Tuesday, December 1, 2009

ကံဆိုတာစေတနာကိုခေါ်ပါတယ်

အဲဒီတုန်းက ကျွန်တော့ ရဲ့လုပ်ဖေါ်ကိုင်ဖက် သူနာပြုတွေပါ
"ကံဆိုတာစေတနာကိုခေါ်ပါတယ်"
တစ်ခုသော နံနက်စောစောစီးစီး အချိန် မိုးအေးအေးနဲ့ ကွေးကောင်းဆဲ ကျွန်တော့်ဆီ ဖုန်းဝင်လာ ပါတယ်။ ပြည်နယ်ဆရာဝန်ကြီး ဒေါက်တာဟမားတား Hamata ဆီံမှပါ၊ ရှားရှား ပါးပါး ခွဲစိတ်မွေးရမယ့် လူနာတစ်ယောက်ရှိလို့ ခုခွဲခန်းကိုလာဖို့ အကြောင်းပါ၊ (ဆရာ ကြီးခေါ်တော့ လည်းသွားရတာပေါ့၊) ဒါနဲ့ ခွဲခန်းရောက်တော့ သူက ခုလူနာမှာ သူကိုယ်တိုင် တစ်ချိန်က စိတ်ရှည်လက်ရှည်နဲ့ သားအိမ်မှ အလုံးကို ထုတ်ထားပေးရတဲ့ လူနာဖြစ်ပြီး ခုမှကလေးရ လာတဲ့တွက် သူဝမ်းသာတဲ့အကြောင်း နဲ့ အရေးပေါ် လူနာမဟုတ်ပဲ ခုလို စောစောခေါ်ရတာ ခွင့်လွှတ်ဖို့ အကြောင်း ပြောပါတယ်၊ (ဆေးပညာမှာ Myoma uterus လို့ ခေါ်တဲ့သားအိမ်မှာ အလုံးရှိတဲ့ ရောဂါသည် အမျိုးသမီး တစ်ယောက်အဖို့ ကလေးရဖို့ မလွယ်ပါ။ ခွဲထုတ်လိုက်လျှင် တော့ တချို့.လည်း ကံကောင်းရင် ရတတ်ပါတယ်၊ ဒါကြောင့်မို့ လည်း သူပျော်နေတာပါ၊) ဒါနဲ့ ကျွန်တော်ကလည်း ဆရာကြီးရဲ့ အောင်မြင်မှုတွက် ဂုဏ်ယူပါ ကြောင်း အလိုက်သင့်ပဲပြန် ပြောလိုက်ပါတယ်။

ကျွန်တော်တို့ ခွဲစိတ် မှုကို စလိုက်ကြပါတယ်၊ အဲဒီခွဲစိတ်မှုမှာ ပါဝင်တဲ့ Katerina ဆိုတဲ့ ဆရာမ၊က အတော်လေးလည်လည် ဝယ်ဝယ် ရှိသူပါ၊ သူမက လုပ်ကိုင်ရင်းနဲ့ ကျွန်တော့်ကို လှမ်းမေးပါတယ်၊ “တာတေစိုး” ဒီလူနာကို မမှတ်မိဘူးလား ကျွန်တော် သူ့ကို ကောင်းကောင်း သိခဲ့ပါတယ်တဲ့၊ ကျွန်တော်ဆိုတဲ့ လူကလည်း မှတ်မိဖို့ နေနေသာ အားလုံးကို မည်းမည်းချည်းပဲ မြင်နေ တာမို့ (နိုး) လို့၊ “လူနာရဲ့မှတ်တမ်း ထဲမှာလည်း ကျွန်တော့်နဲ့ ပတ်သက်တာ ဘာမှလည်း မတွေ့ရ ပါလား ဘာများ ထူးထူးခြားခြားရှိလို့လဲ” လို့ ပြန်မေးလိုက်ပါတယ်၊ သူမက၊ “ဒါဆိုလဲပြန် စဉ်းပါအုံး မနှစ်တုန်းက ဒေါက်တာ 'ဘက်' ကြီးနဲ့ စကားများခဲ့တာတော့ မေ့ဦးမယ် မထင်ပါဘူး အဲ့ဒီတုန်းက လူနာ ကောင်မလေးက သူပဲလေတဲ့၊”

သူမရဲ့ စကားကြားရတော့ ကျွန်တော့်ရဲ့ စိတ်တွေ အိပ်ချင်မူးဖြစ်နေရာ က ပြန်နိုးကြားလာပြီး အတိတ်ဆီကို ပြန် ရောက်လို့ သွားပါတော့တယ်၊ ဒီဇာတ်လမ်းလေးကို ကျွန်တော် တစ်သက် ဘယ်မေ့နိုင်ပါ့မလဲ၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်က ကျွန်တော်တို့ဆီမှာ ဒေါက်တာ Badlidine ဘက်ဒလီဒင်း ( အတိုကောက်၊ သူ နဲ့လိုက်ဖက်တဲ့ နာမည် Dr Bad လို့ပဲ ခေါ်ပါတယ်) ဆိုတဲ့ မီးယပ်သားဖွား ဆရာဝန် တစ်ယောက် ရှိခဲ့ဖူးပါတယ်၊ ထောင်ထောင် မောင်းမောင်းနဲ့၊ အီဂျစ်က လာတာပါ၊ လန်ဒန် တော်ဝင်သမားတော် ဘွဲ့ကြီး MRCOG ဘွဲ့ ရထားသူပါ၊ ခုလိုဘွဲ့ကြီးမျိုး ပိုင်တာ ဒီနိုင်ငံမှာ တော်တော်ရှားပါတယ်၊ သူနဲ့ မြို.တော်မှာ နောက်တစ် ယောက် ဒီနှစ်ယောက်ပဲ ရှိမယ်ထင်ပါတယ်၊ ဒါကြောင့် မို့လဲ တော်တော် ဘဝင်မြင့်နေသူပါ၊ အီဂျစ်လည်း ဖြစ်ပြန်တော့ ပိုဆိုးတော့တာပေါ့၊ သူစိတ်တိုင်း ကျတဲ့လူ၊ သူနဲ့ ပြဿနာ မဖြစ်ဖူးတဲ့လူ ခပ်ရှားရှားပါ၊ ပြသာနာကိုမီး ခွက်ထွန်းရှာတတ်တဲ့ လူစားမျိုးပါ၊ အဲဒီနေ့က သူနဲ့အတူ ကျွန်တော် မေ့ဆေး တာဝန်ကျပါတယ်၊ လူနာလည်း မများလှပါ၊ ဒါကြောင့်မို့ သူပထမ လူနာခွဲပြီးတဲ့နောက် ဒုတိယ လူနာကို မေ့ဆေးမပေးမီ စပ်ကြားမှာ သူ့ရဲ့လူနာမှတ်တမ်းကို အေးအေးဆေးဆေး ဖတ်ကြည့်နေမိပါတယ် (အမှန်တော့ ခွဲလူနာတိုင်းကို တစ်ရက်အလိုမှာ မေ့ဆေးပေးဖို့ သင့်မသင့်ကြိုစစ်ပြီးသားပါ၊ ခုဟာက အချိန်ရလို့ သူ့ရာဇဝင်ကို သက်သက် စပ်စုနေမိတာပါ။ ဒါဟာပဲ ပြဿနာရဲ့ အစ ဖြစ်သွားလားမသိ) ခွဲရမှာက သားအိမ်ထုတ်ပစ်ဖို့ပါ။ ရောဂါက သားအိမ်မှာ အလုံးတည်တာပါ (Myoma ပေါ့) အသက်ကို စစ်လိုက်တော့ ၂ဝ ပဲ ရှိသေးတာမို့ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပါတယ်၊ သနားစရာ ကောင်းနေတာပါ၊ ခုလို အပျိုရွယ် မိန်းကလေးတစ်ယောက်ဖို့ သားအိမ်မရှိ တော့တာဟာ ဘဝသေသွားတာ နဲ့ ဘာထူးတော့မှာလဲ၊ အာဖရိကမှာ ပိုဆိုးတာက ယောက်ျားတွေက မိန်းမထက် သားသမီးတွေကို ပိုဦးစားပေးတာပါ။ ကလေးမရတဲ့ မိန်းမအဖို့ အိမ်ထောင်မြဲဖို့ မလွယ်ပါ။ ဒါနဲ့ သူ့ဓါတ်မှန်တွေ အသံလှိုင်းနဲ့ ရောဂါရှာတဲ့ Ultrasound တွေကို ဆက် လက်လေ့လာ ကြည့်တော့ အသားလုံးက ကျွန်တော့် အတွေ့အကြုံအရ သားအိမ် ထုတ်ပစ်ရ လောက်အောင် မကြီးလှပါ။ အလုံးသက်သက် ပဲ ထုတ်မယ်ဆိုရင် ဖြစ်နိုင်လောက်ပါတယ်။ ခုခွဲစိပ်နေတဲ့၊ အဲဒီတုန်းက ဆေးရုံ အုပ်ကြီး လုပ်နေတဲ့ ဒေါက်တာဟမားတားက ဒီလိုရောဂါမျိုးကို အလုံးတင် ခွဲထုတ်တာ ကျွမ်းပါတယ် ဒီဆေးရုံကြီးမှာ သူတစ်ယောက်ပဲ ခုလို စိတ်ရှည်လက်ရှည် နာရီပေါင်းများစွာ ကြာအောင် ခွဲလေ့ရှိတာပါ။

အဲဒီတုန်းက အတူကျ နေတဲ့ဆရာမ ကလည်း ခု ကျွန်တော့်နဲ့ ပြောနေတဲ့ နာ့စ် ကက်သရီးနား ပါပဲ၊ သူမက အခြားသူ တွေနဲ့မတူ ရည်ရည်မွန်မွန် သွက်သွက်လက်လက် ရှိတာမို့ ကျွန်တော်နဲ့လည်း အတော်လေး လေပေးဖြောင့်ပါတယ်၊ လူနာကလည်း အင်္ဂလိပ်စကား တတ်သူမဟုတ်လေတော့ ကက်သရီးနားကိုပဲ စကားပြန်လုပ်ခိုင်းပြီး လူနာကို မေးမြန်းရပါတယ် သူမရဲ့အိမ်ထောင်ရေး အစီအစဉ် ကလေး လိုချင် မလိုချင် စသဖြင့်ပေါ့ ဒီတော့ မှ သူမက ခုနှစ်ကုန်လျှင် သူအိမ်ထောင် ပြု ဖို့စီစဉ်ထားတဲ့ အကြောင်း နဲ့ ကလေးလိုချင်တဲ့အကြောင်း ပြန်ပြောပါတယ်၊ သူမရဲ့အဖြေ ကိုကြားရတော့ ကျွန်တော် အတော့်ကို ဖျားသွားမိပါတယ်၊ ဒါဆိုခုခွဲစိပ်မှာက မင်းရဲ. သားအိမ်ကို ထုတ်ပစ်မှာနော် သားအိမ် မရှိတော့ရင် ကလေး မရနိုင်တော့ဘူး ဆိုတာ မင်းနားလည်လား သဘောပေါက်လား လို့ ပြန်မေးလိုက်တော့၊ သူမက ဟင်အင်း၊ သူသိ တာက သူ့ဗိုက်ထဲက အလုံးကို ထုတ်ပေးဖို့ပဲတဲ့၊ ခုလည်း သူ့ဗိုက်ထဲက အလုံးပဲဖြစ် အောင်ထုတ်ပေးပါ ကလေးလည်း လိုချင်ပါတယ်တဲ့ (ဘာမှ မသိ နားမလည် တဲ့အရိုးခံလေးပါ) ဘာမှ နားမ လည်ပဲ နဲ့ အင်္ဂလိပ်လိုရေးထားတဲ့ ခွဲစိပ်မှု သဘောတူညီချက် (Consent) ထဲမှာတော့ 'သားအိမ် ကိုထုတ်ပစ်ရန် သဘောတူပါတယ်' ဆိုပြီး သူမက လက်မှတ်ထိုးထားပါ သေးတယ်။ တစ်ခုခု တော့ လွဲနေတာ သေချာပါပြီ။

ဒါနဲ့၊ သူမကို ခွဲစိပ်မယ့် ဒေါက်တာဘက် ကိုပဲ သွားပြီး အကျိုး အကြောင်းမေးရပါတယ်၊ ဒီလိုပဲ ကောင်မလေး ကပြော နေတဲ့ အကြောင်း သားအိမ်တစ်ခုလုံး မဟုတ်ပဲ အလုံးတင် ထုတ်ပေးလို့ ဖြစ်နိုင် မဖြစ်နိုင် တော်ကြာ အိမ်ထောင်ပြုပြီး မှ ကလေး ရမလာရင် သူ့ရှေ့ရေးအတွက် သနားစရာ ကောင်းပါတယ်လို့၊ ချိုချို သာသာပဲ ကျွန်တော် သူ့ရှင်းပြပါတယ်၊ သူ့အဖြေက၊ (နိုး)တဲ့၊ အလုံး ကအကြီးကြီး ပ၊ဲ လူနာကို သူပြော ပြီးသားပဲ၊ သူပဲ သဘောတူလို့ လက်မှက် ထိုးပြီးသားပဲတဲ့၊ ဒီတော့ ကျွန်တော်က ဒါဆို သူကိုယ်တိုင် မလုပ်ချင် တောင်မှ ဒေါက်တာဟမားတား ဆီ ပို့ပေးလိုက်ပါလား ကောင်မလေးက ငယ်ငယ် ရှိပါသေးတယ် ဒီအခွင့်ရေးလေး တစ်ခုတော့ ပေးသင့်ပါတယ်လို့၊ ဒါကို သူက စိတ်မရှည်တော့တဲ့ပုံစံနဲ့ သူမှမခွဲနိုင်ရင် ဘယ်သူမှတတ် နိုင်မှာ မဟုတ်ဘူးတဲ့၊ မပို့ပေးနိုင်ဘူး လို့ ပြန်ပြောပါတယ်၊(သူ့ရဲ့မာန်မာန အတ္တတွေပေါ့)။

ဒီတော့ကာ ကျွန်တော်တို့ နှစ်ယောက်သား ကောင်မလေးဆီ ပြန်သွားကြရပြန်တယ်၊ သူမပြောတဲ့ခွဲစိတ် မှုမျိုး လိုချင်ရင် ကနေ့တော့ မဖြစ်နိုင်ဘူးလို့၊ ဒါကြောင့်မို့ မင်းရဲ့ ဆရာကို မခွဲချင်တော့ဘူးလို့ ပြန်ပြောပြီး ဆေးရုံက ဆင်းသွား နောက်တစ်ပတ် နေမှပြန်လာပြီး တခြား ဆရာဝန်တစ်ယောက်နဲ့ လာပြန်ပြလို့၊ အဲဒီ ဆရာဝန် နာမည်နဲ့ ရက်ချိန်းကို ငါတို့ ပေးလိုက်မယ်လို့ ရှင်းပြပါတယ်၊ ဒါပေမယ့် ကောင်မလေး က သူနေတဲ့ ရွာက ဝေးတယ် Angola နယ်စပ်ကို ကျော်လာရတာ လယ်(ပြောင်းခင်း) အလုပ်ကလည်း ခုမှပဲ အားတာမို့ ဒီနေ့ပဲ ရအောင် ခွဲပါဆိုပြီး ဒါကိုပဲ တတွင်တွင်တောင်းဆို နေလို့ ကျွန်တော်တို့ အခက်တွေ့ရပြန် တယ်၊ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းချက် က မအောင်မြင်ပါ၊ မနှိုင်းကောင်း နှိုင်းကောင်းပြောရရင်တော့ “ဘုန်းကြီးရူးနဲ့လှေလူး” ပုံစံမျိုးဖြစ်နေပါပြီ၊ တစ်ဖက်ကလည်း ဘာမှမသိ နားမလည် ရှာတဲ့ အရိုးခံလေး၊ ဆရာဝန်က သူဖြစ်ချင်တာ အားလုံး လုပ်ပေးနိုင်မယ် ထင်နေသူ၊ ကျန်တစ်ဖက်မှာတော့ လူတဖက်သား အရေး ကို ဘာမှမစဉ်းစား ခုတ်မယ် ထစ်မယ်ဆို တဲ့ ဓါးသမား၊ ဆရာဝန် မဆန်လွန်းတဲ့ ဆရာဝန် တစ်ယောက်၊ ဒီကြားထဲမှာက ကျွန်တော် တစ်ခုခုတော့ အပြတ်ဖြတ်မှ ဖြစ်တော့မယ်။

ဆေးကျောင်းသား ဘဝတုန်းက ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ခွဲစိပ်ပါမောက္ခ ဆရာဝန်ကြီး ဦးကျော်မောင် ပေးခဲ့တဲ့သင်ခန်းစာ လေးတစ်ခုကိုတော့ ခုထိကျွန်တော် မမေ့သေးပါ၊ ကျွန်တော်တို့ ဆေးကျောင်း နောက်ဆုံးနှစ်မှာ တုန်းကပါ၊ တစ်နေ့ ကျွန်တော်တို့အုပ်စုကို ခွဲခန်းမှာ စာသင်နေယင်း ဆရာကြီးက မေးခွန်းတစ်ခု ကောက်မေးပါတယ်၊ “ ခွဲခန်းတစ်ခုမှာ ကွာတဲ့ လူနာတစ်ယောက်ကို ခွဲရာမှာ မေ့ဆေး ဆရာဝန် ပါမယ်၊ ဆရာမတွေပါမယ်၊ ခွဲစိတ်ဆရာဝန် ပါမယ်၊ အဲဒီထဲမှာ ဘယ်သူအရေးကြီးဆုံးလဲ”တဲ့၊ ကျောင်းသားတစ်ချို့က ခွဲစိတ် ဆရာဝန်၊ တစ်ချို့က မေ့ဆေးဆရာဝန်ဆိုပြီး အမျိုးမျိုး ဖြေကြပါတယ်၊ ဒီတော့ ဆရာကြီးက “မင်းတို့ အားလုံးမှားတယ်၊ မင်းတို့ ခွဲနေ တာက လူနာလေ လူနာက နံပါတ်တစ် အရေးကြီးဆုံး ဖြစ်ရမှာပေါ့ ”တဲ့ လူနာပြီးရင် မေ့ဆေး ဆရာဝန်က ဒုတိယ အရေးကြီးဆုံးပဲ တဲ့ လူနာ့အသက်က သူ့လက်ထဲမှာ ရှိတာတဲ့၊ မင်းတို့ ထဲမှာလည်း တစ်နေ့ကျ ခွဲစိပ်ဆရာဝန်ကြီးတွေ ဖြစ်မယ့်သူ ပါမှာပဲတဲ့၊ အဲဒီ ကျရင် ငါဓါးကိုင်ရတယ် ဆိုပြီး ဘဝင်မမြင့်ကြနဲ့၊ လူနာကို အလေးထားရမယ်၊ လူလို ဆက်ဆံရမယ်၊ မင်းတို့ ခွဲ နေတာသစ်တုံး တွေလို့ မထင်နေနဲ့တဲ့၊ မေ့ဆေးဆရာဝန် ကိုလည်း နေရာပေးရမယ်တဲ့၊ ဆရာကြီးရဲ့ သြဝါဒနဲ့ ခုအဖြစ်က ကွက်တိပါပဲ၊

အမှန်တော့ ဒီလူနဲ့ ကျွန်တော် ထိပ်တိုက် မတွေ့ချင်ပါဘူး၊ သူက ပြဿနာရှိမှ စားဝင် အိပ်ပျော်တဲ့ လူစားမျိုး၊ ဘာမှ ပြဿနာမရှိလျှင်ပင် ဆရာဝန်ခန်းထဲ ဆေးလိပ် ထိုင်သောက် ပြီး လာတားတဲ့ သူကို ရန်တွေ့ တတ်တဲ့သူပါ၊ ဒါကြောင့်မို့ တို့ဗမာစကားနဲ့ ပြောရရင် ပြဿနာကို မီးခွက်ထွန်းရှာနေတဲ့ လူစားမျိုးလို့ ကျွန်တော်က ပြောပြတော့ ဒီက လူတွေက နည်းသေးတယ်၊ မီးခွက်မဟုတ်ဘူး ဓါတ်မီးနဲ့ ထိုးရှာနေတာတဲ့၊ ဒီလို တော်တဲ့လူပါ၊ ဒါပေမယ့် ကိုယ် ကလည်း စ ထားပြီ လက်စနဲ့မို့၊ လျှော့လို့ မဖြစ်တော့ ကျွန်တော် သူ့ကိုအပြတ်ပဲ ပြောလိုက်ပါတယ်၊ “ဒီလူနာကို ပယ်တယ် (postponed ပေါ့) ကျုပ်မေ့ဆေး မပေးနိုင်ဘူးလို့၊” ဒီတော့ သူက ဒေါသ တကြီးပဲခု လူနာမှာ မေ့ဆေးမပေး နိုင်စရာ ဘာရောဂါများရှိလို့လဲ consent (ခွဲစိပ်မှုသဘောတူညီချက်) မှာလည်း လက်မှတ် ထိုးပြီးသားပဲ၊ သူ့အသက်လည်း ပြည့်ပြီးသားမို့ ဘာလိုသေးလဲတဲ့၊ ကျွန်တော်က လည်း ပြန်ပြောလိုက်ပါတယ် “consent က သူနားမလည်ပဲ ထိုးထားတာမို့ ဒါကို ကျုပ်လက်မခံ နိုင်ဘူး ”လို့၊ ဒါကိုသူက ကျွန်တော့်ရဲ့ အလုပ်က မေ့ဆေး ပေးဖို့ပဲ၊ ဒါ ကျွန်တော့အလုပ် မဟုတ် ဘူးတဲ့၊ မေ့ဆေးပေး စရာရှိ ပေးပါတဲ့ အထက်စီး လေသံနဲ့ ပြောလာနေတာမို့ ကျွန်တော်က ပြန်ချဲပစ် လိုက်မိပါတယ် ခွဲစိပ်မှု ဆိုတာ team work ပဲ၊ သူတစ် ယောက်တည်း ဇါတ်လိုက်လုပ်လို့ မရဘူး၊ ကျွန်တော်လည်း သူ့လိုပဲ စပါယ်လစ် တစ်ယောက်ပဲ၊ သူ့လက်အောက် ခံမဟုတ်ဘူး လို့ ကျွန်တော့်မှာ အကြောင်း ပြချက်ခိုင်လုံရင် ဘယ်လူနာမဆို ပယ်ချခွင့်ရှိ တယ်လို့၊ နမီးဘီးယားက ဒီမိုကရေစီနိုင်ငံပဲ သူလဲ မကျေနပ်တာရှိ ကျွန်တော့်လို စာနဲ့ချရေး ပါးစပ်နဲ့ ပြောမနေနဲ့လို့ ပြီးရင် ဆေးရုံအုပ်ကြီး ဆီမှာသွားရှင်းကြမယ်လို့၊ (ကျွန်တော့်ရဲ့ စာမှာ “လူနာသည် ခွဲစိပ် မှု၏ သဘော သဘာဝကို နားလည် သူမဟုတ်၍ သူ၏ သဘော တူညီချက်သည် တရားမဝင်ပါ” ရေးထားတာပါ၊) အီဂျစ်ကြီးလဲ ကျွန်တော် မှသာ မေ့ဆေး မပေးရင် ဘာမှလုပ်တတ်တာ မဟုတ်တော့ နောက်ဆုံးမှာ နီရဲတဲ့မျက်လုံး ကြီးတွေ အကြည့်နဲ့ ထွက်သွားပါတော့တယ်။

သူနဲ့ ကိစ္စပြတ်တော့၊ လူနာကောင်မလေးကို ကနေ့ ခွဲစိပ်လို့မဖြစ်နိုင်တော့တဲ့ အကြောင်း ပြောပြပြီး ပြန် လွှတ်လိုက်ပါတယ် ကျွန်တော်တို့စီစဉ် ထားတဲ့အတိုင်းသူဘာ ဆက်လုပ်ဖို့ကို ဝဒ်ထဲက ဆရာမကို ရှင်းပြလိုက် ပါတယ်၊ သူလေးကလည်း ငိုမဲ့မဲ့မျက်နှာလေးနဲ့ ပြန်သွားရ ရှာပါ တယ်။ အဲဒီနေ့က အဖြစ်ကတော့ ကျွန်တော့် အဖို့ ဘယ်ဖက်ကမှ မျက်နှာကောင်း မရခဲ့ တဲ့အ ဖြစ်ပါ၊ ခွဲစိပ် ဆရာဝန်က မကြည်တာထားတော့ လူနာကလည်း မကြိမ်ဆဲနေရင် ပဲ ကံ ကောင်းလှပြီလို့ ပြောရပါလိမ့်မယ် ထင်ပါတယ်၊ ကက်သရီးနား တစ်ယောက်ကတော့ အား ပေးဖေါ်ရပါတယ် 'စိုး' စိတ်မပျက်ပါနဲ့တဲ့ ဘုရားသခင်က အားလုံး ကိုနားလည် ပါတယ် ကျွန်တော့ကို ကောင်းချီး ပေးပါလိမ့်မယ်တဲ့၊ ကျွန်တော်လည်း ဘယ်လိုမှဝမ်းမနည်းခဲ့ပါ၊ ကိုယ့်ရဲ့စေတနာ ကိုယ်အသိဆုံး မဟုတ်ပါလား ကျွန်တော့်ရဲ့ လုပ်ရပ်က လူနာအကျိုးတွက် သက်သက်ပါ။

ဆရာကြီးကို မျက်နှာရအောင် လုပ်တယ်ပြောရအောင်လည်း သူနဲ့စကားပင် မစပ်ခဲ့မိပါ၊ ဟို “ငပွကြီး” ကလည်း လူပါးပင်၊ တိုင်လား တောလား ဘာမှမလုပ်ခဲ့ပါ၊ ကျွန်တော်လည်း လူနာနဲ့ လုံးဝထပ်မတွေ့ဖြစ်ပါ၊ တွေ့စရာအကြောင်း မှမရှိတာ၊ ခုမှပဲ တိုက်တိုက်ဆိုင်ဆိုင် ပြန်ဆုံဖြစ်ကြတာပါ၊ ဒါတောင် ဟိုဆရာမ လေး သာမပြောရင် ခုလည်း သိမှာမဟုတ်ပါ။

ကျွန်တော်လည်း ဘယ်လောက်ကြာအောင် တွေးနေမိလည်း မသိဆရာမက'စိုး' အိပ်ပျော်နေလား “ကလေးထွက် သွားပြီ၊ ဆေးထိုးစရာရှိ ထိုးတော့လေ” လို့ သတိပေးတော့မှ ပြန်သတိရ လာပါတော့တယ်၊ ကျွန်တော်နဲ့ ကက်သရီးနား တို့ ပြောနေ ဆိုနေကြတာတွေကို ခွဲစိပ်နေတဲ့ ဒေါက်တာ ဟာမတား ကြားတော့မှ ဒီဇာတ်လမ်းကို သူသိသွားပါတယ်၊ ဆရာကြီးက အစက သူဒီအကြောင်းတွေ ဘာမှမသိပါလား တဲ့၊ ဒါဆိုရင် ခုကလေးရတာ အတွက်ဒေါက်တာ “မြင့်” ကို ကျေးဇူးတင်ရမှာတဲ့ ကျွနတော့်အတွက် သူဂုဏ်ယူပါတယ်တဲ့၊ (ဒီမှာ အများစုက ကျွန်တော့် စိုး လို့ပဲ အခေါ်များပါတယ်၊ သူတစ်ယောက်ပဲ မြင့် လို့ ခေါ်တတ်တာပါ။) ဘုရားသခင်ကလည်း ကျွနတော့် ကို ကောင်းချီးပေးမှာပါတဲ့။

'ဘုရားးသခင်က ကောင်းချီးပေးမှာပါ' တဲ့၊ ဒီစကားမျိုး ကျွန်တော့် လာပြောသူပေါင်း များလှ ပါပြီ ဆရာကြီးထွက်သွားးတော့ ကျွန်တော်က သူတို့ကို ပြောမနာ ဆိုမနာတွေမို့ ခပ်နောက် နောက်ပဲ ပြန်မေးလိုက် ပါတယ် “ခက်တာပဲလို့ ငါကလည်း ဘုရားသခင်ကို ယုံတာမဟုတ်တော့ သူကလည်း ငါ့သိမှာ မဟုတ်လို့ ဘယ်လိုဖြစ်နိုင်မှာလဲလို့၊” သူတို့ကလည်း ပြန်မေးပါတယ်၊

ကျွန်တော်က ဘုရားသခင်ကိုလည်း မယုံဘူးတဲ့ ဘုရားကို မယုံရင် ဘာယုံကြည်ချက်များ နဲ့ခုလို ကောင်းတာတွေ အမိုက်ခံပြီး လုပ်နေရတာာလဲ တဲ့၊ ကျွန်တော်က ပြန်ဖြေလိုက်ပါတယ် လောကကြီးမှာ ဘာအလုပ်ပဲ လုပ်လုပ် စိတ်ထား(စေတနာပေါ့) ကောင်းဖို့ အရေးကြီးဆုံးပဲ လို့၊ ကိုယ့်ရဲ့စေတနာတွေ ကောင်းနေသ၍ ကံတွေ ကောင်းနေမှာပဲလို့၊ ကိုယ့်ကံတွေ ဆိုးလာ ပြီဆိုရင်တော့ ကိုယ့်စေတနာ တွေညံ့လာလို့ပဲ လို့၊ မှတ်ပါလို့၊ သူတို့နားလည်အောင် ဥပမာ လူတွေက ပြောကြထယ်လို့ ဆရာဝန်အလုပ်ဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝတယ်တဲ့၊ မှန်ပါတယ်လို့ ဒါဟာ ကောင်းတဲ့အသက် မွေးဝမ်း ကြောင်းပါလို့၊ ဒါပေမယ့် အသပြာတို့ လက်ဆောင်တို့ ကို မျှော်မှန်းနေတဲ့ ဆရာဝန်တွေ စာနာ မှုခေါင်းပါးတဲ့ ဆရာဝန်တွေရဲ့ကံဟာ မကောင်းနိုင်ဘူးလို့၊ " One makes one's good luck, One makes one bad luck " ဒါဟာ ငါ့စကား မဟုတ်ဘူး ဒို့ ဗုဒ္ဓ ရဲ့အဆုံးအမပါလို့။ (သူတို့က Bible ကလွဲရင် ဘာမှသိမှာမဟုတ်လို့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါ။)

မကျေပွဲ။ ဒီလူနာကို Dr Bad ကြီးသာ ရှိရင် ခေါ်ပြချင်ပါသေးတယ်၊ ဒါပေမယ့် သူမရှိတော့ပါ၊ အီဂျစ် ပြန်သွားပါပြီ၊ သူလည်းပဲ ဗော်လံတီယာ ဆရာဝန်တစ်ယောက်ပါ သူ့ ကွန်ထရက်သက် တမ်း ကုန်တော့ ကျွန်တော့်လိုပဲ ဆက်လုပ်ဖို့ လျှောက်ပါတယ်၊ ကျွန်တော်ရပေမယ့် သူမရခဲ့ပါ၊ ကျွန်တော် ကံကောင်းတယ် သူကံဆိုးတယ် လို့ ပဲပြောရမလား။ ဒါမှမဟုတ် ကျွန်တော့် ဒီမှာ ဝဋ္ဋ်ကျွေး မကုန်သေးလို့ပဲလား။


(စိုးမြင့် - မေ့ဆေး)
ခေတ္တ အိုရှာခါတီ
မဟေသီမဂ္ဂဇင်း ၂၀၀၀ ခု။

5 မှတ်ချက်:

Anonymous

ခွဲစိတ်မှုဆိုင်ရာမှာ အရေးကြီးတဲ့ Consent (သဘောတူညီချက်) နဲ့ ပတ်သက်ပြီး နားလည် သဘောပေါက်ကြဖို့ လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်နေသေးတယ် ဆိုတာ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ မှာ အခုအချိန်ထိ တွေ့နေရပါသေးတယ်။ အခုပို့စ်လေး ဖတ်ရတာ ပိုပြီး ဗဟုသုတ ဖြစ်တာမို့ လတ်တလော ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက အဖြစ်အပျက်လေးနဲ့ ယှဉ်ပြီး လေ့လာစရာ ပါပဲ။

စိုးမြင့် (မေ့ဆေး)

အားပေးတာတွက်ကျေးဇူးအထူးပါ။
consent နဲ့ပတ်သက်လို့ဒီကအတွေ့အကြုံတွေယှဉ် ပြီး နောက်ဆက်တွဲ တစ်ပုဒ်ရေးနေပါတယ်။ မြန်မာလက်ကွက် မကျွမ်းသေး လို့ နဲနဲသီးခံပါလို့ တောင်းပန်ပါရစေ။

Cocoon

မြန်မာလို ရိုက်ရ အဆင်ပြေအောင်ပါ။

http://burglish.my-mm.org/latest/trunk/web/testarea.htm

mon

ဆရာဘလော့ပိုစ်တွေစဖတ်မိတဲ့နေ့ကစပြီးအစကနေပြန်
ဖတ်ဖို့ဆုံးဖြတ်လိုက်တယ်။ဆရာရေးတဲ့စာတွေကသိပ်တန်
ဖိုးရှိတယ်။ဆရာမြှောက်ပြောတာမဟုတ်ပါ။ဆရာရေးထာ
တာနာလည်းလွယ်ပြီး၊ကိုယ်တိုင်ဖြစ်နေသလိုပါပဲ၊
ဆရာပိုစ့်မှာ၊အတွေးအခေါ်ပိုင်းနဲ့ဘ၀ကိုဘယ်လိုဖြတ်သန်း
ရမလဲဆိုတာသင်ယူဖို့ပါ။ဆေးဗဟုသုတလဲရှာရင်ပေါ့။
ဆရာကျန်းမာပါစေ။

Anonymous

ဆရာ့ရဲ့စိတ်ဓာတ်ကိုလေးပါတယ်....

Soe Myint (Anaesthesia)  ©2009

Back to TOP