ ပိုပြီးနား မလည်နိုင်တာကတော့ ဒီလောက်နာမည်ကြီးနေတဲ့ စပါယ်ရှယ်လစ်ကြီးကို နေရာမရွှေ့ပစ်ဘဲ ခွဲစိတ်ဌာနမှာ ဆက်ထားနေတာကိုပါပဲ။ ဒါကြောင့်မို့ သူနဲ့အတူအရေးပေါ်တာဝန်ကျတဲ့ လူတွေအဖို့ကတော့ ကံဆိုးတာပေါ့ ဆရာရယ်။ အချိန်မတော်ကြီးမှာ ဟိုလူ့လှမ်းခေါ်ရ၊ ဒီလူ့လှမ်းခေါ်ရ၊ အရပ်ကူပါ လူဝိုင်းပါပဲ။ သူကတော့ ခုထိ ခွဲစိတ်စပါယ်ရှယ်လစ်က တစ်ပြားသားမှ မလျှော့သေးဘူး။ ကျွန်တော်တို့ကတော့ သူနဲ့အတူတူ အရေး ပေါ်တာဝန်ကျရင် အဲဒီနေ့အဖို့ ကားမတိုက်ပါစေနဲ့၊ မူးပြီးမရမ်းပါစေနဲ့၊ ဓါးမထိုးပါစေနဲ့ဆိုပြီး စပါယ်ရှယ် လစ် ကြီးအတွက် စပါယ်ရှယ်ဆုတွေတောင်းနေရတယ်ဗျာ။ ဆုတောင်းကောင်း လို့လားတော့မသိဘူး၊ သူနဲ့ပတ် သက်လို့ ခုထိတော့ကျွန်တော်နဲ့အသေအပျောက်မရှိသေးပါဘူး။

ဆရာဦးခင်မောင်မြင့်ရေ…
အဲဒီ Circumcision နဲ့ပတ်သက်လို့ပဲ မှတ်လောက်သားလောက်ပြောစရာ နောက်တစ် ယောက် ရှိပါသေးတယ်။ သူက စပါယ်လစ်တော့ မဟုတ်ဘူး။ ကျူဗား (Cuba) နိုင်ငံက ပူပူနွေးနွေး ဆေး ကျောင်းဆင်းလာစ သူတို့လူမျိုးဆရာဝန် ပေါက်စတစ်ယောက်ပါ။
သူပထမဦးဆုံးခွဲတဲ့ Circumcision ကလည်း ကျွန်တော်နဲ့ပါပဲ။ လူကတော့ခြေမြန်လက်မြန်ပါ။ ဒါပေမယ့် သူစခွဲတာ ကြည့်ပြီး ကျွန်တော်အတော့်ကိုလန့်ဖြန့်သွားမိတယ်။ လန့်ဆို စခွဲတယ်ဆိုတာနဲ့ လူနာ ရဲ့ ဂျိုးထိပ်ကအရေပြားကို မဖြတ်ဘဲ အတံရဲ့ထက်ဝက်နေရာလောက်မှာ အရေပြားကို တစ်ပတ်တိတိ လှီးပြီးနေပြီ လေ။ ဒါနဲ့ “ဟ…လင်ဘိုရဲ့ (သူ့နာမည်က လင်ဘိုပါ)၊ မင်းဟာက ထက်ပိုင်းဖြတ်မလို့လား။ နေပါဦး၊ ပြန်စစ်ကြည့်ပါဦး။ လူနာများမှားနေသလား၊ ဒါကဖြတ်ရမယ့် လူနာမဟုတ်သေးဘူး။” လို့ အလန့်တကြား အော်မိတယ်။ ဘေးကကူနေတဲ့ ဆရာမတွေလည်း မျက်လုံးတွေ ပြူးနေ တာပေါ့။ ဒီတော့ သူက သူလူမမှားပါဘူး၊ Circumcision လုပ်မလို့ပါပဲတဲ့။ ဒါနဲ့ ကျွန်တော်ကလည်းသူ့ကို ကောင်းကောင်း လှောင်ပြောပြောလိုက်မိ တယ်။ “ ဟ…ဒါဖြင့် ဒီနည်းကနောက်ဆုံးပေါ်နည်းလား။ ငါလည်းတစ်ခါမှ မတွေ့ဖူးသေးဘူး။ နေပါဦး၊ မင်းရဲ့ဆရာကြီးကို ခေါ်ပြလိုက်ပါဦး။ သူလည်း ပညာယူတန် ယူရအောင်” လို့။…ဆိုပြီး မနည်းတားထား ရတယ်။ ဒါနဲ့ပဲ နောက် သူ့ဆရာကြီးရောက်လာတော့ တပည့်လုပ်ပုံကြည့်ပြီး သူ့နဖူးသူလက်ဝါးနဲ့ရိုက်ပြီး အတော်စိတ်ပျက်သွား ရှာတယ်။ သူလှီးထားတဲ့အရေပြား ပြန်ချုပ်ခိုင်း ရတော့တာပေါ့။ လူနာကိုလူပျိုလည်း ကံကောင်းလို့ ဘဝဆုံးတော့မလို့။ (ချုပ်ရိုးတစ်ခုတော့ အပိုဆုရသွားတာပေါ့။) ဆရာရေ၊ သူ့ရဲ့ဇာတ်လမ်းက လည်း ခွဲခန်းမှာကနေ့ထိ ဟားစရာတစ်ခုအဖြစ် ပြောမဆုံးဖြစ်နေတယ်။ “…ရှည်ချင်ရင် Extended ဆီသွား၊ တိုချင်ရင်တော့ လင်ဘို ရှိတယ်”… ပေါ့။

ပြောသာပြောရတယ် ဆရာရေ၊ ဆေးသမားကတော့မထောင်းသာ၊ လူနာမှာမချိ…ဆိုတဲ့ စကားရှိ သားပဲ။ ခံရတဲ့ လူနာအဖို့ နစ်နာတာပေါ့။ ဂျာမန်ဆေးကျောင်းသားတစ်ယောက်က ပြောပါတယ်၊ သူတို့နိုင်ငံ မှာသာဆိုရင် ဒါမျိုးဖြစ်လို့ ကတော့ လျော်ကြေးတောင်းလို့ဆုံးမှာမဟုတ်ဘူးတဲ့။ မှန်ပါတယ်၊ လင်ဘိုပါပဲ၊ Otjiwrango (အိုချီဝရမ်းဂိုး) ဆိုတဲ့ ဂျာမန် အများစုနေတဲ့ မြို့လေးကဆေးရုံကိုပြောင်းသွားတော့ အဲဒီမှာ ဂျာမန်တွေနဲ့ ထိပ်တိုက်တွေ့တော့တာပါပဲ။ ဖြစ်ပုံက လိပ်ခေါင်း လူနာတစ်ယောက်ကို သူခွဲပေးလိုက်တာ စအိုဝကို လုံးဝပိတ်ပစ်လိုက်မိလို့ဆိုပြီး သတင်းစာ တွေ၊ရေဒီယို နဲ့တီဗွီတွေမှာ တော်တော်နာမည်ကြီးသွားခဲ့ တယ်။ (ဒီနိုင်ငံမှာက နာမည်ကြီးချင် လွယ်တယ် ဆရာရေ့။ သတင်းတွေက သိပ်ကိုလွတ်လပ်တယ်လေ။) အဲဒီကိစ္စ ဒီတင်ရပ်မသွားဘူး၊ လင်ဘို့ကျေးဇူးနဲ့ သူတို့ရဲ့ပါလီမန်မှာ ကျန်းမာရေးဝန်ကြီး ကိုယ်တိုင် အတိုက် အခံပါတီရဲ့ ထိုးနှက်တာကို ကောင်းကောင်းကြီးခံလိုက်ရရှာတယ်။

ခုတော့ အဲဒီဆရာကလေးလည်း ကျွန်တော်တို့ဆေးရုံကို ပြန်ရွှေ့လိုက်ပါပြီ။ သူကတော့ ဘာမှ မဖြစ်တဲ့အတိုင်း ခပ်ပျော်ပျော်ပါပဲ။ နောက်ဆုံးပေါ်ဂျပန်ဆလွန်းကားအသစ်ကြီးနဲ့ အခုမှကားအမောင်း စသင် နေလေ၇ဲ့။

ဆရာဦးခင်မောင်မြင့်ရေ…
သူတို့ရဲ့ခွဲစိတ်ပါမောက္ခကြီးနဲ့ပတ်သက်ပြီး ကြုံရတာတစ်ခုရှိပါသေးတယ်၊ တစ်နေ့တော့ အသက်ရှူလေ ပြွန်ထဲ သစ်စေ့မတော်တဆဝင်သွားလို့ အသက်ရှူကျပ်နေတဲ့ကလေးတစ်ယောက်ရောက်လာတယ်။ (သစ်စေ့) ပြန်ထုတ်ပေးရဖို့ပေါ့။ အဲဒီ operation (ခွဲစိတ်မှု) မှာက လူနာရဲ့ လေပြွန်ထဲကို သတ္တုပိုက်လုံးတစ်ခုထိုးသွင်း ပြီး ညှပ်နဲ့ သစ်စေ့ကို ပြန်ဆွဲထုတ်ရတာပါ။ အဆင်ပြေရင်တော့ မိနစ်ပိုင်းအတွင်းခဏလေးပါ။ ဒါပေမယ့် အဲဒီနေ့က ကံဆိုးချင်တော့ သူု့ပိုက်က လေပြွန်ကိုမတော်တဆ ထိုးဖောက်မိပြီး အဆုတ်ထဲထိရောက် သွားတယ်။ မေ့ဆေးဆရာဝန်ကတော့ ကံဆိုးသူကျွန်တော်ပါပဲ။ သွေးတွေမနည်းပန်းထွက်လာတယ်၊ နဂိုကမှ အသက်ရှူကျပ်နေတဲ့ကလေးဆိုတော့ အခြေအနေကအရမ်းကိုဆိုးသွားတော့တာပေါ့။ ခွဲစိတ်မှုကလည်း ရင်ကို ဖွင့်ပြီး အဆုတ်တစ်ပိုင်းပါဖြတ်ထုတ်ရတဲ့ အခြေအနေကိုရောက်သွားတယ်။ ဒါပေမယ့် အခြေအနေ အားလုံး ကို ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်ပြီး အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။ (ပရော်ဖက်ဆာနဲ့မို့လို့ပေါ့။)
ဒါပေမယ့် ကံဆိုးချင်တော့ ဆရာရေ၊ အဲဒီကလေးက ခွဲပြီး (၂၄)နာရီမပြည့်မီမှာ မမျှော်လင့်ဘဲ ဆုံးသွားလို့ Anaesthetic Death (မေ့ဆေး လူသေမှု) ဖြစ်သွားခဲ့တယ်။ ဒါနဲ့ ထုံးစံအတိုင်း ရဲနဲ့အမှုဖွင့်ရ၊ လူသေမှုအစီရင်ခံစာ (Death Statement) ရေးရမယ့် ကိစ္စတွေဖြစ်လာတော့တယ်။ ဆရာကြီးကတော့ ခရီး ထွက်သွားလို့ ဘာမှမသိ လိုက်ပါဘူး။

ဒီကိစ္စအပေါ်ယံကြည့်ရင် ပရော်ဖက်ဆာကြီးလက်လွန်သွားတဲ့ပုံဖြစ်နေတော့ Statement ရေးရတာ အတော်လက်ဝင်နေတယ်။ စကားလုံးအသုံးအနှုန်း ထိန်းထိန်းသိမ်းသိမ်းရေးဖို့ပေါ့။ ဒီလိုပဲ ကျွန်တော်ရေးပါ တယ်။ ခွဲခန်းဆရာမ(၃)ယောက်လည်း ရေးရပါတယ်။ သူတို့လည်း ဆရာကြီးနဲ့ပတ်သက်နေတော့ ခပ်လန့် လန့််ပေါ့။ အရမ်းလည်းမရေးရဲတော့ ဆရာကြီးရေးခဲ့တဲ့ဆေးမှတ်တမ်းတွေက ကူးရေးကြပါတယ်။ သူ့မှတ် တမ်းမှာက သွေးတွေ အများကြီး ပန်းထွက်လာတယ်၊ (Massive bleeding)…လို့ပါတာကိုး။ ဒါကိုလည်း သူတို့ကတိုက်ရိုက်ကူးရေးကြတယ်။

သူတို့ရေးတာတွေကိုဖတ်မိပြီး ကျွန်တော်ရင်တုန်သွားမိတယ်။ ရဲတို့၊ ရုံးတို့ရောက်မယ့်အစီရင်ခံစာ မှာ ဒီလို တစ်ဖက်စွန်းအရေးအသားမျိုး၊ သူတစ်ဖက်သားကိုထိခိုက်မယ့်အရေးသားမျိုး မရေးသင့်ဘူး၊ မယုတ် မလွန်ရေးရမယ် ဆိုတာ ဆေးကျောင်းသားဘဝကတည်းက ကျွန်တော်တို့ကို သင်ထားပြီးသားပါ။ ဒီပရော်ဖက် ဆာကိုမှ မဟုတ်ပါဘူး။ ဒါကြောင့်မို့ လျှော့လျှော့ပေါ့ပေါ့…သွေးအချို့ထွက်တယ် (bleeding some amount)…လောက်ပဲရေးဖို့ သူတို့ကို ကျွန်တော်သတိပေးပါတယ်။ ဆရာကြီးရေးထားတာက ဆေးမှတ်တမ်း အနေနဲ့ရေးထားတာ။ ရဲစခန်းအတွက် မဟုတ်ဘူး လို့၊ ဒါပေမယ့်သူတို့က သူတို့ပါမောက္ခရေးတာဆိုရင် သမ္မာကျမ်းစာလိုသဘောထားနေလေတော့ ကျွန်တော့် စကားကအရာမထင်ခဲ့ပါဘူး။

အဲဒီအစီရင်ခံစာတွေအားလုံး ဆိုင်ရာဆိုင်ရာတွေဆီပို့ပြီးတော့မှ ဆရာကြီးပြန်ရောက်လာတယ်။ ဒီ တော့မှ မှတ်တမ်းတွေဖတ်ကြည့်ပြီး ဘယ်ပြောကောင်းမလဲဗျာ၊ ခွဲခန်းဆရာမတွေကို သိမ်းကြုံးပြီးဆူတော့ တာပေါ့။ သူလုပ်တာ ဒီလောက်သွေးမထွက်ပါဘူး တဲ့။ (သူလည်းပဲ ဘယ်အသားနာခံချင်ပါ့မလဲဗျာ၊ ဒါက သဘာဝ ကျပါတယ်။) ဆူတာ တောင် နည်းသေးတယ်။ ဆရာမတွေက ရှေ့တင်တော့ဘာမှပြန်မပြောရဲကြပါဘူး။ နောက်ကွယ်မှာတော့…ငါပြောသလိုလုပ်၊ ငါရေးသလိုလိုက်မရေးနဲ့…စကားကလေးတွင် ကျန်ရစ်ခဲ့ပါတယ်။ (ဒီကလေးဆုံးရတာက သွေးကြောထဲလေဝင်သွားတာ၊ air embolism ကြောင့်ဆိုတာ နောက်တော့ ရင်ခွဲရုံ က အဖြေသိရပါတယ်။ ပရော်ဖက်ဆာကြီးကံကောင်း တယ်ဆိုရ မှာပေါ့။)

ဒါကြောင့်မို့ ကျွန်တော်ရေးခဲ့ဖူးတာပေါ့။ Anaesthetic death ရေးရတဲ့ကိစ္စဟာ အတော်ဦးနှောက်စားရ တယ်လို့။ ဆရာရေ၊ ဒီလိုအစီရင်ခံစာရေးတာနဲ့ပတ်သက်ပြီး မကြာမီကမှရောက်လာတဲ့ Cuba နိုင်ငံက မေ့ဆေးဆရာဝန်အသစ် တစ် ယောက် ရဲ့ ရေးပုံရေးနည်းကလည်း မှတ်သားစရာကောင်းလွန်းလို့ ဆက်ပြီးပြော ချင်ပါသေးတယ်။ အဲ့ဆရာကလည်း သူ့နိုင်ငံမှာ ပရော်ဖက်ဆာအဆင့်ရှိတယ်လို့ပြောတာပဲ။ ကြုံလို့ပြောရရင် ဒီနိုင်ငံကို ရောက်လာတဲ့ဆရာတွေအားလုံး လိုလိုဟာ ကိုယ့်ထက်သာတဲ့လူတွေချည်းပါပဲ။ ဘယ်သူမှ (ပရော် ဖက်ဆာအဆင့်မဟုတ်တောင်) စပယ်ရှယ်လစ်အဆင့် ထက်မလျော့ပါဘူး။ တစ်ချို့များဆိုရင် စပါယ်ရှယ်လစ် က တစ်မျိုးတောင်မကဘူး၊ သုံးလေးမျိုးတောင်ပိုင်တယ်လို့ ဆိုကြတာပဲ။ ထားပါတော့လေ၊ ဒါကကြုံကြိုက် တုန်းပြောရတာပါ။ မနာလိုမရှိပါဘူး။

Cuban တွေက ထုံးစံအတိုင်း စပိန်စကားနဲ့ တစ်သက်လုံးကြီးပြင်းလာတာမို့ အင်္ဂလိပ် စါ ကို ဒီ ရောက်မှပဲ အသေအလဲဖတ်နေကြရတာပါ။ ဖြစ်ချင်တော့ အဲဒီမေ့ဆေးဆရာကြီးလည်း ရောက်လို့မှဘာမှ မကြာလိုက်ဘူး။ ခွဲရင်းစိတ်ရင်း လူနာကဆုံးသွားလို့ မေ့ဆေးလူသေမှု နှဲ့Statement ရေးဖို့ ကြုံလာတယ်။ ဖြစ်ပုံက ခွဲစိတ်နေတုန်း သွေးကိုလိုသလောက်မရနိုင်လို့ (၂)ပုလင်းပဲ သွင်းလိုက်နိုင်တယ်။ လူနာက သွေး ထွက်လွန်ပြီး ဆုံးသွား တာကိုး။ အင်္ဂလိပ် လိုမို့ သူ့ခမျာလည်း အတော်ကြိုးစားပမ်းစား ဘောပင်ကို တံတွေးဆွတ် ရေးယူရရှာတယ်။ ပြီးတော့ ကျွန်တော့်ကို လာပြပါတယ်။ မှားရင်လည်း ပြင်ရ အောင်ပါ။

သူ့စာကိုဖတ်ကြည့်လိုက်တော့ နောက်ဆုံးအဆုံးသတ်မှာ ရေးပုံလေးက“Blood out.. blood in, Blood out..blood in, Blood out more, the patient died” တဲ့။ သွေးထွက်တယ်၊ သွေးသွင်းတယ်။ သွေးထွက်တယ်၊ သွေးသွင်းတယ်။ သွေးထွက်တာက ပိုသွားတယ်။ လူနာဆုံးသွားတယ် …ပေါ့၊ မဟုတ်လားဆရာ။ ရှင်းပါတယ်နော်။ ဒီလောက် ရှင်းနေလွန်းတဲ့စာကိုမှ သွားပြင်လိုက်ရင် ကျွန် တော့်လောက်မိုက်တဲ့လူ ဘယ်ရှိတော့မှာလဲ။ ဒါကြောင့်…မပြင်တော့ပါဘူး၊ သိပ်ကောင်းပါတယ်၊ ရှင်းပါ တယ်…ဆိုပြီး သူ့ပြန်ပေးလိုက်တယ်။ နားလည်ဖို့က လိုရင်းမဟုတ်လားဗျာ။ အဲ…ကျွန်တော့်စိတ်ထဲမှာ သိချင်စိတ် ပြင်းပြတာနဲ့ တစ်ခုတော့ သူ့ပြန်မေးလိုက်မိတယ်။ The Princes and the Photographer (ရွှေမင်းသမီးနဲ့ဓါတ်ပုံဆရာ) ရုပ်ရှင်များ ကြည့်ဖူးသလား…လို့။ သူကလည်း…ရက်(စ်)၊ ရက်(စ်)၊ မက္ကဆီကို နိုင်ငံမှာတုန်းက သူကြည့်ခဲ့ဖူးတယ်။ သိပ် ကြိုက်တာပဲ…တဲ့။ ဒီတော့မှပဲ ကျွန်တော်လည်း သဘောပေါက် သွားတယ်။ သူ့ အရေးအသားက အဲဒီရုပ်ရှင်က လာတာပဲကိုး။ အဲဒီရုပ်ရှင်က ရန်ကုန်မှာပြ သွားတာ လူကြိုက်များလွန်းလို့ ဆရာလည်း ကြည့်ဖူးရင် မှတ်မိမှာပေါ့။ အဲဒီကားထဲမှာ ဂျပန်မင်းသားက ဆွီဒင်မင်းသမီးနဲ့ ဟိုတယ်ခန်းထဲမှာ အကျပ်ရိုက်နေတော့ အင်္ဂလိပ် လို မတတ်တတတ်နဲ့ ပြန်ပြောတာ“You drink, I drink, You drink, I drink..You more drink ”ဆိုတာလေ။ သူသောက်တယ်၊ ကျွန်တော် သောက်တယ်။ သူသောက် တယ်၊ ကျွန်တော်သောက်တယ်။ သူပိုသောက်တယ် (ပိုမူးတယ်) ပေါ့။

ကျွန်တော်လည်း အင်္ဂလိပ်စါ သိပ်တော်လှတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနိုင်ငံရောက်မှပဲ ကျွန် တော့်အရေးအသား ကောင်းလှချည်ဆိုပြီး ဟိုလူကစာလာရေးခိုင်း၊ ဒီလူကစာလာပြင်ခိုင်းနဲ့ အနူတောမှာ လူ ချောဖြစ်နေတယ်ဆိုရမလားပဲ။ ဒီနိုင်ငံမထွက်မီ ခုလိုရေးနိုင်သားနိုင်အောင် ပညာပေးခဲ့တဲ့ ဆရာဦးအောင်ကျော် (မောင်ကြာညို)ကိုလည်း အကြိမ်ကြိမ် ဦးခိုက်မိပါ တယ်။

ကဲ…ဆရာရေ၊ စာလည်းအတော်ရှည်သွားပြီ။ ဆရာ့မဟေသီပရိသတ်ကတော့ ကျွန်တော့်ဆရာ ဝန်တွေ ကြည့်ပြီး ဆရာဝန်တွေကို အတော်ကြောက်သွားမလားမသိဘူး။ မကြောက်ကြပါနဲ့လို့။ မြန်မာနိုင်ငံ မှာ ကျွန်တော်လုပ်ခဲ့တဲ့ မေ့ဆေး လုပ်သက်(၁၅)နှစ်ကျော် (၁၆)နှစ်အတွင်းမှာ ဒီလောက်ညံ့တဲ့လူတွေ တစ်ခါမှ မတွေ့ခဲ့ဖူးတာအမှန်ပါ။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ဆရာဝန်တွေ နိုင်ငံရပ်ခြားမှာ နာမည်ရကြတာပေါ့။ ခု ဒီနိုင်ငံမှာလည်း လွန်ခဲ့တဲ့ (၅)နှစ်(၆)နှစ်က လုပ်သွား ခဲ့တဲ့ကျွန်တော်တို့ဆီက UNV ဆရာဝန်တွေဆို နာမည်ကောင်းပဲကျန်ရစ်ပါတယ်။ ခုထိပဲ မေးနေကြမြန်းနေကြဆဲပါပဲ။ ကျွန်တော်လည်းပဲ တစ်နေ့ ကိုယ့်အမိ နိုင်ငံ ကိုပြန်လာတဲ့အခါ ဒီမှာ ကျန်ရစ်ခဲ့စေချင်တာလဲပဲ.....…။ ။

စိုးမြင့် မေ့ဆေး
(ခေတ္တ အိုရှာခါတီ။ နမီးဘီးယား )
(၁၉၉၆ ဇွန်လထုတ် မဟေသီမှ)


(စာကြွင်း) အပျော်ကျူးလွန်းတဲ့ Limbo (လင်ဘို) တစ်ယောက်လည်း ဆုံးရှာပါပြီ။ HIV နဲ.၂၀၀၀ကျော် လောက်က။ ဒီ လောက်တောက်ပြောင်တဲ့ အနာဂတ်ကို သူမမြင်သွားရပါဘူး။ 

2 မှတ်ချက်:

Dr.Nay Oo (Burma)

မေ့ဆေးဆရာကြီးခင်ဗျား။

အတိတ်က အရိပ်လေးတွေ ပြန်ဖတ်ရတာ ကောင်းပါ၏ လက်ရှိ ပစ္စက္ခ မျက်မှောက် လီဆိုသိုက အနှီထိုထိုသော အကြောင်းလေးများလည်း တစခန်းထွင်ပြီး ဇတ်လမ်းဆင် လိုက်ပါဦး။ ကဲ ရွာစားရေ “Coming soon , Overture”
အခန်းပြောင်း တီးလုံးဖွင့် !!!!!

Anonymous

“…ရှည်ချင်ရင် Extended ဆီသွား၊ တိုချင်ရင်တော့ လင်ဘို ရှိတယ်" :DD ဆရာ့ရဲ့အတွေ့အကြုံတွေကစိတ်ဝင်စားစရာကောင်းသလိုဆရာ့အရေးအသားတွေကိုလည်းသဘောကျတယ်ဆရာ...ကျေးဇူးတင်ပါတယ်ဆရာ...:D

Soe Myint (Anaesthesia)  ©2009

Back to TOP