Sunday, November 15, 2009

HIV ကိုမှသွားစိန်ခေါ်မိတဲ့ အချစ်ကြီးသမား

                                             ဂျာမန်ဆေးကျောင်းသားများရဲ့ပါတီပွဲတစ်ခု
                                        " HIV ကိုမှသွားစိန်ခေါ်မိတဲ့ အချစ်ကြီးသမား တစ်ယောက် "
နမီးဘီးယားဆိုတာက လူဦးရေ တစ်သန်းခွဲ သာသာတာရှိတဲ့၊ ကမ္ဘာမှာ လူဦးရေ အနည်းဆုံး၊ သက်တမ်း အားဖြင့်လည်း အငယ်ဆုံးနိုင်ငံထဲက တစ်ခုပါ၊ ဒါပေမဲ့ သူ့မှာ ထူးခြားတာလေးတွေ ရှိပါတယ်၊ ဥပမာ ပညာရေးနဲ့ ကျမ်းမာရေးတွက် ဘတ်ဂျက် အသုံးစရိတ်မှာ အတော့်ကို မြင့်မားတာမို့ ကမ္ဘာမှာ ထိပ်တန်း တစ်ဆယ် (Top 10) စာရင်းဝင်ပါတယ်၊ ဒါကြောင့်မို့ ဒီမှာ အခမဲ့ ပညာရေး၊ အခမဲ့ ဆေးကုသရေး ဆိုတာ တွေဟာ အပြောသက်သက် မဟုတ်ပါဘူး၊ ကြိုးစားချင်တဲ့ သူတွေ ထူးချွန်တဲ့သူတွေ ဖို့ အစိုးရရဲ့ အထောက်ပံ့ကို ကောင်းကောင်း ရကြပါတယ်၊ ဒီနိုင်ငံက တက္ကသိုလ်မှာပဲ ဆက်တက်မလား၊ အနောက်နိုင်ငံက တက္ကသိုလ်တခု ခုမှာပဲ ဆက်တက်ချင်လား အခွင့်အရေး အတော်ကောင်းကြပါတယ်၊ အစိုးရအလုပ်တစ်ဖက်နဲ့ပဲ နိုင်ငံခြားကို ရေတိုရေရှည်သင်တန်းတွေ သွားသွားတက်ကြတဲ့ လူတွေကိုမြင်မြင်နေရတာ အားကျစရာပါ၊ 

ကျန်းမာ ရေးတွက်ဆိုရင်လည်း တောကြိုအုံကြားဇနပုတ် ကျေးရွာလေးက လူနာတစ်ယောက်အဖို့ မြို့ပေါ်တက်ဆေးကုရမလား၊ မြို့တော်မှာပဲ ဆေးရုံသွားတက်ရမလား နိုင်ငံတော်စရိတ်နဲ့ အားလုံး အခမဲ့ရနိုင်ပါတယ်၊ ဒီနိုင်ငံမှာမကုသနိုင်တဲ့ ရောဂါမျိုးဆို ရင်လည်း တောင်အာဖရိကနိုင်ငံထိ ပို့ပေးပါတယ်၊ ဥပမာ နှလုံးရောဂါ ခွဲစိတ်ကုသမှုမျိုးလို အစားမျိုးပေါ့၊ ကျွန်တော်တို့ဆေးရုံကြီးနဲ့ မြို့နယ်ဆေးရုံလေးတွေ အကြား၊ ကျွန်တော်တို့ ဆေးရုံနဲ့မြို့တော် ဝင်းဟုတ်ဆေးရုံကြီးအကြား မှာ လူနာတွေကို အခမဲ့ပို့ ဆောင်ပေးနေတဲ့ဘတ်စကားကြီးတွေ သူ့ရက်နဲ့သူအချိန်မှန်မှန်ရှိပါတယ၊် ဆေးဖိုးဝါး ခစရိတ် သယ်ယူပို့ဆောင်ရေးစရိတ်တွက် လူနာရဲ့အိတ်ထဲမှတစ်ပြားမှထုတ်စရာမလိုပါ၊ အတော့်ကိုအား ကျ စရာကောင်းပါတယ်။

ဒါပေမဲ့ ဒီလိုပဲ Top 10 မှာဝင်နေပြီး အားကျစရာမကောင်းဆုံးတခုကတော့ HIV ရောဂါအဖြစ်နှုန်းမှာလည်း ထိပ်တန်း ၁ဝ မှာရှေ့နားလောက်မှာရှိနေတာပါပဲ၊ သူ့ထက်သာတာက ဆွာဇီလန်တို့၊ ဘော့စဝါးနားတို.၊ ယူဂန်ဒါတို့ တန်ဇန်းနီးယား တို့လောက်ပဲကျန်တော့မယ်ထင်ပါတယ်၊ ဒီရောဂါပိုးရှိတဲ့လူတွေဟာ လေး ယောက်မှာတစ်ယောက်နှုန်း မို့ဒီနိုင်ငံမှာ HIV ကနံပါတ်တစ်လူသတ်တရားခံပါ၊ သိပြီးတဲ့အတိုင်းပါပဲဒီ ပိုးဝင်လို့ ကတော့အနှေးနဲ့အမြန်တမလွန်ဘဝကူးရဖို့သေချာနေပါပြီ၊ ဒိအတွက်ကတော့နိုင်ငံတော်ရဲ့စရိတ် ပင်စောင့်ရန် မလိုပါ။

HIV ရောဂါရယ်လို့ အမေရိကန်မှာစတင်တွေ့ရှိခဲ့တာခုဆိုအနှစ်(၂ဝ)နီးနီးရှိသွားပါပြီ ကာကွယ် ဆေး ကုသဆေးမတွေ့ သေးတာမို့ (တွေ့တဲ့ကုသဆေးကလည်း မီလျံနာတွေမှသာတတ်နိုင်တာမို့) ခုဆိုရင်ဒီရောဂါ နဲ့လွတ်ကင်းတဲ့နိုင်ငံရယ်လို့မရှိ တော့ပါဘူး၊ ကမ္ဘာနာဖြစ်နေပါပြီ၊ ကာကွယ်ရေးအတွက်အနေထိုင်ဆင်ခြင်ဖို့ ပညာပေးအစီစဉ်တစ်ခုထဲသာရှိတာမို့ ပညာ ဗဟုသုတအရာမှာ အစစအရာရာသာတဲ့ အနောက်နိုင်ငံတွေ မှာတော့ ကျွန်တော်တို့အာရှ အာဖရိကနိုင်ငံတွေထက် လိင်ကြောင့် ဒီရောဂါ ကူးစက်နှုန်းကို ထိမ်းထိမ်းသိမ်းသိမ်း လုပ်လာနိုင်ပြီလို့ဆိုပါတယ်။

ဒါပေမယ့် လူ့စိတ်ဆိုတာက အခက်သားလား၊ ဒီတိုးတက်ပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေထဲက လူတွေပါပဲ မိမိရဲ့ ချစ်သူမှာ ဒီရောဂါပိုး ရှိမှန်းသိသိကြီးနဲ့ လက်ထပ်ကြတဲ့ စုံတွဲတွေအကြောင်း ဓါတ်ပုံတွေ ဝေဝေဆာဆာ နဲ့မဂ္ဂဇင်း တစ်စောင် မှာဖတ်လိုက်ရတော့ ကျွန်တော်အတော့ကိုဖျားသွားမိပါတယ်၊ တို့ရဲ့အချစ်က စွမ်းအားကြီး တယ်၊ အရာရာကို ဖြတ်ကျော်နိုင် တယ်၊ သေမင်းကိုမမူဘူးဆိုတဲ့ အဲ့ဒီလူတွေကို အချစ်သူရဲကောင်းကြီးတွေလို့ ပဲခေါ်ရမလား၊ မိုက်တွင်းနက် လွန်းတဲ့လူတွေ လို့ပဲ ကင်ပွန်းတတ်ရမလားပဲ။ လူဆိုတာမိမိရဲ့အသက်ထက် ဘယ်အရာကိုမှ ပိုပြီး တန်ဖိုးထားနိုင်တာ မဟုတ်တာမို့ ယုံရမှာပင်ခပ်ခက်ခက်၊ ဒါပေမဲ့ ပေါ(လ်) Paul ဆိုတဲ့ဗြိတိ သျှအမျိုးသားတစ်ယောက်ရဲ့ဇာတ်လမ်းလေး တစ်ပုဒ် ဒီမှာဟိုးလေး
တကျော်ဖြစ်သွားတာ ကိုယ်တွေ့ကြုံလိုက်ရ တော့ အတော်လေးတရားကျသွားမိပါတယ်။ (လောကကြီးမှာအားလုံးဖြစ်နိုင်တာချည်းပါပဲလားလို့)

ကျူဘား ဆရာဝန်တွေရဲ့ပါတီပွဲမှာပါ
Paul ဆိုတာက ၁၉၉၄ခုနှစ်ကကျွန်တော် UNV ဆရာဝန် အနေနဲ့ ဒီကိုရောက်လာပြီး နောက် မရှေးမနှောင်း ရောက်လာတဲ့ ယူကေနိုင်ငံသား ဆေးဘက်အင်ဂျင်နီယာ Clinical Engineer (VSO Volunteer Service Over Sea) အဖွဲ့စည်းမှနေ ဗော်လန်တီယာ တစ်ယောက် အနေနဲ့ လာတာပါ၊ သူ့တာဝန်က ဒီဆေးရုံကြီးမှာ ရှိသမျှ လျှပ်စစ်ပိုင်းဆိုင်ရာ ကိရိယာတွေ၊ အီလက်ထရောနစ် စနစ်တွေကို ပြုပြင် ထိန်းသိမ်းရတာပါ၊ ကျွန်တော်တို့ ဆေးရုံ ဆိုတာကလည်း လုပ်ငန်း နေရာအတော်များများမှာ အီလက်ထရောနစ် စနစ်၊ ကွန်ပျူတာစံနစ်တွေနဲ့ထိန်းချုပ်ထားတာမို့ သူ့ရဲ့ အခန်းကဏ္ဍ မည်မျှ အရေးပါမယ် သိသာနိုင်ပါတယ်၊ ကျွန်တော် တို့ရဲ့ ခွဲခန်းက မေ့ဆေးစက်တွေ လူနာရဲ့ အခြေနေကို ပြတဲ့မီတာတွေ မော်နီတာတွေ လေအေးစက်တွေ အားလုံး က ကွန်ပျူတာတွေနဲ့ချည်းမို့ သူနဲ့ ကင်းလို့ မရပါဘူး၊ ဒါကြောင့်လည်း သူနဲ့လူချင်းလည်း ခင်နေကြပါတယ်၊ ယုတ်စွအဆုံး ဆေးရုံကမြက်ခင်းပြင်တွေ ရေဖြန်းတဲ့ကိစ္စမှာပင် (ဒီမှာရေရှားလို့ ရေကိုချွေတာတဲ့ အနေနဲ့) မြေရဲ့အစို ဓါတ် အနည်းအများအလိုက်ရေပန်းတွေကိုကွန်ပျူတာ နဲ့ထိန်းပြီး အလိုအလျောက် အဖွင့်အပိတ် လုပ်ပေးထားတာမို့ ပေါလ်တစ်ယောက်သာမရှိရင် ဆေးရုံ ကမြက်ခင်းတွေပင် မစိမ်းစိုနိုင်ဘူးလို့ ဆိုနိုင်ပါတယ်၊ ဒါပေမဲ့ဝမ်းနဲစရာအတော် ကောင်းတာက တော့သူ့ရဲ့ဘဝ ဇာတ်ကြောင်းကတော့ သူ့ရဲ့မြက်ခင်းတွေလို မစိမ်းစိုသွားခဲ့ပါဘူး။

၁၉၉၅ နှစ်ဦးပိုင်းလောက်မှာ ပေါလ်တစ်ယောက် လူမည်းအမျိုးသမီးတစ်ယောက်နဲ့ စတွဲနေတာ ကျွန်တော် တို့ သတိပြုမိ ခဲ့ကြပါတယ်၊ အဲဒီမျိုးသမီးက ညကလပ်တစ်ခုမှာ စားပွဲထိုးလုပ်နေရာမှ သူနဲ့ဆုံစည်းမိ ကြတာဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ကလည်း ဂျာမန်ဆေးကျောင်းသားတွေနဲ့ ဒီကညကလပ်တွေ အတော်လေးစုံအောင် ရောက်ဖူး နေတာမို့ (ဒါကလဲဗဟုသုတအဖြစ်ပါ) ပေါလ်တို့စုံတွဲကို မမြင်ချင်မှအဆုံးပါ၊ နမီးဘီးယားဆိုတာကဧည့်သည် နိုင်ငံခြားသား ပေါင်းစုံရှိတာမို့ ခုလိုဆုံတုန်းတွဲကြ ပျော်ကြပါးကြ၊ ပြီးအချိန် တန်တော့ လမ်းခွဲသွားကြတာပါပဲ၊ ဒါမျိုးမဆန်းပါဘူး၊ ဒါပေမဲ့ဆန်းတာကတော့ ပေါလ်တစ်ယောက် မကြာမီ သူမနဲ့ လက်ထပ်တော့မယ် ဆိုတဲ့သတင်းပါပဲ၊ သူကိုယ်တိုင် ကျွန်တော်တို့ကို ဖွင့်ပြောလို့ သိရတာပါ၊ ဒီသတင်းနဲ့ မရှေးမနှောင်းမှာပါပဲ သူမမှာ HIV positive ဖြစ်နေတယ်၊” HIV ပိုးရှိနေတယ်ဆိုတာနဲ့၊ သူကဒါကိုပဲ သိသိကြီးနဲ့ လက်ထပ်ယူမယ်ဆိုတဲ့ သတင်းတွေပါပဲ။ ကြားရတဲ့ သူတိုင်းက ဟင်ကနဲ ဟာကနဲ ဖြစ်ကုန်ကြတယ်၊ သူ့တွက်နှမြောမိကြတာပါ၊ အသား ရောင်မတူတာ အဆင့်တန်း မတူတာတွေထားတော့။ ဒါတွေက ဂုဏ်ပကာသနတွေလို့ ပြောနိုင်ပါတယ်၊ ဒါပေမဲ့၊ ဒီလိုမိမိရဲ့ အသက်ကို နှုတ်ယူ သွားမဲ့ရောဂါကြီးကိုတော့ ဘယ်လိုလုပ်ခွင့်လွှတ်နိုင်မှာလဲ၊ သူကလဲသူငယ်နှပ်စားမဟုတ် ဗဟုသုတခေါင်းပါးသူလဲမဟုတ်၊ သူကိုယ်တိုင်ကိုက ဘုရားသခင်က သူ့ကို နောက်ထပ်ငါးနှစ်နေခွင့် ပေးရင်ကိုကျေနပ်ပါပြီ သေပျော်ပါပြီ ဆိုနေမှတော့ ဘေးကလူတွေကဘာတတ်နိုင်မှာလဲ။

ကြုံကြိုက်လို့ဗဟုသုတ အဖြစ်ပြောရရင် ဒီနိုင်ငံမှာလိင်မှုကိစ္စလွတ်လပ်လွန်းပါတယ်၊ ဒါကြောင့် မို့လဲ HIV ပြဿနာ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ပြဿနာတွေက မသေးလှပါ၊ အတည်ယူတာလဲ မဟုတ်၊ မယူပဲအတူနေတဲ့ living together လဲမဟုတ် ဘယ်လိုပြောရမလဲ၊ “ဆန်ဆုံရင်စား ကံကုန်ရင် သွား” ကြတာမို့ ခလေးအဖေလူပျိုတွေ ခလေး အမေ အပျိုတွေ တပုံကြီးပါ၊ ဒါက ထမင်းစားရေသောက်လောက် ကိစ္စပါ ရှက်စရာလဲမဟုတ်ပါ၊ တစ်ခါက ခွဲခန်းကကျွန်တော့် တပည့် အမျိုးသားနာစ်တစ်ယောက် သူနာမည်က “နံဂပ်ကူ“ ပါ အလုပ်လဲမလာ ခွင့်တင်တာလဲမတွေ့လို့ နောက်နေ့တော. မေးကြည့်မိပါတယ်၊ ဘာများအရေး ပေါ်ဖြစ်လို့လဲပေါ့၊ သူကအေးအေး ဆေးဆေးပါပဲ၊ သူ့ရဲ့အရင်ချစ်သူဟောင်းက ခုလအတွက် ကလေးစရိတ် မထောက်လို့ ရဲတိုင်တာနဲ့မနေ့က သူအချုပ်ထဲရောက်သွားလို့ပါတဲ့၊ သူကလဲခုလကျမှအလုပ်များ လို့မေ့သွား တာပါတဲ့၊ သူ့အဖြေကြားရတော့ကျွန်တော် အတော့ကိုဖျားသွားမိပါတယ်၊ ဘာလို့ဆိုတော့ ကျွန်တော့် အမြင် မှာ ဒီလူ့ကိုခွဲခန်းမှာအရိုးသားဆုံးအလုပ်ကို အကြိုးစားဆုံးလို့ မြင်ထားတာကိုး၊ ဒါနဲ့ကျွန်တော်ကပဲဆက်မေးမိပါတယ်၊ “မင်းကသူ့ကိုချစ်ခဲ့တယ၊်ကလေးလည်း ရနေပြီပဲ”လက်ထပ်ဖို့တော့ ဘာလို့မစဉ်းစားတာလဲလို့ဆိုတော့၊ “တာတေစိုးရယ်၊ လောကမှာနွားနို့တွေ အလကားရ နေမှတော့ ဘာလို့ဒုက္ခခံပြီး နွားတစ်ကောင် ဝယ်ထားဖို့လိုမှာလဲ ”တဲ့၊ ကျွန်တော်ပိုလို့ ဖျားသွားမိပါတယ်။ဒါကြောင့် မို့လည်း ဒီကတီဗွီမှာ အဖေတွေ မိမိရဲ့သားသမီးတွေ ပေါ်တာဝန်ကျေပါဆိုတဲ့ ပညာပေးရုပ်ပြ ဇာတ်လမ်း တိုလေးတွေ မကြာမကြာ ပြပေးနေတာအဓိပ္ပါယ် အတော်ရှိပါလားလို့ သဘောပေါက်လိုက်မိပါတယ်။ ဒီမှာက ကိုလူပျိုတွေ ခလေးရလာပြီးရင် ကိုယ်ချစ်ခဲ့တဲ့သူကို လှည့ှ်မကြည့်ကြတော့တာ များလွန်းလို့ပါ။ ကျွန်တော် တို့ဆေးရုံက သူတို့လူမျိုးဆရာဝန်တစ်ယောက်ဆို တရားဝင်ဇနီးသာ တစ်ယောက်မှမရှိတာ သူ့မှာသား သမီးစုစုပေါင်း ၁၆ ယောက်ရှိ ပါတယ်တဲ့၊ အံ့ရောပဲ။

ဒါတွေကိုရေးပြရတာက ဒီလိုပတ်ဝန်းကျဉ်မျိုးမှာ ပေါလ်ကသူ့ချစ်သူကို ၁၉၉၆ မှာ သားမှတ် မှတ်မယားယား မှတ်မှတ်တင့်တင့်တယ်တယ် လက်ထပ်ယူခဲ့တာမို့ တော်ရုံမေတ္တာမျိုးထက်အဆပေါင်းထောင်သောင်းမက သာတယ်လို့ ပြောချင်လို့ပါ၊ သူတို့လက်ထပ်ပြီး နောက်ပိုင်းမှာလည်း သူ့ဇနီးကိုသူအတော် တန်ဘိုးထား မြတ်နိုးခဲ့ ပါတယ်၊ ဗြိတိန်ထိဆွေပြမျိုးပြခေါ်သွားခဲ့ပါတယ၊် ပေါလ်အမေကိုယ်တိုင်လည်း ဒီနိုင်ငံထိလိုက်လာ ပြီးသူမရဲ့ချွေးမနဲ့အတူ လအတန် ကြာအောင်နေသွားခဲ့ပါသေးတယ်။ သူတို့ရဲ့မဂ်လာပွဲမည်မျှခန်းနားခဲ့တယ် တော့ မရောက်ခဲ့ လို့ကျွန်တော်မသိပါ၊ ဒါပေမဲ့သူ့ဇနီးရဲ့မွေးနေ့ပါတီပွဲကိုတော့ ၁၉၉၇ မှာတက်ခဲ့ဘူးပါတယ် အတော်လေး ငွေကုန်ကြေးကျခံပြီး တင့်တင့်တယ်တယ် လေးလုပ်ပေးခဲ့တာမို့ သူ့ဇနီးပေါ် သူမည်မျှတန်ဘိုး ထား မြတ်နိုးတယ်ဆိုတာ သိသာလိုက်ပါတယ်။

ဒါပေမဲ့ကံကြမ္မာကသူတို့ပေါ်မျက်နှာသာမပေးခဲ့ပါ၊(ကံဆိုတာထက်ကံယုံပြီးဆူးပုံနင်းခဲ့တာဆိုရင် ပိုမှန်ပါလိမယ်) သူထင်ခဲ့သလို ဆုတောင်းခဲ့သလို ဘုရားသခင်က သူမကို၅နှစ်နေခွင့် မပေးခဲ့ပါ၊ သူတို့ ၂နှစ်ပဲ ပေါင်းလိုက်ရပါတယ်၊ ၁၉၉၈ နှစ်အတွင်းမှာပဲ သူမ HIV အခံနဲ့ တရှောင်ရှောင်ဖြစ်ပြီး နှစ်ကုန်လောက်မှာ ဆုံးသွားရှာပါတယ်။ ဇာတ်လမ်းက ဒီတင်မဆုံး သေးပါ၊ ချစ်ဇနီးကျောခိုင်းသွားတဲ့နောက် ပေါလ်တစ်ယောက် နဂိုပုံမှန်မဟုတ်တော့ပါ၊ လူတွေကိုအတွေ့မခံပဲ ရှောင်နေတတ် သလို တစ်ခါတစ်ခါ ၂ရက်၃ရက်အခန်း ထဲကမ ထွက်ပဲအောင်းနေတတ်ပါတယ်၊ ဖီးလိမ်းပြင်ဆင်မှုလဲလုံးဝမရှိ မုတ်ဆိတ် မရိတ် ခေါင်းမညှပ်ပဲ အမွှေးစုတ် ဖွားနဲ့ခပ်လှမ်းလှမ်းကပဲ မကြာမကြာ လှမ်းတွေ့ရတတ်ပါတယ်။ ကျွန်တော်တို့ အဖို့ဘေးမှ နေမြင်နေရ တာကိုပဲ အတော်စိတ်ဆင်းရဲရပါတယ်၊ ဒီထက်ပိုပြီးဘာတတ်နိုင်မှာလဲ သူ့ ဇာတ်လမ်း သူရွေးကခဲ့တာပဲ မဟုတ်ပါလား။

မကြာပါဘူး ချစ်သူမရှိတော့တဲ့အရပ်မှာသူမနေလိုတော့ပြီ ဆိုပြီး မြို့တော် ဝင်းဟုတ် Windhoek ဆေးရုံကြီး ကို တောင်းပြောင်းသွားပါတယ်၊ ကျွန်တော်တို့လည်း ဟိုမှာသူ့စိတ်သူဖြေသိမ့်နိုင်ပါစေလို့ ဆုတောင်း ပေးခဲ့ပါ တယ်။ ဒါပေမယ့် ပေါလ်တစ်ယောက် ဝင်းဟုတ်မှာပဲ သူ့ကိုယ်သူ သတ်သေသွားပြီ ဆိုတဲ့ သတင်းဆိုးကြီးကို ၁၉၉၉ မတ် မှာ နောက်ဆုံးကြား လိုက်ရပါတယ်၊ ချစ်သူကို တကယ်ပဲ အသက်ပေးပြီး ချစ်သွားတာလား၊ ဒါမှမဟုတ်သူကိုယ် တိုင်မှာပဲ HIV ပိုးဝင်နေပြီဆိုတာသိလို့ပဲအဆုံးစီရင်သွားတာလား၊ ဒါတွေကိုအဖြေပေးနိုင်တဲ့သူက ။

စိုးမြင့် မေ့ဆေး
(ခေတ္တ အိုရှာခါတီ။ နမီးဘီးယား )
(၁၉၉၉ စက်တင်ဘာလထုတ် မဟေသီမှ)

(စာကြွင်း) နံဂတ်ကူ လဲ HIV နဲ့ပဲ ၂၀၀၀ ခုနှစ်လောက်မှာ ဆုံးသွား ရှာပါပြီ။

5 မှတ်ချက်:

Anonymous

ဆရာကြီးလည်း တော်တော်ကဲခဲ့ပုံပဲနော်- ဟီး ဟီး အဖြူကညာတွေရော၊ မဟူရာတွေရော။ သွားရည်တောင် ကျမိပါရဲ့၊ ရှလွတ်

စိုးမြင့် (မေ့ဆေး)

Anonymous ရေ
မုဒိတာပွားနိုင်တာ ကိုကချစ်ဖို့ကေါင်းနေပါပြီ၊
သူ့အရပ်နဲ့သူ့ဇာတ်ကိုး၊ မကဲလို့မှမဖြစ်တာ။
လိုချင်ရင်တစ်ယောက်လောက်ပို့လိုက်မယ်လေ၊ (e-m နဲ့။)

ဝေဖြိုး

ဇာတ်သိမ်းကတော့ စိတ်မကောင်းစရာပဲ။ တော်တော်လည်း အံ့သြရပါတယ်။ အဲသလို စိန်ခေါ်တဲ့မြန်မာပြည်က အမျိုးသမီးတစ်ယောက် အကြောင်းလည်းကြားဖူးတယ်။ မိုက်မဲတယ်လို့ပဲပြောရမလား။ အချစ်ကြီးတာကိုပဲ ဂုဏ်ပြုရမလား။ ခက်တယ်ဗျာ။

ဆရာကြီးရဲ့စာတွေ တလေးတစား စောင့်ဖတ်နေပါတယ်။ ဆက်ရေးပါဦးခင်ဗျာ။

စိုးမြင့် (မေ့ဆေး)

ကိုဝေဖြိုး
အားပေးတာ ကျေးဇူးပါ။
အာဖရိကမှာ ခုနောက်ပိုင်း HIV/AIDS positive တွေအရမ်းများလာတာမို့ နောင်ဆိုရင် ရွေးရအတော်ခက် သွားမယ်ထင်တယ်။

သိင်္ဂါကျော်

ကျွန်တော့် သူငယ်ချင်း နမီးဘီးယားက တစ်ယောက်ကတော့ သူ့အဖေတုန်းက မိန်းမတွေ အများကြီးယူ၊ ကလေးတွေ အများကြီး မွေးခဲ့လို့.. သူငယ်ငယ်တုန်းကလည်း အဖေ မရှိပဲ နေခဲ့ရတော့ သူ့အလှည့်မှာ လက်မထပ်သေးပဲ ကလေး မယူဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောဖူးပါတယ်..။ သူတို့က ကျွန်တော့်တို့ နိုင်ငံမှာ လက်မထပ်ခင် အတူမနေကြဘူး ဆိုတာကို အတော် အံသြကြပုံပါပဲ..။

Soe Myint (Anaesthesia)  ©2009

Back to TOP