Saturday, December 19, 2009

မေ့ဆေးလူသေမှုတဲ့လား

မေ့နေသော လူနာနှင့် ဆရာဝန်ဆရာမများ

                                                             " မေ့ဆေးလူသေမှုတဲ့လား "
၁၉၉၆ ခုနှစ် မတ်လ ၂၇ ရက်နေ့က နမီးဘီးယား Namibia နိုင်ငံတွင် တာဝန် ထမ်းဆောင်လျက် ရှိတဲ့ UNDP ၀န်ထမ်းပေါင်းစုံ နှီးနှောဖလှယ်ပွဲ တစ်ခု မြို့တော် ၀င်းတွက်Windhoek တွင် ကျင်းပဖြစ်ခဲ့ပါတယ်။ အမှန်တော့ နှီးနှောပွဲထက် တစ်ဦးနဲ့ တစ်ဦး တွေ့ဆုံ ရင်းနှီးခွင့် ရစေရန် ရည်ရွယ်တဲ့ ပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။

အဲဒီနေ့က Windhoek မြို့ပြင် တစ်နေရာမှာ ရှိတဲ့ Airport Lodge အနားယူစခန်းမှာ စုံစည်းမိကြတဲ့ နိုင်ငံတစ်ဝှမ်း ကုလ၀န်ထမ်းပေါင်းမှာ စုစုပေါင်း ၁၅၀ လောက်ရှိပါတယ်။ ကမ္ဘာ့အရှေ့ နဲ့ အနောက်ဘက်ခြမ်း လူမျိုးပေါင်းစုံနဲ့ တွေ့ဆုံ စားသောက် ပြောဆိုကြရတာမို့ အလွန်ကိုပဲ ပျော်စရာကောင်းလှပါတယ်။ အဲဒီ အစည်းအဝေး ခန်းမမှာလူစုံတော့ တစ်ဦးချင်း မိမိရဲ့အမည်၊ နိင်ငံ၊ အလုပ်အကိုင် စတာတွေကို ပြောကြားပြီး မိတ်ဆက်ကြရပါတယ်။

ဒါနဲ့မိမိတို့အလှည့်ရောက်တော့ ကျွန်တော်က စလို့ " ကျွန်တော် Dr စိုးမြင့်၊ မြန်မာနိုင်ငံသား မေ့ဆေး အထူးဆရာဝန် အိုရှာခါတီဆေးရုံ " နောက် Dr လွင်အောင် က" အင်ဂိုလာ ဆေးရုံ၊" ထို့နောက် Dr ဇော်သန်း က "ကိုရီကပ်စ် ဆေးရုံ" စသဖြင့် ထထ ပြောကြရာ ဘေးမှာ ကြားရတဲ့လူများ နည်းနည်း အံ့ဩသွားကြတယ် (ထင်ပါတယ်)။ ဒီနိုင်ငံမှာ ရှိတာမှာ ရှိတာမှ ပေါင်း UNV ဆရာဝန် သုံးဦး၊ အားလုံး မြန်မာတွေ ချည်း ပါလား ဆိုတဲ့ သဘောပေါ့။ မိမိတို့မှာတော့ မိမိတို့နိုင်ငံအမည်ကို ထုတ်ပြော (ကြွား) လိုက်နိုင်တာကိုပဲ မိမိတို့ဘာသာ ကျေနပ်နေမိ ပါတော့တယ်။ အဲဒီပွဲမှာပဲ သီရိနိင်ငံသား စာရင်းကိုင် ပညာရှင်နှစ်ဦးနဲ့ သိကျွမ်း ခင်မင် ခဲ့ရပါတယ်။ အာရှသားချင်းမို့ ထင်ပါတယ်။ ဒါပေမယ့် ဦးစိုးမြင့်တစ်ယောက် မေ့ဆေးဆရာဝန် တစ်ယောက် အဖြစ် အိုရှာခါတီမှာ မည်မျှလောက် ဦးနှောက်စား နေရတာ ကိုတော့ အဲဒီနေ့က ဘယ်သူမှသိလိုက်ကြမယ် မထင်မိပါ။

တကယ်တော့ မေ့ဆေးဆရာဝန် ဆိုသည်မှာလည်း စပယ်ရှယ်လစ် တစ်ယောက်ပါ။ သို့သော် လူသိ အနည်းဆုံး (အချို့ ရှိမှန်းပင် မသိပါ)။ ကြံကြိုက်လို့ ပြောရရင် လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က ထင်ပါတယ်၊ ကျွန်တော်လည်း မေ့ဆေးအဖြစ် အောင်ကာစ၊ သတင်းစာနဲ့ မဂ္ဂဇင်း အချို့မှာ ဟိုစစ ဒီစစ ဆောင်းပါးလေး တွေ ရေးကာစ၊ တစ်နေ့မှာ (၀ါရင့်) စာရေးဆရာကြီး တစ်ဦးနဲ့ သိကျွမ်း စကား လက်ဆုံ ကျမိပါတယ်။ ကျွန်တော့်ကို ဆရာဝန်တစ်ဦးအဖြစ် သိလိုက်သည်တွင် သူတစ်ခါကအခွဲစိပ် ခံခဲ့ဖူးကြောင်း၊ အစာအိမ်မှ သွေးယိုလို့ ဖြစ်ကြောင်း သွေးတို့၊ ဂလူးကို(စ)တို့ ပုလင်း အတော်သွင်းပြီး အသက် လုခဲ့ရကြောင်း၊ သူ့အား အသက်ကယ်ပေးလိုက်တဲ့ ခွဲစိပ်ဆရာဝန်ကြီးမှာ မည်သူမည်ဝါ ဖြစ်ပြီး သူ့အား ယနေ့တိုင်မမေ့နိုင်ပဲ ကျေးဇူးတွေ တင်နေရတဲ့ အကြောင်း စာရေးဆရာပီပီ စီကာပတ်ကုံးပြောပြပါတယ်။

သူ့စကားဆုံးတော့ ကျွန်တော်ကလည်း (ကိုယ်တိုင် လည်း မေ့ဆေးဆရာဝန်မို့) စိတ်ထဲ ရှိတဲ့အတိုင်း သူ့ကို ပြန်မေးလိုက် မိပါတယ်။ "သူတစ်ထူးရဲ့ ကျေးဇူးကို သိတတ်တာ မင်္ဂလာတစ်ပါး ပါပဲလို့၊ ဒါနဲ့ အဲဒီတုန်းက ဆရာ့ကို မေ့ဆေးပေးခဲ့ ဆရာဝန်က ဘယ်သူပါလဲ"လို့။ သူရုတ်တရက် ပြန်မဖြေနိုင် အမ်းသွားပြီး " အေးဗျာ ကျွန်တော်လည်း မေ့ဆေးဆရာဝန် ဆိုတာ စဉ်းတောင် မစဉ်းစားခဲ့မိလို့ မမေးခဲ့မိဘူး " တဲ့။ သူလို ဗဟုသုတ ပြည့်စုံတဲ့ စာရေးဆရာကြီး တစ်ယောက်ပင် မေ့ဆေးဆရာဝန် ဆိုတာ မစဉ်းစားမိခဲ့ဘူး ဆိုတော့ သာမန် လူတွေမသိဟုဆိုလျှင် လွန်အံ့မထင်ပါ။

ကျွန်တော်ကပဲ ဆက်ပြီးတော့ "ဆရာ ခွဲစိပ်ခန်းထဲ ၀င်သွားပြီး ခုလို အသက်ရှင်လျက် ပြန်ထွက် လာနိင်အောင် တာဝန်ယူရတဲ့ ပုဂ္ဂိုလ်က မေ့ဆေးဆရာဝန် ဖြစ်တဲ့ အကြောင်း ခွဲနေစဉ်လိုအပ်တဲ့ ဂလူးကို(စ)တို့၊ ဆားရည်တို့၊ သွေး တို့ စတာတွေကို လိုအပ်သလို တွက်ချက်ပြီး သွင်းပေးရသူမှာ သူပင် ဖြစ်ကြောင်း။" ခွဲစိပ်ပြီးနောက် ၂၄နာရီအတွင်း ဒီလူနာရဲ့ပြဿနာ အ၀၀တွက်လည်း သူ့မှာ တာဝန်ရှိကြောင်း" စတာတွေကို သူနားလည်အောင် ပြောပြ လိုက်မိပါတော့တယ်။

ဒီတော့ ဆရာက " ဟ၊ ဒါဆို ဆရာတို့ မေ့ဆေး ဆရာဝန်တွေက နောက်ကွယ်က ဇာတ်ညွှန်းရေးဆရာ တွေနဲ့ တူနေတာပေါ့။ ခင်ဗျားတို့ ပညာပေး ဆောင်းပါးတွေ ရေးမှလူတွေ သိမှာမို့ ရေးဖြစ်အောင်ရေး စမ်းပါ " ပြန်တိုက်တွန်း သွားပါတော့တယ်။ ကျွန်တော်ကလည်း " ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်" ဖြစ်နေမှာမို့
ခုတော့ မရေးသေးဘူး၊ နောင်တစ်ချိန်မှာ ကျွန်တော် နိုင်ငံခြား မရောက်ဘူး လို့မပြောနိုင်။ အဲဒီတော့မှ ဟိုကနေ ရေးပြီး ပို့လိုက်မယ် " လို့ ပြန်ပြောခဲ့မိပါတယ်။

ထိုစဉ်က ဘာရယ်လို့ မဟုတ် ခပ်နောက်နောက် သဘော ပြောခဲ့တဲ့ စကားပါ၊ ခုတော့ နိမိတ်ဖတ် ခဲ့သလို ဖြစ်နေသည်။ ခု UNV ကျေးဇူးနဲ့ အာဖရိကကို ရောက်နေရပါပြီ၊ မဟေသီရဲ့ ကျေးဇူးနဲ့ စာတွေ ပြန်ရေးနိင်ပါပြီ မို့ ကျွန်တော့် ကတိအတိုင်း ပညာပေးအဖြစ်ရေးလိုက်တာပါ။ " ငါးချဉ်ကိစ္စ" နဲ့တော့မဆိုင်ပါ။

ကျွန်တော် ခုနက ပြောခဲ့တဲ့ ဦးနှောက်စားရတဲ့ ကိစ္စ ပြန်ဆက်ရရင် ကျွန်တော် ဒီကို ရောက်ပြီး တစ်လမှ မကြာမီမှာပဲ အစီရင်ခံစာ တစ်စောင်ရေးရဖို့ ကြုံလာပါတယ်။ အဲဒါက " မေ့ဆေး လူသေမှု " Anaesthetic Death တဲ့၊ (နာမည်ကြားရရုံနဲ့ပင် ကျောချမ်းစရာပါ။)

ဒီမှာက ခွဲခန်းထဲမှာ၊ ဒါမှမဟုတ် ခွဲစိပ်လို့အပြီး ၂၄နာရီအတွင်း လူနာ သေဆုံးလျှင် မေ့ဆေး လူသေမှု လို့ သတ်မှတ်ပါတယ်၊ ဒီအမှု ပေါ်ပြီဆိုရင်တော့ မလွယ်ပါ၊ ရဲကို ချက်ချင်း အကြောင်းကြား၊ အမှုဖွင့်နဲ့ ရဲအမှု Police case ဖြစ်သွားပြီ၊ နောက်အလောင်းကို ရဲလက်အပ် သူတို့ကားနဲ့ သူတို့လာယူပြီး သူတို့ ရေခဲတိုက် ပို့ပါတယ်။ ဆေးရုံနဲ့ မဆိုင်တော့။ သူတို့ ရဲမှုခင်း ဆရာဝန်နဲ့ ဆက်လုပ်ပါတယ်။

ကျွန်တော်တို့ အပိုင်းမှာတော့၊ ခွဲစိပ်မှုမှာ ပါဝင်တဲ့ ခွဲစိပ်နဲ့ မေ့ဆေးဆရာဝန်တွေ၊ အကူဆရာဝန်တွေ၊ နာ့(စ) နဲ့ နာ့(စ)အကူတွေ၊ အားလုံး ကိုယ့်ရှုထောင့် အသီးသီး ကနေ အစီရင် ခံစာတွေ statement တွေ ရေးရပါတယ်၊ ဒါတွေကလည်း ရဲစခန်းက သီးသန့်ပုံစံတွေပါ၊ အတော့်ကို စိတ်ချမ်းသာစရာ မကောင်းတဲ့ ကိစ္စပါ။ ခေါင်းစဉ်ကိုက "မေ့ဆေး လူသေမှု" ဆိုတော့ စကတည်းကိုက ကျွန်တော်တို့ အဖို့ တရားခံဘ၀ ရောက်ရတော့မယ့်ပုံ။ ဒီဝေါဟာရကို ဘယ်ပညာရှင်တွေ ကများ စပြီး ထွင်ခဲ့တယ် မသိပါ။ မေ့ဆေး ဆရာဝန်တွေကို လူသိများစေချင်လို့ ဟုတ်မယ် မထင်ပါ။ (ချောက်ချချင်တာ ပိုများပါလိမ့်မယ်။)

အမှန်တော့ ဒီဝေါဟာရ ပေါ်စဉ်က မေ့ဆေးဆရာဝန် ရယ်လို့ပင် သီးသန့် မပေါ်သေးပါ။ မေ့ဆေးပညာ ဆိုတာက ခွဲစိပ်ပညာရဲ့နောက်အတော်ကြာမှ ထွန်းကား လာတာပါ။ ဒီအရင်ကတော့ လူနာကို အရက် အလွန်အကျွံ မူးအောင်တိုက် ၀ိုင်းဖမ်းချုပ် ပြီးမှခွဲစိပ် ဖြတ်တောက်ရတာပါ။ ဆိုတော့ မေ့ဆေးပေါ်ကာစက လူနာမေ့သွားတာကိုသာ သိတာပါ၊ ဆေးရဲ့သဘော သဘာဝကိုလည်း အသေအချာမသ၊ိ လူနာပေါ်မှာ ဘာဘေးထွက် ဆိုးကျိုးတွေ ရှိမှန်းလည်းမသိ၊ သီးသန့်(မေ့ဆေး) ဆရာဝန် ဟုလည်းမရှိ၊ ကျရာလူက မေ့အောင် ၀င်လုပ်ကြရတာပါ။ မေ့ဆေးရယ်လို့လည်း များများစားစားမရှိ တစ်မျိုးကောင်း တစ်မယ်ကောင်း (ကလိုရိုဖေါင်း Chloroform နောက်ပိုင်း မှာတော့ အီသာ Ether စတာ) လောက်ပဲ ရှိခဲ့တာပါ။ ဒီတော့ လုံးဝ စိတ်မချရပါ၊ လူနာ အသေအပျောက်လည်း များခဲ့ပါတယ်။ ခွဲစိပ်ပြီးလို့ လူနာတိမ်းပါးသွားလျှင် မေ့ဆေးကြောင့်ပဲ ဖြစ်တတ်တာမို့ ဒီဝေါဟာရ ပေါ်လာရတာ ဖြစ်ပါလိမ့်မယ်၊ (သို့) ခွဲစိပ်ဆရာဝန်တွေ ခေါင်းရှောင်ချင်လို့၊ တမင်ထွင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ Operation was successful but the patient died (ခွဲစိပ်မှုကတော့ အောင်မြင်ပါတယ်။ ဒါပေမယ့် လူနာတော့ ဆုံးသွားတယ်) ဆိုတဲ့စကားဟာ မေ့ဆေးပေါ် ပုံချထားပုံရပါတယ်။

ဒီနေရာမှာ ကြုံကြိုက်လို့ နည်းနည်း ကွန့်ချင်တာလေး တစ်ခုရှိပါတယ်။ ဗုဒ္ဓခေတ်က သမားတော်ကြီး ဆရာဇီဝက ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ (အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေ) အသိဆုံးပါ၊ ဇီဝကဟာ ဆေးဝါးနဲ့ ကုသမှုတွေ ရှိခဲ့သလို ခွဲစိပ်ကုသမှုတွေ လည်း လုပ်ခဲ့ပါတယ်။ ၀မ်းဗိုက်ထဲတွင်မက၊ ဦးခေါင်းခွံထဲ ထိပါဝင်ခွဲ ခဲ့တယ်လို့ ဖတ်ရဘူးပါတယ်။ ဥပမာ ပြရရင် အူခေါက်တာတွေ၊ ဦးနှောက်ထဲက ကျူမာအလုံး စတာတွေပါ၊ အကြီးစား Major surgery တွေပေါ့၊ ဆိုတော့ကာ တော်ရုံမေ့ဆေးနဲ့ မဖြစ်နိုင်ပါ။ အဲဒီတုန်းက အနောက်တိုင်းက လူတွေ ဘာမှမလုပ်တတ်ခင် ဘယ်မေ့ဆေးသမားတော်က ဘယ်လိုမေ့ဆေးများ ပေးခဲ့တယ်ဆိုတာ ဘာမှတ်တမ်းမှ မကျန်ရစ်ခဲ့တာ ၀မ်းနည်းစရာ အတော်ကောင်းပါတယ်။ (စကါးချပ်ပါ)

ခုချိန်မှာတော့ အစစတိုးတက်နေပါပြီ။ ကြုံရာလူ မေ့ဆေးဝင်ပေးတဲ့ ခေတ်မရှိတော့ပါ၊ မေ့ဆေး စပယ်ရှယ်လစ်တွေ ရှိနေပါပြီ၊ သုံးတဲ့ မေ့ဆေးတွေ ကိရိယာတွေလည်း ဆန်းကြယ်နေပါပြီ။ လူနာကို လိုအပ်သလို တိတိကျကျ အချိန်ပိုင်း အတွင်း မေ့သွားအောင် လုပ်နိုင်သလို ပြန်နိုးလာအောင်လည်း လုပ်ပေးနိုင်နေပါပြီ။ ဒီထက်ပိုလို့ အရေးကြီးတာက လူနာမေ့နေစဉ်မှာ သူ့ရဲ့အခြေနေအရပ်ရပ် ဥပမာ သွေးပေါင်ချိန်၊ သွေးခုန်နှုံး၊ နှလုံးအလုပ်လုပ်နေပုံ ECG၊ သွေးထဲမှာ အောင်စီဂျင် လည်ပတ်နေပုံ စတာတွေကို TV ဖန်သားပြင်ပေါ်မှာ အချိန်ပြည့် ကြည့်နေနိုင်ပြီး လိုရင်လိုသလို မေ့ဆေးဆရာဝန်က အခြေနေကို ထိန်းပေးနေနိုင်ပြီမို့ အရင်ကလို မေ့ဆေးလွန်သွားတာတို့ မှားသွားတာတို့ စတဲ့ အန္တရာယ်တွေ လျော့နည်းသွားပါပြီ။ ပြောရရင် "မေ့ဆေးလူသေမှုခေတ်" မဟုတ်တော့ပါ။

ဒါကြောင့်မို့ ခုနောက်ပိုင်း မှတော့ Anaesthetic death အစား Perioperative death (ခွဲစိပ်မှု ပြုနေစဉ် အတောအတွင်း လူသေမှု) လို့ပိုအသုံးများ လာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအသုံးနှုန်းကို ပိုသဘောကျပါတယ်။ မေ့ဆေးဘက်က လိုက်ပြောတာမဟုတ်ပါ၊ မှန်ရာကိုပြောတာပါ၊ ခွဲစိပ်ရမယ့် လူနာဆိုကတည်းကိုက သူ့မှာ ရောဂါရဲ့ဒဏ်ကို အနည်းနဲ့ အများဆိုသလို ခံစားနေရပြီးသားပါ၊ ဒီပေါ်မှာ ခွဲစိပ်မှုဒဏ်၊ မေ့ဆေးရဲ့ဒဏ်၊ ရောဂါတွက် ပေးထားရတဲ့ ဆေးတွေရဲ့ဒဏ် စတာတွေပေါင်းလိုက်တော့၊
သေနိုင်စရာ အမည်ပေါင်း မနည်းပါ၊ ဒါကိုမှ မေ့ဆေး တစ်ခုထဲပေါ် ပုံချတာကတော့ နည်းလမ်းမကျဘူး ထင်ပါတယ်။ (ဒီထဲမှာ ခွဲစိပ်ဆရာဝန်ကလည်း အတွက်အချက် မှားနိုင်ပါသေးတယ်။)

သို့စင်လျက် ကနေ့ထက်တိုင် ဥပဒေ ရှုထောင့်မှာတော့ Anaesthetic Death ဆိုတာက ရှိနေမြဲ၊ မေ့ဆေးပေါ်မှာ တာဝန်ရှိနေဆဲပါ။ သူ့နိုင်ငံမှာ ဆိုတော့ သူ့ဥပဒေကို လိုက်နာရမှာပေါ့၊ လွှဲရှောင်၍ မရ၊ ဒါပေမဲ့ ဒီ statement (အစီရင်ခံစာ) ကို လက်တွေ့ချရေးတဲ့ အခါမှာတော့ ပေါ့ပေါ့တန်တန် သဘော မထားရဲပါ၊ နှုတ်တစ်ရာ စာတစ်လုံး လို့ ဆိုထားသည် မဟုတ်ပါလား၊ နောင်တစ်ချိန်မှ တရားရုံးမှ ဆင့်ခေါ်ခဲ့သည် ရှိသော် ဆိုတာကို အမြဲစဉ်းစား ထားရသည်၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အနည်းဆုံး ကိုယ့်ပေါ်မှာ ဟာကွက်မရှိရအောင် အပြစ်မကျ ရအောင် ရေးရဖို့ပေါ့။ (တစ်ချိန်တည်း မှာပဲ သူတစ်ဖက်သား ပေါ်ချည်း ပုံချရေးလို့လည်း မဖြစ်။)

ဒါဆို ကိုယ့်ပေါ်အပြစ်မကျရအောင် သေလောက်မယ့် လူနာတွေကို (ငါမေ့ဆေး မပေးနိုင်ဘူး) လို့ တစ်ချိန်လုံး ငြင်းလွှတ်နေလို့ ရမလား မေးစရာရှိပါတယ်။ မေ့ဆေးမှာ လူတိုင်းကို မေ့ဆေး မပေးနိုင်ပါဘူး။ အကန့်အသတ် ရှိပါတယ်၊ (မေ့ဆေး ပေးရန် မသင့် unfit for anaesthesia) လို့ မေ့ဆေးက မှတ်ချက် ရေးလိုက်လျှင် မည်သူမျှ ခွဲခွင့်မရှိပါ။ လူနာ သွေးပေါင် ကျနေလို့ (သို့) တက်နေလို့၊ ပန်းနာရောဂါ (သို့) နှလုံးရောဂါ ထနေလို့ စသဖြင့် အကြောင်းပြချက် တစ်မျိုးမျိုးနဲ့ ပယ်နိုင်ပါတယ်။ ဒါပေမယ့် အရေးပေါ် ခွဲစိပ်ရမယ့်ကိစ္စမျိုး၊ ဥပမာ ရွှေမင်းသ္မီး ဒိုင်ယာနာ ဟိုတယ်မှာ တ၀စားသောက်ပြီး ကားအက်(စ)စီးဒင့် ဖြစ်လို့ ဆေးရုံ ရောက်လာတာကို ဗိုက်ပြည့်နေလို့ (အန်မှာစိုးလို့) မေ့ဆေး မပေးနိုင်သေးဘူး ဆိုပြီးငြင်းလွှတ်မလား၊ အစာအိမ်ပေါက်ပြီး သွေးလွန်နေတဲ့ လူနာကို ပန်းနာရောဂါထနေလို့ ဆိုပြီး နေကောင်းတဲ့ထိ စောင့်ခိုင်း မလား၊ တုပ်ကွေးကြောင့် အားအလွန်နည်းနေတဲ့ လူနာ အူအတက် ပေါက်တာကို အားပြန်ပြည့်မှ ပြန်လာပါလို့ ဆိုမလား။

မရပါ၊ ရှင်းနေပါတယ် ခွဲမယ့်ဆရာဝန်ကတော့ ခွဲစရာရှိတာကို ခွဲမှာပါ၊ ဒါကိုကျွန်တော်တို့က ငြင်းဆန်နေလျှင် မေ့ဆေးဆရာဝန်က မေ့ဆေးမပေးလို့ မခွဲနိင်တာပါဆိုပြီး ကျွန်တော်တို့ပေါ်ပြန်ပုံချလာ ဦးမှာပါ၊ ကျွန်တော်တို့ တာဝန်ယူရမှာပါ၊ သေမှသာ သေပေါ့၊ နောင် ပြဿနာတက်မှသာ တက်တော့ ကျွန်တော်တို့ စွန့်စား ရပါတယ်၊ တကယ်တမ်း ဖြစ်လာရင် လူနာရဲ့သွေးအဖြေတွေ၊ ဓါတ်မှန်တွေ၊ မစောင့်အားပါ၊ သွေးရမှ မေ့ဆေး ပေးနိုင်မယ်လို့မပြောနိင်ပါ။ ဒါတွေက ကျွန်တော်တို့နေ့စဉ်လို ကြုံတွေ့နေကျပါ။ မေ့ဆေး ဆရာတွေအဖို့ စိတ်ဖိစီးမှု Stress အတော်များပါတယ်။ ဒါတွေက လူတွေမသိတဲ့ ကန့်လန့်ကာ နောက်ကွယ်က ဇာတ်လမ်း တွေပါ၊ ဒါကြောင့် မေ့ဆေး ဆရာဝန်တွေကို လူမသိ သူမသိ ဟီးရိုးများ Forgotten Heroes လို့ တင်စား ခေါ်ဝေါ်တာတွေ ရှိပါတယ်၊ (အနောက် နိုင်ငံတွေမှာပါ) ကျွန်တော်တို့ ဒီမှာ တစ်ခု ကံကောင်း တာက ပြဿနာဖြစ်လာရင် ဆေးကောင်စီတို့ တရားရုံးတို့မှာ ထုခြေနိုင်ခွင့် ရှိပါတယ်။ လူနာက နစ်နာလို့တိုင်တိုင်းလည်း အပြစ် မယူနိုင်ပါ၊ လူနာ ကိုယ်တိုင် သဘောတူ လက်မှတ်ထိုး ပေးပြီးမှ ကျွန်တော်တို့ကိုင်ရတာပါ။ တာဝန်ရှိတာနဲ့ အပြစ်ရှိတာက တစ်ကဏ္ဍစီပါ။

ဒီနေရာမှာ ဖြစ်ရပ်တစ်ခုတည်းပေါ် လူ ၄-၅ ဦး၊၀ိုင်း ရေးရတာမို့ အနည်းဆုံးတော့ တစ်ယောက် တစ်ပေါက် မဖြစ်ရအောင် အချင်းချင်း ညှိဖို့လိုပြီပေါ့၊ ဒီတင်ပြဿနာက စပါတော့တယ်၊ ခွဲခန်းနာ့(စ) တွေကတော့ ကျွန်တော်တို့နဲ့ လက်ပွန်းတသီး နေကြတာမို့ ဘယ်လို ရေးရင် ကောင်းမယ် ဘယ်လို ညှိကြရအောင် စသဖြင့်ပြောလို့ရပါတယ်၊ အင်္ဂလိပ်လိုလည်း ကျွမ်းကြ ပါတယ်၊ ဒါပေမယ့် ဆရာဝန် တွေ အပိုင်းမှာတော့ ထင်သလောက် မလွယ်ပါ၊ နိုင်ငံအမျိုးမျိုး လူမျိုးအဖုံဖုံ ဆေးပညာ နောက်ခံချင်းလည်း မတူကြ၊ ဒီမှာက ဆရာဝန်အများစုက ကျူဘား လူမျိုး စပိန်ဘာသာ သာကျွမ်းပြီး အင်္ဂလိပ်လို မရေး၊ မပြောနိင်ကြ။ ရုရှားက လူတွေလည်း ထိုနည်းလည်းကောင်းပါပဲ၊ ဘာသာစကား အတားအဆီး Language barrier ပါ၊ ၀င်လာတော့၊ ဒီလိုစာမျိုး (သာမန် အင်္ဂလိပ်စာ ထက်မက ဆေးပညာအသုံးအနှုန်းနဲ့) ရေးရတာ ဦးနှောက် တော်တော် စားရတယ် ဆိုတာ စာရှုသူများ ကောင်းစွာ သဘောပေါက်နိုင်ပါလိမ့်မယ်။ (နှစ်များစွာ မကြာသေးမီကပဲ ဒီနိုင်ငံမှာ မေ့ဆေးဆရာဝန် နှစ်ယောက် တရားရုံးမှာအမှုရင် ဆိုင်ခဲ့ရဘူးတာရှိပါတယ်။)


စိုးမြင့် - မေ့ဆေး
ခေတ္တ အိုရှာခါတီ Namibia
၁၉၉၇ မဟေသီမဂ္ဂဇင်း ပေါ်အခြေခံ၍ပြန်ရေးပါသည်

2 မှတ်ချက်:

Scalpel

ဆရာကြီး ခင်ဗျာ ...
လေးစားစွာနဲ့ လာရောက်ဖတ်ရှုသွားပါတယ်။ နောက်လည်း လာလာဖတ်ပါ့မယ်။ အတွေ့အကြုံလေးတွေ မျှဝေ ပေးပါဦး ခင်ဗျာ ...

လေးစားလျက်

Anonymous

ကျေးဇူးပါ သိရလို့

Soe Myint (Anaesthesia)  ©2009

Back to TOP