Monday, January 4, 2010

" သနားစရာ ဘွတ်(ရှ်)မင်း သားအမိ "

                                                       " သနားစရာ ဘွတ်(ရှ်)မင်း သားအမိ "

အာဖရိကတိုက် ဆိုတာက အကြီးကြီးပါ။ နိုင်ငံပေါင်း ၅၀ ကျော် ၆၀ နီးပါးနဲ့ လူမျိုးစုပေါင်း ရာနှင့်ချီ ရှိတဲ့ အနက် Bushmen (ဘွတ်(ရှ်)မင်း) ဆိုတာကို စာရှုသူ အချို့ ကြားဖူး ဖတ်ဖူး ကြလိမ့်မယ် ထင်ပါတယ်။ မဟုတ်ရင်ပင် လွန်ခဲ့သော ၁၅ နှစ်ခန့်က ရန်ကုန်မှာ နာမည်ကြီးခဲ့တဲ့ The Gods Must Be Crazy ဆိုတဲ့ ရုပ်ရှင် ကားလေးကို ကြည့်ဖူးမယ် ဆိုလျှင် သူတို့ လူမျိုးစုကို မြင်ဖူး သိဖူးကြပါလိမ့်မယ်။
Bushman မိသားစုတစ်စု

Bushmen ရဲ့အဓိပ္ပါယ်က ဆီလျော်အောင်ပြောရရင် ခြုံခြိုခြုံကြား ကျက်စားတဲ့လူမျိုးစုပါ။ ဒါဆို သူတို့ကို နှိမ့်ချရာ ကျတာမို့၊ မကြိုက်ကြတာနဲ့ ခုအခါမှာတော့ San ဆိုတဲ့ (တရားဝင်) နာမည်ကို ပိုသုံးများ လာကြပါတယ်။ အဓိပ္ပါယ်ကတော့ သစ်ဥသစ်ဖု ရှာဖွေစားသောက်တဲ့ လူမျိုးပါ။ သူတို့နဲ့ ကိုက်ညီပါတယ်။

ဒါနဲ့ အဲဒီရုပ်ရှင်လေးကို ပြန်ဆက်ပြောရရင် တစ်နေ့တော့ အနောက်တိုင်း တိုးရစ်(စ) တစ်ယောက်က လေယာဉ်ငယ်လေးနဲ့ ကလာဟာရီ သဲကန္တာရပေါ်မှာ ဖြတ်ပျံယင်း သူသောက်ပြီးသား Coke ပုလင်းခွံလေးကို ပြူတင်းပေါက် မှပစ်ချလိုက်ရာမှ ဇာတ်လမ်းစပါတယ်။ သဲပြင်ပေါ်ကျလို့ ကွဲမသွားတဲ့ ယင်းပုလင်းခွံလေး ကို ဘွတ်ရှမင်း တစ်ယောက်က ကောက်ရသွားတော့ သူ့တစ်သက်မှာ တစ်ခါမှ မြင်ဖူးတဲ့ ပစ္စည်း မဟုတ်တာမို့ မိုးပေါ်က ဘုရားသခင် ချပေးတာပဲ ဖြစ်မယ်ဆိုပြီး အထူးအဆန်းအနေနဲ့ သူ့ရွာကို ပြန်ယူသွားပြီး လူတကာကို ပြပါတော့တယ်။

ဒီတော့ ရွာမှာရှိသမျှ လူကြီး၊ လူလတ်၊ ကလေးတွေပါ မကျန် ဒီပုလင်းခွံလေးကို ဥာဏ်မီသလို ၀ိုင်းသုံး ကြတော့ လက်မလည်အောင် ဖြစ်လာတော့တယ်။ ကြာတော့ အဝေမတည့် အချင်းချင်း ခိုက်ရန်တွေ ဖြစ်ကြ ကုန်ပါတော့တယ်၊ ဒီအခါမှာ "ဟ၊ မဖြစ်တော့ဘူး။ ဒါဟာ ဘုရားသခင်က ငါတို့ကို သက်သက်ကျီစား ချင်တာပဲ ဖြစ်ရမယ်။ သူ့ပစ္စည်းကို သူ့ဆီပဲ ပြန်ပို့မှ ဖြစ်မယ်" ဆိုပြီး ပုလင်းခွံကလည်း မိုးပေါ် ပြန်ပစ်တင်လို့ မဖြစ်တာမို့ နောက်ဆုံးတော့ အဲဒါလေးကို ကမ္ဘာရဲ့အဆုံးလို့ သူတို့နားလည်ထားတဲ့ ချောက်ကမ်းပါးကြီးထိ ရောက်အောင် ကန္တာရ ခရီးကြမ်းကြီးကို ဖြတ်ကျော်ပြီး သွားစွန့်ပစ်တဲ့ ဟာသဆန်ဆန် ဇာတ်လမ်းလေး ဖြစ်ပါတယ်။ အမှန်တော့ သူတို့ရဲ့ဗဟုသုတ ခေါင်းပါးပုံကို သရော်ထားတာပါ။ ဘော့စ၀ါနာနိုင်ငံ ကလာဟာရီ သဲကန္တာရထဲမှာ ရိုက်တာဖြစ်ပြီး သရုပ်ဆောင်သူက နမီးဘီးယားမှပါ။

Bushmen တွေက အာဖရိကမှာ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသောင်းကျော် ကတည်းက စတင် အခြေချ နေထိုင်ခဲ့ကြတဲ့ ရှေးအကျဆုံးလူမျိုးစုပါ။ ဒါပေမယ့် တိုးတက်မှုမှာတော့ နောက်အကျဆုံး လူမျိုးစု တစ်စု အနေနဲ့ ယနေ့ထက်တိုင် သဲကန္တာရထဲမှာ အုပ်စုအလိုက် ခြေသလုံးအိမ်တိုင် လှည့်လည်နေထိုင်ဆဲပါ။ (သဲကန္တာရ ဂျစ်ပစီတွေပေါ့။) အုပ်စုတစ်စုမှာ လူပေါင်း ၄-၅၀ ထိ ရှိတတ်ပါတယ်။ ယောက်ျားတွေက လေးနဲ့ မြားနဲ့ အမဲလိုက်ရပြီး မိန်းမတွေက သစ်ဥသစ်ဖု ရှာဖွေရပါတယ်။ သူတို့ဋ္ဌာနီက သဲကန္တာရ ဆိုတော့
လုပ်ကိုင်စားသောက်ရတာ မလွယ်၊ ကြမ်းတမ်း ခက်ထန်သလို ကျွမ်းကျင်မှုလည်း လိုအပ်လှပါတယ်။ ကျွမ်းကျင်မှုဆိုတာက အပေါ်ယံ မြေအနေထား ကို ကြည့်ရုံနဲ့ သဲပြင်အောက်မှာ ဘယ်လို သစ်ဥသစ်ဖုတွေ ရှိနိုင်မယ်၊ ရေရှိနိုင်မယ် စတာတွေနဲ့ သားကောင်တွေကို ခြေရာခံတတ်တဲ့ ပညာတွေပါ။ သူတို့ရဲ့လူနေမှု စနစ်ကို ကြည့်ရင် တကယ့်ကို ဆိုရှယ်လစ် စနစ်ပါ။ အမဲလိုက်ရင် အရွယ်ရောက်သမျှ လူအားလုံး ပါဝင်ရသလို ရသမျှကိုလည်း ရှိသမျှ လူအားလုံး လုပ်အားအလိုက် ခွဲဝေယူရတဲ့ စနစ်ပါ။

ကနေ့အခြေ အနေမှာတော့ ဘွတ်(ရှ်)မင်း လူဦးရေ စုစုပေါင်း ငါးသောင်း၊ ခြောက်သောင်း ခန့်ရှိမယ်လို့ ခန့်မှန်းရပြီး အများစုက ကာလာဟာရီ သဲအန္တာရနဲ့ ထိစပ်နေတဲ့ နမီးဘီးယား၊ ဘော့စ၀ါနာ၊ အင်ဂိုလာ စတဲ့ နိုင်ငံတွေမှာ ရှိနေပြီး အတော်များများဟာလည်း မြို့ရွာတွေမှာ အခြေတကျ နေထိုင်လျက် ရှိနေပါပြီ။ ကျွန်တော် နမီးဘီးယားကို ရောက်လာတော့ ကျွန်တော့်ဆေးရုံက နိင်ငံရဲ့မြောက်ပိုင်းမှာ၊ သူတို့ရှိတာက အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ မို့သူတို့ကို သိပ်များများစားစား မတွေ့ဖူးပါ။ ကျွန်တော်တို့ ဆေးရုံက အထွေထွေအထူးကု ဆေးရုံကြီးမို့ သူတို့ဆီက မနိုင်လို့ လွှဲပေးတဲ့လူနာတွေ ထဲမှာတော့ Bushmen တွေကို တစ်ယောက်စ၊ နှစ်ယောက်စ ဆိုသလို တွေ့ရတတ်ပါတယ်။ သူတို့နဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့ဖူးတော့မှပဲ အခြား လူမည်းတွေနဲ့ မတူ၊ ခြားနားတာတွေကို တွေ့ရပါတော့တယ်။

ဘာကြောင့်ဆို ကျွန်တော်တို့ မြင်နေကျ အမည်းတွေက လူကောင်ထွားထွား အရပ်မြင့်မြင့်၊ သူတို့ကျတော့ လူကောင်ညှက်ညှက် အရပ်ပုပု အသားက ၀ါတာတာ၊ မျက်နှာပေါက် ကျတော့လည်း နှာခေါင်းပြားပြား မျက်ပေါက်ကျဉ်းကျဉ်း ဆိုတော့ စပရင်လို တွန့်လိမ်နေတဲ့ ဆံပင်တွေကလွဲရင် မွန်ဂိုမျိုးနွယ်ပုံ ပိုပေါက် နေပါတယ်။ ဒါကြောင့်မို့လည်း အချို့မနုဿဗေဒ ပညာရှင်တွေက Bushmen တွေဟာ ဒီအာဖရိကတိုက် ဇစ်မြစ်မဟုတ်ပဲ အခြားတိုက်မှ ပြောင်းရွှေ့လာတာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာ့တိုက်ကြီးတွေကလည်း ဆက်နေတယ် မဟုတ်ပါလား။ ဒါကြောင့်မို့လည်း ကျွန်တော့် လုပ်ဖေါ်ကိုင်ဖက် အချို့က ကျွန်တော့်ကို ဘွတ်(ရှ်)မင်းပဲလို့ လှောင်ပြောင် ခေါ်ဝေါ် တတ်ပါတယ်။

သူတို့က ရုပ်ဆင်းသဏ္ဍာန်တင် ကျွန်တော်တို့နဲ့တူတာ မဟုတ်ပါဘူး။ သူတို့အကြောင်း အသေအချာ ဖတ်ကြည့်မိတော့ သူတို့ရဲ့ကိုးကွယ်မှု အယူဝါဒထဲမှာကို စိတ်ဝင်စားစရာ လေးတွေ ရှိနေပါတယ်။ သူတို့ နောက်ဘ၀ရှိတာကို ယုံပါတယ်။ လူကနေ တိရစ္ဆာန် ဖြစ်လာနိုင်သလို၊ တိရစ္ဆာန် ကလည်း နောက်ဘ၀မှာ လူပြန်ဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဗုဒ္ဓဘာသာမှာဆို ဒါဟာ "သံသရာ" အယူအဆပဲပေါ့၊ (ဒါကြောင့်မို့ သူတို့ဝမ်းစာ အလို့သာ အမဲလိုက်နေရပေမယ့် တိရစ္ဆာန်တွေကို မညှင်းဆဲပဲ အဆိပ်မြားနဲ့
အမြန်ဆုံးသေအောင် သတ်ပါတယ်။) အခြား ဘယ်လူမျိုးစုမှာမှ မကြားဘူးတဲ့ အယူအဆကို သူတို့ ဘယ်လိုများ ရနေလည်း မသိပါ။ ဒါတွေကြောင့် များလားမသိ၊ ဒီလူမျိုးစု ပေါ်မှာ ကျွန်တော် သံယောဇဉ် ဖြစ်မိသလို ရှိနေတာလွန်အံ့မထင်ပါ။ ဒါတွင် မကသေးပါဘူး၊ Bushmen တွေဟာ ငြိမ်းချမ်းစွာ နေတတ်သူတွေပါ၊ (ဒါလည်း ဗုဒ္ဓလမ်းစဉ်နဲ့ တူပြန်ရော) စစ်ဆိုတာ သူတို့အဖို့ မကြားဖူး သလောက်ပါ။ "ပြိုင်လာရင် အရှုံးပေး နှလုံးအေးတဲ့ဆေး" ဆိုတာ သူတို့ရဲ့ဝါဒပါ၊ ဒါကြောင့်မို့လည်း သူတို့ဟာ နောက်မှဝင်လာတဲ့ လူမျိုးစုတွေ ကိုရှောင်ယင်းနဲ့ သဲကန္တာရထဲ ရောက်ကုန်တာပါ။ ယနေ့ ထက်တိုင် သူတို့တွက် နယ်မြေ Bushmen Land ဆိုတာ ရှိမှမရှိတာ။

ကျွန်တော်လည်း ၁၉၉၄ က အာဖရိကကို ထွက်ဆိုလို့သာ ထွက်လာရတာ ဘယ်လိုနေရ ထိုင်ရမယ်မှန်း မသိခဲ့ပါ။ အဲဒီရုပ်ရှင် video လေးတော့ ကြည့်ဖြစ်အောင် ကြည့်ခဲ့ပြီး သူတို့ကို စိတ်ဝင်စားမိခဲ့တာ အမှန်ပါ။ ဒါပေမယ့် ဒီလူမျိုးစုနဲ့လာ ဆုံရလိမ့်မယ်လို့ ယောင်လို့ပင် မတွေးမိခဲ့ပါ။ တွေ့မယ့် တွေ့တော့လည်း သာမန် တွေ့ဆုံရုံသာမက သူတို့နဲ့ ဇာတ်လမ်းလေးတစ်ပုဒ် မေ့မရအောင် ကြုံခဲ့ရပါတယ်။



ကျွန်တော် ရောက်ခဲ့ဖူးသော Bushmen ရွာကလေးတစ်ရွာ

ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်က ဘွတ်(ရှ်)မင်း သားအမိ နှစ်ယောက်နဲ့ William Lesslie လို့ခေါ်တဲ့ Australia နိုင်ငံသား မျက်စိအထူးကု ဆရာဝန်ဖြစ်ပြီး VSO အဖွဲ့ က ဗော်လံတီယာတစ်ယောက်ပါ။ ကျွန်တော်နဲ့ ရှေ့ဆင့်နောက်ဆင့် ဒီမြို့ရောက်လာကြတာပါ။ Will နဲ့ ကျွန်တော်က စာဖတ်တာချင်း လမ်းလျှောက်တာချင်း ၀ါသနာ တူကြတာမို့ မကြာခင်မှာပဲ မိတ်ဆွေရင်းချာတွေ ဖြစ်သွားကြပါတယ်။ ညနေဖက် လမ်းလျှောက် အတူတူ၊ ညဘက် TV ကြည့်ကြတော့လည်း အတူတူပဲပေါ့။ အဲဒါက ၁၉၉၅ နှစ်ဆန်းပိုင်း လောက်ကပါ။

တစ်နေ့ ကျွန်တော် အရေးပေါ်တာဝန်ကျတော့ ခွဲစိတ်ဆရာဝန်က ၀ဒ်ထဲက လူနာတစ်ယောက်အကြောင်း ပြောလာပါတယ်၊ အဲဒီလူနာက ဆေးရုံတက်နေတာ ၄-၅ ရက်ခန့် ရှိနေပြီး ရှေ့က မေ့ဆေး ဆရာတွေက အခြေအနေကို မကြိုက်လို့ ငြင်းဆန်နေလို့ မခွဲဖြစ်သေးတဲ့ အကြောင်းနဲ့၊ ကျွန်တော့်သဘော ကကော ဘယ်လိုရှိကြောင်း စတာတွေပါ။ ဒါနဲ့ ကျွန်တော်ကလည်း အဲဒီလူနာကို ၀ဒ်ထဲမှာ သွားစစ်ကြည့်ပါတယ်။ တွေ့တော့ လူနာမှာ အသက် ၃၅ နှစ်ခန့်ရှိတဲ့ ဘွတ်(ရှ်)မင်း အမျိုးသမီး တစ်ယောက် ဖြစ်နေတာ သူ့ပုံသဏ္ဍာန် ကြည့်ကတည်းက တွေ့ရလို့ စိတ်ဝင်စားသွားမိပါတယ်။ ရောဂါကို စစ်ကြည့် လိုက်တော့ အူ
လမ်းကြောင်းပိတ်တဲ့ ရောဂါပါ။ အူပိတ်နေတော့ အစာတွေက အောက်ကိုမစုန်နိုင်ပဲ ၀မ်းပိုက်ကြီးက လေမှုတ်ထားတဲ့ ဘောလုံးကြီး တစ်လုံးလို ဖေါင်းကားနေတာပါ။ အဆုပ်ကို စစ်လိုက်တော့လည်း တီဘီရောဂါကြောင့် တစ်ဖက်က လေ၀င်လေထွက် သိပ်မကောင်းလှ၊ ပြောရရင်တော့ ရောဂါက နှောင်းနေပါပြီ။ ဒါကြောင့်မို့လည်း ရှေ့က ဆရာတွေက လက်ရှောင်နေကြတာ အဆိုးမဆိုသာပါ။

ဒီလူနာကို မြင်မြင်ချင်းပဲ ကျွန်တော် ကရုဏာသက် မိသလို သူမကလည်း မျက်စိ သူငယ်လေးနဲ့ ကျွန်တော့်ကို ကယ်တင်ရှင် တစ်ယောက်အလား အားကိုးတကြီး ပြန်ကြည့်နေရှာပါတယ်။ သူ့အကြည့်ကို ကျွန်တော် ကြာကြာမခံနိုင်ပါ။ ဒီတိုင်း ပစ်ထားလည်း သေမယ့် အတူတူ ရှင်လိုရှင်ငြား မေ့ဆေးပေးဖို့ သဘောတူ လိုက်ပါတယ်။ အဲဒီနေ့က သူမကို မေ့ဆေးပေးရတာ ကျွန်တော့ အဖို့မချောင်ပါ။ ဘယ်အချိန်များ နှလုံး ရပ်သွားမလဲလို့ ရင်တမမနဲ့ပါ။ ၀မ်းဗိုက်ထဲက အပုပ်ရည်တွေ ဖေါက်ထုတ်၊ ပုပ်နေတဲ့ အူအပိုင်းကို ဖြတ်ထုတ်၊ ပြန်ဆက်နဲ့ ခွဲခန်း တစ်ခုလုံးလည်း အသက်ပင် ၀၀မရှုရဲ လောက်အောင် နံစော် နေပါတော့တယ်။ လူနာကတော့ အသက်ရှင်လျက်နဲ့ ခွဲခန်းကနေ ပြန်ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် နဂိုကတည်းက အခြေမလှတဲ့ လူနာမို့ အသည်းအသန် လူနာတွေ ထားရာ အထူးကြပ်မတ် ကုသဆောင် (Intensive Care Unit. ICU) ထဲပဲ တန်းပို့ လိုက်ပါတယ်။

အဲဒီအဖြစ်ပြီး နှစ်ရက်ခန့် အကြာမှာတော့ Will က သူ့ဆီ မကြာမီက နယ်ဆေးရုံတစ်ခုမှ လွှဲလိုက်လို့ ရောက်လာတဲ့ မျက်စိဝေဒနာရှင် ကလေးမလေး တစ်ယောက်အကြောင်း ပြောပြပါတယ်။ သူ့အဆိုအရ အဲဒီ ကလေးမလေးက ၃-၄ နှစ်အရွယ်သာ ရှိသေးပြီး အုပ်ထိန်းသူလည်း တစ်ယောက်မှမပါ။ အကြောက် အလန့် လည်း လုံးဝမရှိ လူနာတင်ကားနဲ့ တစ်ကိုယ်တည်း ပါလာတာ ဖြစ်ပါတယ်။ ဒါကြောင့် သနားတာနဲ့ သူပဲ သူ့ရှိတဲ့ မုန့်ပဲလေးတွေ ယူကျွေးထားရတယ် ဆိုပါတယ်။ ကောင်မလေးက မျက်စိမှာ ကန္တာရ စူး ဆူးမိလို့ ပြည်ဖေါက်ဖို့ လိုကြောင်း ပြောပြပါတယ်။

နောက်နေ့မှာပဲ ဒီကလေးမလေးကို ကျွန်တော် မေ့ဆေးပေးရပါတယ်၊ ကြည့်လိုက်တော့ သူလေးလည်းပဲ ဘွတ်(ရှ်)မင်း မလေး ဖြစ်နေတာ တွေ့ရပါတယ်၊ ဒါနဲ့ စပ်စပ်စုစု မေးကြည့်လိုက်တော့ သူ့လာပို့ပေးတဲ့ ဆရာမလေးက တစ်နေ့က ကျွန်တော်တို့ ခွဲစိတ်လိုက်တဲ့ အမျိုးသမီးက ခုကောင်မလေးရဲ့ အမေတော်တဲ့ အကြောင်း ပြောပြလို့ အံ့ဩသွားမိပါတယ်။ သားအမိချင်း တစ်ဆေးရုံထဲ ရောက်နေပေမယ့် တစ်ဦးအကြောင်း တစ်ဦး လုံးဝမသိကြပါတဲ့။

ဒီအကြောင်းကို ၀ီလျံကို ပြောပြတော့ သူလည်း အတော်စိတ်ဝင်စားသွားပါတယ်။ သူ့ကိုယ်၌ကလည်း အကြင်နာတရား ပြည့်ဝသူမို့ ဒါဆို ဒီသားအမိကို ပေးတွေ့သင့်တယ်လို့ အကြံပြုပါတယ်။ အထူးသဖြင့် ခုလို သူ့အမေက နေ့လားညလား ဖြစ်နေချိန်မှာ သူ့ရင်သွေးလေးကိုတော့ နောက်ဆုံးအနေနဲ့ မြင်သွား သင့်တယ်လို့ ကျွန်တော်တို့ သဘောပေါက်တာမို့ အဲဒီခွဲပြီးတဲ့နေ့ ညနေပိုင်းမှာပဲ ဒီအစီစဉ်ကို အကောင် အထည် ဖေါ်လိုက်ကြပါတယ်။ အစီအစဉ်အရ ကောင်မလေးကိုသူ့မျက်စိ ၀ဒ်ကနေ ဆရာမလေး တစ်ယောက် ချီလာစေပြီး ICU မှာ သူ့အမေနဲ့ ပေးတွေ့တာပါ။ ဆေးရုံဝင်းက အကျယ်ကြီး ဒီအဆောင် နှစ်ခုကလည်း အရှေ့နဲ့အနောက် အဝေးကြီးပါ။ မအားတဲ့ ကြားကပဲ စေတနာ အရင်းခံနဲ့ မို့သာ ဖြစ်မြောက်တာပါ။ ပီတိ ဖြစ်ရတာတော့ အမှန်ပါ။ (တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ နှစ်ယောက်စလုံး God ကို ယုံသူတွေမဟုတ်ကြပါ။ ကျွန်တော်က ကံကိုယုံလို့ ပြုတယ် ထားတော့ ဘာမှမယုံတဲ့ သူကကော ဘာမျှော်လင့်ချက်နဲ့ ကုသိုလ်ပြုနေပါလိမ့်။)

ဒီသားအမိ နှစ်ယောက် ICU မှာ ဆုံစည်းကြတဲ့ မြင်ကွင်းကတော့ တကယ့်ကို သနားစရာလေးပါ။ သမီးက အမေ့ကိုမြင်တော့ အတင်း ဖက်တွယ်တက်။ အမေကလည်း သူ့ရင်ခွင်ထဲ အတင်းဆွဲသွင်း သူ့ပါးပေါ်က အောက်စီဂျင်ပိုက်တွေ၊ အစာအိမ်ပိုက်တွေ ကြားကပဲ သူ့ပါးနား ကပ်ထားပြီး တရှုံ့ရှုံ့နမ်းယင်း လေသံလေးနဲ့ စကားတွေ တဖွဖွ ပြောနေကြတာ ဘေးကနေ မြင်ရတဲ့ သူတွေအဖို့ ရင်နင့်စရာ မျက်ရည်စို့စရာပါ။

ဒီလိုနဲ့ပဲ ညနေ ညနေဖက်တွေမှာ သားအမိ ၂ယောက်ပေးတွေ့ကြ၊ အကြင်နာတွေ ဖလှယ်ကြ၊ ပိုကြနဲ့ ရက်အတန် ကြာလာတော့ သမီးလေးရဲ့မျက်လုံးက အခြေနေတိုးတက် လာသလို ရောက်ကာစနဲ့မတူ တသွေး တမွှေးလှ အဟာရပြည့်ပြီး စိုပြေလာပါတယ်။ (Will ကလည်း တစ်ချိန်လုံးမုန့်တွေ ၀ယ်ဝယ်ကျွေး နေကျပါ) အမေရဲ့ အခြေအနေကတော့ အားရစရာ မကောင်းလှပါ။ ပထမခွဲပြီး နောက်မကြာမီရက်မှာ ဗိုက်ထပ်ဖွင့်ရ၊ အူတွေ ဆေးကြောရ လုပ်ရပါသေးတယ်။ ဒီလိုနှောင်းပြီးမှ ရောက်လာသူတွေမှာ ခုလိုပဲ ထပ်ခါထပ်ခါ ခွဲရတတ်ပါတယ်။ ဒီလိုနဲ့ပဲ အတော်များများ ဇာတ်သိမ်းသွား တတ်ကြပါတယ်။ သူ့ကြည့်ပြီး ကျွန်တော် စိတ်မကောင်းပါ။ (ငါစပေးလိုက်တာ သူ့အတွက် သက်ဆိုး ရှည်အောင် လုပ်ပေးသလိုများ ကျနေသလားလို့ပါ။)

ဒါနဲ့ပဲ မကြာမီရက် အတွင်းမှာပဲ ကျွန်တော်မြို့တော် Windhoek (ဗင်းထွတ် လို့ အသံ ထွက်ပါတယ်) ကို ခရီးထွက်ဖို့ ဖြစ်လာပါတယ်။ သွားခါနီးတော့ သံယောဇဉ် တွယ်မိနေပြီ ဖြစ်တဲ့ သူတို့ သားအမိကို အချိန်ပေးပြီး အသီးသီး သွား နှုတ်ဆက်ဖြစ်ပါတယ်။ အမေရဲ့ အခြေနေကတော့ ပြောမရသေး။ စောင့်ကြည့် ရဖို့ပေါ့။ သမီး ကတော့ ချုပ်ရိုးလေး ဖြည်ရုံသာ ရှိတော့တာမို့ ပူစရာမလိုတော့ပြီ။ ၀ဒ်ထဲမှာ ကျွန်တော့်ကို မြင်တော့ ပြုံးပြုံး ရွှင်ရွှင်ပါပဲ။ သူ့လက်လေး ၂ချောင်းထောင်ပြပြီး သူ့အတွက် ပြန်လာရင် သကြားလုံး၂လုံး ၀ယ်လာဖို့ မှာတာပါ။

မြို့တော်မှာ ကျွန်တော် ငါးရက်ခန့် နေပြီးနောက် အိုရှာခါတီကို ပြန်လာပါတယ်။ မပြန်ခင် သကြားလုံး တစ်ထုပ်ကို ကောင်မလေးတွက် မှတ်မှတ်ရရ ၀ယ်လိုက်ပါတယ်။ ညနေဖက် ဆေးရုံပြန်ရောက်တော့ ဦးဦးဖျားဖျား ပြေးကြည့်မိတာက ICU က ကလေးအမေပါ၊ ရောက်တော့ သူ့ကုတင်က ဟင်းလင်းဖြစ်နေတာမို့ ရင်ထဲ ဟာသွားမိပါတယ်။ သူတော့ သွားရှာပြီ၊ ၀ဋ်ကျွတ်သွားပြီ လို့ပဲ တွေးမိလိုက်ပါတယ်။ ဆရာမတွေက ကျွန်တော့်မြင်တော့ ၀မ်းသာအားရ ပြေးလာပြီး လူနာအခြေနေ စိတ်ချရလို့ ၀ဒ်ထဲပြန်ပို့ လိုက်တာပါလို့ ပြောပါတယ်။ ကျွန်တော်လည်း မယုံနိုင်ဖြစ်မိတာမို့ ဟုတ်ရဲ့လားလို့ ထပ်ကာ ထပ်ကာ မေးယူရပါတယ်။ ဒါဆို သူတို့ သားအမိနှစ်ယောက် ရွာကိုပျော်ပျော်ကြီး အတူပြန်နိင်ပြီလို့ ၀မ်းသာစွာ တွေးနေမိပါတော့တယ်။

သမီးအတွက်ကတော့ ပူစရာမရှိတာမို့ ညနေစောင်းမှပဲ Will ရဲ့ အခန်းမှာပဲ သတင်းသွားမေး မိပါတော့တယ်။ ကျွန်တော် ၀င်လာတာ မြင်တော့ သူ့လက်ဝါးနှစ်ဖက်နဲ့ မျက်နှာကိုအုပ်ပြီး ရှိုက်ကြီးတငင် ငိုချပါတော့တယ်။ သူခုလို စိတ်ထိခိုက်ပြီး ငိုတာမျိုး တစ်ခါမှ မြင်ဖူးတာ မဟုတ်လို့ ကျွန်တော်လည်း နားမလည်အောင် ဖြစ်သွားမိပါတယ်။ သူ အားရအောင် ငိုပြီးတော့မှ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ကလေးမလေးရဲ့ အဖြစ်ကို ပြောပြပါတော့တယ်။ မနေ့ကပဲ ကလေးဆုံးသွားပြီတဲ့။ (မယုံနိင်စရာပါ) ဖြစ်ပုံက သူ့ချုပ်ရိုး ဖြည်ဖို့တွက် မေ့ဆေးပေးလိုက်ရာမှာ ဘယ်လိုဖြစ်သွားတယ်မသိ၊ ကိုယ်အပူချိန်တွေ ထိုးတက် သွားလိုက်တာ ဘယ်လိုမှ ပြန်ချမရပဲ ညဘက်မှာ ဆုံးသွားတဲ့ အကြောင်းပါ။

အဖြစ်အပျက် နှစ်ခုစလုံးက မျှော်လင့်ထားတာနဲ့ တခြားစီ ပြောင်းပြန်တွေမို့ နောက်ဆုံးတော့ "သတ္တ၀ါတစ်ခု ကံတစ်ခု" လို့ပဲ ပြောရတော့မယ် ထင်ပါတယ်။ ဒီတောင်ကို ကျော်နိုင်မယ်လို့ မထင်ခဲ့တဲ့ အမေက သမီးကို မြင်မြင်နေရလို့ သမီးရဲ့ ဇောနဲ့ စိတ်အားတွေ ပြည့်လာပြီး ကိုယ်ခံအားတွေ တိုးလာခဲ့တာ သေချာပါတယ်။ ဆိုတော့ သူ့အသက်ကို ကယ်လိုက်တာက သမီးဆိုရင် မမှားပါဘူး။ ဒါပေမယ့် သူ့သမီး အလှည့် ကျတော့ ကံဆိုးတာ သက်သက်ပါ။ ကောင်မလေးရဲ့ အဖြစ်က သူ့ကို ဒုတိယအကြိမ် ပေးလိုက်တဲ့ မေ့ဆေးနဲ့ ပြဿနာပါ။ ဆေးနဲ့ တုံ့ပြန်မှု လွန်ကဲသွားတာပါ။ Malignant Hyperthermia လို့ ခေါ်ပါတယ်။ တစ်ထောင်မှာ တစ်ယောက်၊ တစ်သောင်းမှာ တစ်ယောက် ရှားရှားပါးပါး အဖြစ်ပါ၊ (ကျွန်တော့် တစ်သက်မှာ ဒါပါနဲ့ ဆိုမှ ၂ယောက် ကြုံဖူးတာပါ) အကယ်၍သာ ကျွန်တော်သာ ခရီးမထွက်ဖြစ်ခဲ့လျှင် ဒီလိုဖြစ်စရာမရှိပါ။ ကျွန်တော်က ပိုတော်နေလို့ မဟုတ်ပါ၊ သူ့ကို ပထမအကြိမ် မေ့ဆေး ပေးခဲ့တာ ကျွန်တော်ပဲမို့ အဲဒီဆေးပဲ ထပ်သုံးဖို့ များပါတယ်။ ဒါဆို သူသေစရာမရှိပါ။

ကျွန်တော်တို့လည်း စိတ်မကောင်း ဖြစ်ကြ လွန်းတာနဲ့မို့ ဒီအမျိုးသမီးကြီးနဲ့ ထပ်မျက်နှာ ချင်းဆိုင် မတွေ့မိ ကြတော့ပါ။ သူမတစ်ယောက်တည်း ဘယ်လို ဆေးရုံကဆင်းပြီး ဘယ်လို ရွာပြန်သွားလဲလည်း မသိတော့ပါ။ သူတို့ အယူမှာလည်း "သံသရာ" ဆိုတာ ရှိတာမို့ နောင်ဘ၀မှာသူ့သမီးနဲ့ ပြန်လည် ဆုံတွေ့ နိုင်လိမ့်မယ် ဆိုတဲ့ အတွေးနဲ့ပဲ သူ့စိတ်သူ ဖြေသိမ့်နိုင်ပါစေလို့ ကျွန်တော် အတန်တန် ဆုတောင်း ပေးမိလိုက်ပါတော့တယ်။

စိုးမြင့်-မေ့ဆေး
ခေတ္တ Oshakati, Namibia
မဟေသီမဂ္ဂဇင်း ၁၉၉၇ ခုနှစ်

(စာကြွင်း၊
အဖြစ်လေးကတော့ ၁၄-၅ နှစ်ပင် ကြာခဲ့ပါပြီ၊ ၀ီလျံနဲ့ ကျွန်တော်တို့ရဲ့ ရေစက်ကတော့ ခုထိ မကုန်သေးပါ။ William ကခု Australia နိင်ငံ အရှေ့မြောက်ပိုင်း၊ Queensland State က Cairns ဆေးရုံမှာ မေ့ဆေးဆရာဝန် အဖြစ် လုပ်နေဆဲပါ။ ၂၀၀၈ October မှာ ကျွန်တော်တို့ သားအဖ နှစ်ယောက် သူ့ဆီ အလည်ရောက်တော့ ၀မ်းပန်းတသာနဲ့ သူ့အိမ်မှာပဲ စိတ်တိုင်းကျ တည်းခဲ့ရပြီး ကမ္ဘာကျော် Great Barrier Reef ကြီးဆီ လိုက်ပို့ပေးလို့ ရေတွေတစ်ဝ ကူးခဲ့ရပါသေးတယ်။

ကျွန်တော်တို့ Babinda နားက ကမ်းခြေမှာ

Reef ကြီးဆီအသွား

 Reef ကြီးမှာ ရေဆင်းကူးကြစဉ်

သူကိုယ်၌ကလည်း ခရီးသွားသမားပါ။ ကမ္ဘာမှာ သူမရောက်ဖူးတဲ့ နိုင်ငံခပ်ရှားရှားပါ၊ ၁၉၉၉ ခုနှစ်က ကျွန်တော်ကလည်း ခွင့်နဲ့ အိမ်အပြန် သူရန်ကုန် ရောက်လာပြီး ပုဂံ၊ ညောင်ဦး၊ မန္တလေး၊ ရှမ်းပြည်၊ သထုံ၊ ဖားအံ စတာတွေ လျှောက်လည် ခဲ့ကြဖူးပါတယ်။ ခုလည်း ဘယ်တော့များ ကျွန်တော့် Lesotho ဆီပေါက်ချ လာဦးမလဲ မသိ။)

2 မှတ်ချက်:

ဂျစ်တူး ( မုံရွာ )

ဒေါက်တာကြီးခင်ဗျား-မအားတဲ့ဋ္ဌကားထဲကစာတွေရေးနေ
တာကိုလေးစားဂုဏ်ယူပါတယ်။ဒေါက်တာကြီးစာတွေဖတ်
ရတာတော်တော်ကလေးဗဟုသုတရပါတယ်။ဒေါက်တာကြီး
စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ စာတွေအများကြီးရေးနိုင်ပါ
စေလို့ဆုမွန်ကောင်းများတောင်းလိုက်ပါတယ်ခင်ဗျား-
ဝေး----ဝေး----တနေရာက-
ဂျစ်တူး(မုံရွာ)

Joe Edinburgh

မသေသင့်ပဲသေခဲ့တဲ့ကလေးမလေးပေါ့
သူရဲ့မေ့ဆေး RECORD ကိုကြည့်ပြီးပေးရင်
ဒီလိုဖြစ်မှာမဟုတ်
မေ့ဆေးဆရာဝန်ရဲ့ပေါ့ရော့မှုလို့ဆိုမလား
သူပဲကံဆိုးရှာလား

Soe Myint (Anaesthesia)  ©2009

Back to TOP