Tuesday, December 8, 2009

အခွဲစိပ်ခံလူနာရဲ့သဘောတူညီချက်

လက်ရှိQueen Elizabeth 2nd Hospital, Maseru ခွဲစိပ်ခန်း မှာ
                                                     " ခွဲစိပ်ခံလူနာရဲ့ သဘောတူညီချက် "
ကျွန်တော့်ရဲ. “ကံဆိုတာစေတနာကိုခေါ်ပါတယ်” ဆိုတဲ့ဆောင်းပါး ပါလာပြီးတဲ့ နောက်မှာ လူနာရဲ့ သ  ဘော တူညီချက် consent နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလာသူ အချို့ မေးမြန်းလာမှုတွေ ရှိလာတာမို့ ခုဆောင်းပါးကို ဆက်လက် ရေးသား ဖို့ ဖြစ်လာတာပါ။
ကျွန်တော် ပြည်ပကို မထွက်ခွါလာမီ ၁၉၉၀ ခုနှစ် မတိုင်မီတုန်းက ဆိုလျှင် ရန်ကုန်မှာ ပြင်ပခွဲစိပ်ခန်း များများ စားစား မရှိသေးပါ။ မှတ်မှတ်ရရဆိုလို့၊ မြရတနာ၊ ပါရဂူ၊ ထိပ်တန်း တို့လိုဆေးခန်းကြီး အချို့နဲ့ ၊ မဂိုလမ်းနဲ့ သိမ်ကြီးဈေးအောက်လမ်းတို့ မှာ ခွဲခန်းအငယ်စား နည်းနည်းပါးပါး ရှိခဲ့တာပါ။ SSC တို့၊ အကယ်ဒမီတို့လို ခေတ်မီ ဆေးရုံကြီးတွေ ဆိုတာဝေလာဝေးပါ။ (ကျွန်တော်ကျင် လည်ခဲ့ဘူးသလောက် ပြောရတာပါ။)

အဲဒီချိန်တုန်းက consent ဆိုတာ ချိုနဲ့လားလို့ မေး ယူရမယ် ထင်ပါတယ်၊ သီးသန့်ပုံစံလဲမရှိ “ မည်သည့် မေ့ဆေး ထုံဆေး နဲ့မဆို ခွဲစိပ်ကုသရန် သဘောတူပါသည်” ဆိုတဲ့ စာတမ်းလေးပါတဲ့ ရာဘာ တံဆိပ်တုံး လေးကို လူနာရဲ့ စာရွက် စာတမ်းပေါ်မှာထု။ တစ်ချို့လူနာများဆို ခွဲခန်းဝင်ခါ နီးမှကပ်ပြီး “ဟောဒီမှာထိုး ”ဆိုလို့သာ လက်မှတ်ထိုး လိုက်ရတာ ရှိပါတယ်။ ဘယ်ဆရာဝန်ကမှ ဘာမှရှည်ရှည် ဝေးဝေး ရှင်းပြတာမရှိ၊ (ကျွန်တော် အပါဝင်ပါ၊) ဘာသက်သေမှလည်းမလို၊ အတော်လွယ်တဲ့အလုပ်ပါ။ အမှန်တော့မျက်ကန်းတစ္ဆေ မကြောက်တာပါ။

ခုချိန်မှာ ဒါတွေပြန်တွေးမိတော့ အတော်လေးရှက်မိတယ်။ ဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင် ဘယ်လိုမှတရား မဝင်ပါ၊ တိုးတက်တဲ့ အနောက်နိင်ငံ တွေမှာ ထားတော့ ဒီအာဖရိကနိုင်ငံ တွေမှာပင် ဒီလို လုပ်လို့မရပါ။ ခွဲခန်းဝင်လာတဲ့ လူနာ ကို ဦးဆုံးစစ်ဆေးတာက အဲဒီ consent ပုံစံပါ။ မပါလို့ကတော့ နောက်မှ ဆိုတာမရပါ။ အမှန်တော့ ဒီစာရွက်လေး ဟာ ပေါ့ ပေါ့ သေးသေးမဟုတ်ပါ။ လူနာနဲ့ဆရာဝန်အကြား တရားဝင်စာချုပ် Legal binding ပါ။

ဒီမှာလက်မှတ်မထိုးခင် ခွဲစိပ် နဲ့ မေ့ဆေးဆရာဝန် အသီးသီးက လူနာကိုရှင်းပြရမဲ့ တာဝန်တွေရှိပါတယ်၊ ဘာတွေလဲ ဆိုတော့ ခွဲစိပ်မှု နဲ့ မေ့ဆေးရဲ့သဘောသဘာဝတွေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ၊ မခွဲရင်ကော မရဘူးလား၊ အခြား ရွေးစရာနည်းလမ်း ရှိမရှိ၊ နားလည်အောင် ရှင်းပြရပြီး လူနာကလည်း လွတ်လပ်တဲ့ဆန္ဒနဲ့ သဘောတူရတာပါ၊ သက်သေ တစ်ယောက်လည်း လိုပါတယ်။ ချွင်းချက်အနေနဲ့ ကတော့ ဘယ်လိုမှ ရှင်းပြ လို့မဖြစ်နိုင်တဲ့ ဥပမာ သတိမေ့နေတဲ့ လူနာမျိုးမှာ သူ့အသက်လုဖို့ ခွဲစိပ်ရာမှာ consent မလိုပါ။ (ဒီကိစ္စမျိုးမှာ ဆေးရုံအုပ် ကိုခွင့်တောင်းရပါတယ်)။ အားလုံးသိပြီးတဲ့ အတိုင်းအသက် ၁၈ နှစ်အောက် (အချို့ နိုင်ငံမှာ ၁၆ နှစ် ) လူနာ တွက်တော့ မိဘ၊ အုပ်ထိမ်းသူ သဘောတူဖို့ လိုပါတယ်။ (ဒီနေရာမှာ လူတစ်ချို့ထင်သလို အသက်ပြည့်ပြီိး စိတ်မှန်သူ။ လူကြီးတယောက် ကိုယ်စား ဆွေမျိုး ထဲက တစ်ယောက်ယောက် ထိုးခွင့်မရှိပါ) လူနာကလည်း ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဥပမာ ထုံဆေးမကြိုက်ဘူး၊ မေ့ဆေး မှဆိုရင်လည်း ဆရာဝန်က ငြင်းလို့မရပါ၊ ဒါတွေအားလုံးကို စာနဲ့မှတ်တမ်း တင်ထားရပါတယ်။

ကျွန်တော်ခု Lesotho နိုင်ငံ ရောက်တော့လည်း ဒီဥပဒေပါပဲ၊ မှတ်လောက် သားလောက်စရာ အဖြစ်လေး တစ်ခု ရေးပြ ချင်ပါသေးတယ်။ ဒီမှာက ဆရာဝန်တွေထဲမှာ တရုပ်၊ ကုလား (India, Pakistan, Bangladesh) ရွှေ စတဲ့ အရှေ့ ကလူ တွေ အပြင် UK, Cuba စတဲ့ အနောက်က လူတွေ စုံလှသမို့၊ မိမိဆိုင်ရာ နောက်ခံ ခံယူချက် background တွေလည်းမတူ ကြတာ မဆန်း ပါဘူး။ ကျွန်တော့် မေ့ဆေးဋ္ဌာနမှာကိုပဲ တရုပ်ဆရာဝန် နှစ်ယောက်၊ UK ဆရာဝန် နှစ်ယောက်။ သူတို့လူမျိုး ဆရာဝန် တစ်ယောက်။ ကျွန်တော် ရွှေကတစ်ယောက် အပြင် သူတို့လူမျိုး မေ့ဆေး နာ့စ် (မေ့ဆေး အရာရှိ Anaesthetist Officer ခေါ်မှ ကြိုက်တဲ့သူတွေ) ရှစ်ယောက်။ ကွန်ဂို တစ်ယောက်။ ပေါင်း ၁၄ ယောက်ပါ။

Dr Tuppin နှင့် ကျွန်တော် ဧည့်ခံပွဲတစ်ခုမှာ

တစ်နေ့ တော့ ခွဲစိပ်လူနာစာရင်းမှာ ပေါင်ကို ခါးအဆစ်မှနေ ဖြုတ်ပစ်ရမယ့် လူနာတစ်ယောက် ပါလာပါတယ်၊ (ဧရာမ ခွဲစိပ်မှုကြီးပါ ) ကျွန်တော့်ရဲ့ UK က မေ့ဆေး ဆရာဝန်ကြီး Dr Tuppin က ဝဒ်ထဲမှာ လူနာကို သူသွားစစ်လိုတယ် ဆိုလို့ လွှတ်လိုက်ပါတယ်။ သူပြန်လာတော့ ရောဂါမှာ Gas Gangrene ၊ အခြေအနေ အတော်ဆိုးတာမို့၊ လူနာကို သူရှင်းပြတော့ လူနာက မခွဲလိုတော့ဘူး consent မပေး တော့ဘူးဆိုလို့ ကိစ္စပြတ်သွားပြီ ဆိုရမှာပါ။

ဒါပေမယ့် မပြတ်ခဲ့ပါ၊ နောက်နေ့ခွဲခန်းမှာ ခွဲစိပ်ဋ္ဌာနမှူး ဆရာဝန်ကြီးဖြစ်သူ Dr Seddeque (Pakistan မှပါ) က ကျွန်တော့်ကို မေ့ဆေးဋ္ဌာနမှူး အနေနဲ့ လာတိုင်ပါတော့တယ်၊ Dr Tupin (တပ်ပင်) လုပ်တာ ကောင်းသလားတဲ့၊ လူနာကို သူဘာပြောခဲ့ သလဲ ဆိုတော့ လူနာကို “မင်းအခြေနေက အရမ်းဆိုးနေပြီမို့ မထူးတော့ဘူး ခွဲခွဲမခွဲခွဲ ရှင်စရာ သိပ်မမြင်ဘူး” တဲ့ (အနောက်တိုင်း၊ အားမနာတမ်း အပြောပေါ့)။ သူ ဒီလိုမပြော သင့်ဘူးပေါ့၊ ( အရှေ့တိုင်းက လူတွေအမြင်မှာ- ခြိမ်းခြောက်ရာ ကျတယ်ပေါ့ ) တပ်ပင်က သူပြောသလိုလည်း ချရေးထားပါတယ်။

ဒီနေရာမှာ တပ်ပင် ဆိုတာကလည်း ခေသူမဟုတ်။ ဆရာဝန်လုပ်သက် နှစ် ၄၀ ကျော်၊ မေ့ဆေး ၁ဝ နှစ် လုပ် သက် နဲ့ ကမ္ဘာ ပတ်လာသူပါ၊ သူ့ဆေးပညာဘွဲ့တွေက ပင်မနည်းပါ၊ နိုင်ငံပေါင်း တစ်ဒါဇင် ကျော်မှာ လုပ်ခဲ့ဖူးပြီး ဘာသာ စကား ၈မျိုးကောင်းကောင်း ပြောနိုင်သူပါ။ ဒါတွေပြောရတာက သူ့ဆုံးဖြတ်ချက် ကို လျှော့တွက်လို့် မရ ဘူးလို့ ဆိုချင်တာပါ။

ခွဲစိပ်ဆရာကြီး ကလည်း မညံ့ပါ။ သူလည်း လုပ်သက် နှစ် ၄၀ ကျော်နဲ့ ဒီဆေးရုံမှာ အသက်အကြီးဆုံးပါ၊ သူက ဒီလူနာ ကိုခွဲချင်ပါတယ်၊ (ဒါကလည်း ရှင်လိုရှင်ငြားပါ၊ ငွေရစရာ၊ နာမည်ကြီးစရာ လုံးဝမရှိပါ) ကျွန်တော်နဲ့ Dr Bad ကြီးတုန်းက အခြေနေမျိုးနဲ့ မတူပါ။ မဆုံး ဖြတ်တတ်အောင် ဖြစ်သွားရပါတယ်။

ဒါနဲ့ ခုရောဂါ Gas gangrene ဆိုတာကို လည်း ရှင်းပြမှ စာရှုသူတွေ ပိုသဘောပေါက်မှာပါ။ ဒီရောဂါက ခြေလက် ကကြွက်သားတွေ ပုပ်ပုပ် လိုက်လာတာပါ။ မေးခိုင်ရောဂါပိုး Tetanus လို ပိုးမျိုး ဝင်ရာက ဖြစ်တာပါ။ အဆိပ်လည်း ပြင်းတာမို့ ခြေ လက်တွေ အထက်မှ ကြို ဖြတ်ပစ်ရုံမှ အပ ကုစရာဆေးမရှိပါ။ ခုလူနာမှာတော့ ပေါင်ထိတောင် ရောက်နေမှ တော့ ပေါင်ရင်းကနေ အဆစ်ဖြုတ်ပြစ်ဖို့ပဲ ကျန်ပါတော့တယ်။ ရောဂါ ကျွမ်းနေပါပြီ၊ သွေးဆိပ်တက်နေလို့ အဖျားပဲ ၁၀၄ ကျော်နေပါပြီ။ တပ်ပင် ပြောတာမလွန်ပါ။

ဒါပေမယ့် အချိန်တန်တော့လည်း ကိစ္စအဝဝ ပြတ်သွားပါတယ်၊ ဒီကုလားဆရာဝန်ကြီး ဘယ်လိုများ သွား စည်းရုံးလိုက် တယ်မသိ၊ ညနေ ပိုင်းကျတော့ လူနာက ခွဲချင်တယ် ဖြစ်လာပြန်ရော။ ကျွန်တော်လည်း (ဒါးခုတ်ရာ လက်ဝင်မလျှို တော့ပါ။ ခွဲပေါ့) ဘယ်သူမှ ကိုင်ချင် (ကိုင်ရဲ) တဲ့ လူနာမဟုတ်တော့ ကျွန်တော်ပဲ မေ့ဆေး ပေးရတာပေါ့။ နှစ်နာရီ ကျော်ကြာအောင် ခွဲစိပ် ပြီးတဲ့ နောက် အသက်ရှင်လျက်နဲ့ လူနာကို ဝဒ်ထဲ ပြန်ပို့လိုက်နိုင်ပါတယ်။ (Operation was successful ပေါ့) ဒါပေမယ့် နောက်နေ့၊ ခွဲပြီး ၂၄ နာရီ မတိုင်မီမှာပဲ လူနာဆုံးသွားရှာပါတယ်။ (but the patient died ပေါ့)

အဖြစ်(မှန်) လေးကဒါပါပဲ။ Consent နဲ့ ဆက်စပ်ပြီး ပြောရရင် ဥပဒေရှုဒေါင့်အရ ဘယ်သူ့မှာ တာဝန်ရှိသလဲ လို့ မေးစရာ ရှိလာပါတယ်။ စာရှုသူများ ဘယ်လို မြင်ပါသလဲ။ ခွဲစိပ် ကုတင်ပေါ်မှာ ဆုံးတာမဟုတ်လို့ ခွဲစိပ်ဆရာဝန်မှာ တာဝန်မရှိဘူးလို့ ဆိုလေ မလား၊ ၂၄ နာရီအတွင်း ဆုံးသွားလို့ မေ့ဆေး ကျွန်တော့်ပေါ် ပုံချမလား။

ခြုံပြောရရင် ခွဲစိပ်ဆရာဝန်ပေါ်မှာ အစအဆုံး တာဝန်ရှိပါတယ်။ ဒါသူ့ လူနာပါ။ လူနာဆေးရုံ တက်က တည်းက စလို့ ရောဂါရှာဖွေမှု၊ စမ်းသပ်စစ်ဆေးမှု၊ ခွဲဖို့ဆုံးဖြတ်မှု၊ ခွဲစိပ်ပြီးနောက် ကုသမှု၊ စတာတွေအားလုံး သူ့လက်ထဲမှာပါ။  ဒီတော့ လူနာဘယ်ချိန်မှာ ဆုံးဆုံး ပေါ့ဆမှု negligence ပါလာရင် ဘယ်လောက် ကြာကြာ ခွဲစိပ်ဆရာဝန် ပြေးမလွတ်ပါ။
  
ခွဲခန်းထဲမှာဆုံးလျှင်၊ (ခွဲစိပ်ကုတင်ပေါ်မှာ လူနာရဲ့အသက်က မေ့ဆေးလက်ထဲမှာပါ) ဒါမှမဟုတ် ခွဲပြီးနောက် ၂၄ နာရီိအတွင်း ဝဒ်ထဲမှာ ဆုံးလျှင်တော့ မေ့ဆေးမှာ တာဝန်ရှိပါတယ်။ ဒါကို “မေ့ဆေး လူသေမှု” Anaesthetic Death လို့ ရှေးကတည်းက ခေါ်ပါတယ် ။ ဒီအကြောင်း ကျနော် ရေးဖူးပြီးပါပြီ။ ဒါဆို လူသေမှာ ကြောက် လို့ မေ့ဆေးမပေးနိင်ဘူးလို့ ငြင်းနေရမှာလား။ တာဝန်ရှိတာနဲ့အပြစ်ရှိတာက တစ်ပိုင်းစီပါ။

ခွဲစိပ်ဆရာဝန်ဟာလည်း လူပဲမို့ အတွက် အချက်မှား တတ်ပါတယ်၊ ဒီအတွက်သူ့မှာ လူနာ အကျိုးအတွက် လုပ်တာဆို အပြစ် မယူနိင်ပါ။ ခွဲစိပ်ဆရာဝန်ရဲ့ မှားယွင်းမှုပေါ် မေ့ဆေးက တာဝန် မရှိပါ။ သူ့တာဝန်နဲ့သူပါ၊ သူ့ကို ဘယ်လို ခွဲပါ စိပ်ပါ လို့ပြောခွင့် ကျွန်တော်တို့ မှာမရှိပါ။ (သူ့လူနာမေ့ဒဏ်ဆေးခံနိုင် မခံနိုင်ဆိုတာကို သာကျနော်တို့ ဆုံးဖြတ်ရတာပါ၊) တစ်ခုတော့ရှိပါတယ်၊ လက်သင်ဆရာဝန်တစ်ယောက်က မတန်မရာ ခွဲစိပ်မှုကြီး လာလုပ်ရင်တော့၊ “ မင်း ဆရာကြီးသွားခေါ်ချေ” လို့ပြောလွှတ်နိုင်ပါတယ်။ (လုပ်လည်း လုပ်ပါတယ်။)

ကိရိယာတွေ ဘယ်လောက်စုံစုံ ဒါတွေက အထောက် ကူပစ္စည်း တွေပါ။ စက်ပေါ်ပုံချလို့မရပါ။ တချို့ အဖြေတွေ က ချက်ချင်းမထွက်ပါ။ ဒါတွေရမှ မေ့ဆေးပေးမယ် ဆိုရင်၊ အရေးပေါ်ကိစ္စတွေ ဘယ်လို ရှင်းမလဲ။ ဆရာဝန်ဆုံးဖြတ်ချက်ကအဓိကပါ။

ပင်စင်နားသွားပြီ ဖြစ်တဲ့ ကျွန်တော်တို့ရဲ့မေ့ဆေး ပါမောက္ခ ဆရာဝန်ကြီး ဦးတင်ထွန်း ရဲ့ စကား အရဆို ရရင်တော့ “လူဆိုတာ အားလုံး အချိန်မရွေး သေနိုင်တာချည်းပဲ။” ကြောက်နေလို့ မေ့ဆေးမပေးရင် မင်းတို့ တာဝန်ပဲတဲ့။ မှန်ပါတယ်။ ဘယ်လိုမှ ရှင်လာနိုင်မယ် မထင်ပဲ ပြန်ရှင်သွားတာတွေ အများ ကြီး တွေ့ဘူး ပါတယ်။ ထိုနည်း လည်းကောင်းပဲ ဒေါင်ဒေါင် မြည်အောင် မာနေတဲ့ လူနာတွေ လည်းခွဲပြီးမှ မထင်မှတ်ပဲ ဆုံးသွားတာမျိုးတွေ တစ်ပုံကြီးပါ။ (ကွေးသောလက် ပြန်မဆန့် မီပေါ့။)

ဒါကြောင့်မို့လည်း နောက်ဆုံးမှာ ဒီ consent ဆိုတာက လူနာကိုသူ့ရဲ့ အခွင့်အရေး တွေ ပေးထားတာ ဖြစ်သလို ဒါနဲ့ပဲ သူ့ကို ပြန်ချည်ထားတာ နေမှာ ထင်ပါတယ်၊ လူနာက သဘောတူ ပြီးတာမို့လုပ်ချင်ရာ လုပ်နိုင်ပြီလို့ မဆိုပါ။ ကုန်ကုန် ပြောရရင် အရေးပေါ် ဖြစ်လာရင် လူနာအသက်လုဖို့ အတွက် ဘာ consent မှပင် မလိုပါ။ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိပါတယ်။ ( Oxford Hand Book Of Anaesthesia   ကိုရည် ညွှန်းပါတယ်။ )

ကျွန်တော်ကလည်း ကိုယ့်ဖက်ကကိုယ် ကာဗာယူပြီးသားပါ။ ကျွန်တော်တို့မေ့ဆေးမှာ လူနာရဲ့ အခြေ အနေနဲ့ ပတ်သက် လာရင် အဆင့်ငါးဆင့် ခွဲထားပါတယ်၊ အဆင့် (တစ်) က ပုံမှန်နီးနီး ကောင်းတဲ့ လူနာ နဲ့၊ အဆင့်(၅) ကျတော့ Moribund state ရှင်ရန် အခွင့်လမ်းအလွန်နည်းသူပါ (သို့) ခွဲခွဲ မခွဲခွဲ သေမယ့်သူပါ။ ခုလူနာကို အဆင့် (၅) (အရေးပေါ်) လို့ ကြေညာ ပြီးသားမို့။... Dr.တပ်ပင် ပြောခဲ့တာနဲ့ အဓိပ္ပါယ် အတူ တူပါပဲ။

စိုးမြင့် - မေ့ဆေး
ခေတ္တ Maseru လီဆိုသို ဘုရင့် နိုင်ငံ၊ တောင်အာဖရိက
ဒီဇင်ဘာ ၅ ရက်။၂၀၀၉

7 မှတ်ချက်:

Anonymous

ဆရာခင်ဗျား
ဆရာပြောတဲ့ ပေါင်ပုပ်လူနာကြီး ခွဲစိတ်ပြီး ၂၄နာရီမတိုင်မီ သေသွားတော့ အဲဒီတိုင်းပြည်က ခနဲ့တဲ့တဲ့ဂျာနယ်တို့၊ ပဒူအုံ တုတ်နဲ့ထိုးဂျာနယ်တို့က ဘာမှ မလုပ်ကြဘူးလားဗျ။ ခွဲစိတ်ဆရာဝန်ကြီးရဲ့ မှားယွင်းစွာ ဆုံးဖြတ်ချက်ကြောင့် သူဟာသူ ဖြေးဖြေးမှ သေရမှာကို မြန်မြန်သေအောင် လုပ်တာလို့ အော်ချက်မထုတ်ကြဘူးလား။ ကျွန်တော်တို့ ရွှေပြည်ကြီးမှာဆို သိန်း၁ထောင်လောက်ရနိုင်တဲ့ ဘစ်စိနက်ကြီးခင်ဗျ။ လုပ်တတ်ရင် အနည်းလေး သိန်း၅၀၀လောက်တော့ ရနိုင်တာ နှမျောစရာကြီး။

Dr Phyo Wai Kyaw

ဆရာကြီးခင်ဗျား
ကျွန်တော် ဆယ်တန်းမအောင်မီ ချာတိတ်ဘ၀ကတည်းက ဆရာ့ရဲ့ အာဖရိကရောက် မြန်မာတစ်ယောက် စာအုပ်ကို ဖတ်ပြီး မေ့ဆေးဆရာဝန် လုပ်မယ်၊ ဒါမှမဟုတ် ခွဲစိတ်ဆရာဝန် လုပ်မယ်ဆိုပြီး ရည်မှန်းချက် ထားခဲ့တဲ့အထိ စွဲလန်းခဲ့ဖူးပါတယ်။ အခု ရွေးချယ်ခွင့်ရတဲ့ လမ်းကြောင်းက OT ခန်းနဲ့ တစ်သက် ဖူးစာဆုံနိုင်စရာမရှိတဲ့ လမ်းဖြစ်ပေမဲ့ ဆရာ့စာအုပ်ကိုတော့ အမှတ်ရနေတုန်းပါပဲ။ မမျှော်လင့်ပဲ တွေ့ရတာ ၀မ်းသာပါတယ်။

စိုးမြင့် (မေ့ဆေး)
This comment has been removed by the author.
စိုးမြင့် (မေ့ဆေး)

အလှတရား ဆရာ ခင်ဗျား၊
Pathologist တစ်ယောက်ဖြစ်မယ်ထင်ပါတယ်၊ (မှားလျှင် လည်းဆောရီးပါ)
မိမိရဲ့ပရိဿတ် တစ်ယောက်ကိုပြန်တွေ့ရတာဝမ်းသာမိပါ တယ်၊ ဆန္ဒနဲ့ဘ၀တစ်ထပ် တည်းမကျတာ ၀မ်းနဲစရာမ ဟုတ်ပါ၊ ဖြစ်လေ့ရှိပါတယ်။
ဆရာ့ရဲ့ site က၊နောင်ကိုအစဉ်ဖတ်ရမဲ့နေရာတစ်ခုပါ၊ အတွေးခေါ်ကေါင်း အရေးကေါင်းမို့ သဘောကျပါတယ်။ ဆက်လက်ချီတက်ပါ။

စိုးမြင့် (မေ့ဆေး)

Anonymous
ဆောရီးပဲ၊ သိန်း(၅၀၀-၁၀၀၀)ဘစ်စိနက် ကြီးကိုဥာဏ် မမှီ လို့ မဆွေးနွေးဝံ့ပါ၊ ဒီမှာဂျာနယ်တွေစွမ်းပါတယ်။ ခုကိစ္စကလူနာမှာအဓိကတာဝန်ရှိတာမို့၊တစ်ပြားမှရဖို့မရှိပါ။
ရှင်းပါတယ်၊သူ့ကိုရှင်းပြပြီးသားပါ။သူလက်မှတ်မထိုး လျှင်ကျွန်တော်မကိုင်ပါ။ Consent ဆိုတာ(လူနာကေါင်း ကျိုး တွက်)ကျွန်တော်တို့ဘာမဆိုလုပ်ခွင့်ရှိပါတယ်။ (J.Bond နဲ့ တော့မနှိုင်းအပ်ပါ)၊ ကျွန်တော်တို့အလုပ်က အသက်ကယ်ဖို့ ပါ။ ဥပမာ-မွေး လူနာတစ်ယောက် ဗိုက်ဖွင့်ပြီးမှ သားအိမ်ပေါက်၊သွေးလွန်နေတာတွေ့လျှင် သူ့အသက်ကယ်ဖို့ သားအိမ်ကိုချက်ချင်းထုတ်ပစ်ရဖို့ပါ၊ သူ့လက်မှတ်ကဒီတွက်မဟုတ်လို့ဆိုပြီးထိုင်နေရမလား?
ဆရာဝန်ဆုံးဖြတ်ချက်မှားတာ (ပေါ့ဆမှုမပါလျှင်) လုပ်နည်းလုပ်ပုံမှန်နေလျှင် အပြစ်ယူမ၇ပါ၊ ခွဲလိုက်လို့ သေရတယ် နဲ့မခွဲလိုက်ရလို့သေရတယ် ၂မျိုးပဲရှိတာပါ အပြစ်တင်မလွတ်နိုင်ပါ။ မိမိစိတ်သန့်ဖို့အဓိကပါ။
၅၀၀ မရလို့နှမြောမနေစေလိုပါ။

ADDRESSEE

ဆရာရေ မြန်မာပြည်မှာအားလုံးမှားနေတာ ဆရာဝန်ကြောင့်ဆိုပြီး ၀ိုင်းတွယ်နေတာကတော့ မဖြစ်သင့်ဘူး

ဆရာဝန်မဟုတ်သူ

Unknown

ကိုယ်ချင်းစာတရားက အရေးကြီးဆုံးပါ။ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်။
ဘာလို့ တရားခံရှာနေကြမလဲဗျာ။
မြန်မာပြည်ကလူတွေကတော့ ဖွတဲ့နေရာမှာ ပထမခင်မျ။
မင်းသမီးလဲ မင်းသမီးမို့၊ မင်းသားလဲမင်းသားမို့၊ ဆရာဝန်လဲမနေရ၊ စာရေးဆရာလဲ မနေရ၊ အလကားနေ အတင်းပြောနေကြတာ။

ဆရာပြောမှန်တယ်။ ဘာလုပ်မှာလဲ သိန်း500။

Soe Myint (Anaesthesia)  ©2009

Back to TOP