Wednesday, January 20, 2010

မေ့ဆေး အတွေးအခေါ် လွဲချော်မှု


 မိုးတိမ်တွေအောက်က Mzuzu Central Hospital နောက်ခံ နဲ့ကျွန်တော်

ကျွန်တော် Malawi (မာလာဝီ) နိုင်ငံ တုန်းက အတွေ့ အကြုံ တစ်ခုပါ။ Malawi ဆိုတာက အာဖရိက အရှေ့တောင်ပိုင်းက ကုန်းပိတ် နိုင်ငံတစ်ခုပါ။ ကျွန်တော် နမီးဘီးယားက ၂၀၀၄ ခုနှစ်မှာ ပြန်ထွက်တော့ United Nations Volunteer UNV specialist အနေနဲ့ အဲဒီကို ရောက်သွားတာပါ။

ကြုံကြိုက်လို့ ပြောရရင်တော့ Namibia က ထွက်လာတဲ့ ကျွန်တော့်အဖို့ Malawi က ဆင်းရဲချမ်းသာမှာ မိုးနဲ့မြေကြီးပမာ ကွာခြားလှပါတယ်။ Namibia က လူဦးရေ ၂ သန်းလောက်နဲ့ နိုင်ငံက အကျယ်ကြီး ကမ္ဘာမှာ လူဦးရေ အကြဲဆုံး နဲ့ ချမ်းသာသလောက် Malawi ကတော့ လူဦးရေ ၁၃သန်းနဲ့ နိုင်ငံကျဉ်းကျဉ်း မြောင်းမြောင်းလေး (ဒီအထဲ မာလာဝီ ကုန်းတွင်းပင်လယ်ကြီးက ၄ပုံ၁ပုံလောက် နေရာယူထားသေးတယ်) အာဖရိကမှာ လူဦးရေ အပြွတ်သိပ်ဆုံး၊ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခု။ ရာသီဥတုကလည်း ပြောင်းပြန်၊ Namibia က သဲကန္တာရဆန်ဆန် ခြောက်သွေ့သလောက် Malawi က ရေကန်ကြီး ကြောင့် တစ်ချိန်လုံး မိုးတွေအုံ့နေပြီး လေထု စိုထိုင်းဆ (humidity) အတော်များတဲ့ နိုင်ငံပါ။ ကျွန်တော့်အဖို့ အချိန် တော်တော်ကြာ အထိုင်ကျအောင် ကျင့်ယူရပါတယ်။ ဆင်းရဲပေမယ့် UN နဲ့ ချမ်းသာတဲ့ နိုင်ငံ တွေရဲ့အထောက်ပံ့ကြောင့် သူတို့ရဲ့ပညာရေး အဆင့်အတန်းက မဆိုးပါ။ ကိုယ်ပိုင် ဆေးကျောင်းတို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကူညီနဲ့ ဖွင့်ထားတဲ့ ဆေးပညာဘွဲ့လွန်ကျောင်းတို့ ဆိုတာတွေ ရှိပါတယ်။ အခြား အာဖရိကနိုင်ငံတွေကပင် လာပညာသင်ရပါတယ်။

ဒါပေမယ့် ခက်တာက သူတို့ဆရာဝန်တွေက ပိုပြီးဝင်ငွေကောင်းတဲ့ အင်္ဂလန်တို့လို အနောက် နိုင်ငံတွေ ထွက်ကုန်ကြတာမို့ ဆရာဝန်တွေ အပြင် အခြားပညာတတ်တွေပါ မလုံလောက်ပါ၊ ဒါကြောင့်မို့လည်း UNV အကူညီခေါ်ရတာပါ။ ၂၀၀၅ မေလ ၈ ရက်မှာ ကျွန်တော် Malawi ရောက်တော့ မြို့တော် Lilongwe UNDP ရုံးမှာ နိုင်ငံစုံက လူတွေ စုံလင်လှပါတယ်။ တည်းတဲ့ ဟိုတယ်မှာ နေ့စဉ် အသစ်ရောက်ရောက်လာတဲ့ လူတွေနဲ့ ပျော်စရာကြီးပါ။ ကျွန်တော်တို့ ဆီက လူတွေများ တစ်ယောက် တစ်လေ တွေ့ရလေမလားလို့ ရှာမိပါသေးတယ်။ "ရှာမနေနဲ့ တစ်ယောက်မှမပါဘူး" လို့ Program Officer က ပြောတော့မှ ကျွန်တော် စိတ်ပျက် လက်လျှော့လိုက်ရပါတယ်။ ဒါပေမယ့် နီပေါ နဲ့ အိန္ဒိယက ပညာရှင်တွေကို တစ်ပုံကြီး တွေ့ရတာ ကတော့ အားကျစရာ၊ မနာလိုစရာပါ။ (ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP မှာလုပ်နေတဲ့ မြန်မာ ပညာရှင် ၂၉ယောက် ကိုတော့ မမျှော်လင့်ပဲ ဒီမှာဆုံစည်းမိလို့ ကျေနပ်မိပါတယ်။)


Lake Malawi နောက်ခံနဲ့ WFP မှ ရွှေအချို့နဲ့အတူ

ကျွန်တော့်စကား ပြန်ဆက်ရရင်တော့ ကျွန်တော် တာဝန်ကျတဲ့ Mzuzu (Central Hospital) ဆေးရုံက Malawi မြောက်ပိုင်းက တောင်ပေါ်မြို့လေးမှာပါ။ ထိုင်ဝမ်အစိုးရရဲ့ အကူအညီနဲ့ ဆောက်ထားတဲ့ ကုတင် ၃၅၀ဆန့် ဆေးရုံကြီးမို့ ဒီနိုင်ငံမှာ တတိယအကြီးဆုံးပါ။ စပယ်ရှယ်လစ်တွေ အားလုံးက ထိုင်ဝမ်တရုပ်တွေချည်းပါ။ ထူးဆန်းတာက မာလာဝီလူမျိုး ဆရာဝန်ဆိုလို့ နှစ်ယောက်နဲ့တစ်ပိုင်း ထက်ပိုမရှိပါ။ ဆိုတော့ကာ ကျန်တဲ့ လက်ထောက် ဆရာဝန်တွေ မရှိဘဲ ဘယ်လိုများ လည်ပတ်နေသလဲ? မေးစရာပေါ့။ ဒီမှာက နာ့(စ)တွေကို ၂-၃ နှစ် သင်တန်းပေးထားတဲ့ Clinical Officer ဆိုတာတွေ ရှိပါတယ်။ အဓိက အမာခံတွေက သူတို့ပါ။ ခွဲစိပ်တာတွေ၊ ဆေးကုတာတွေ၊ မေ့ဆေးပေးတာတွေကို ဆရာဝန်တွေ အလား သူတို့ ချည်းကိုင်နေတာပါ။ ဒီလို ဆေးရုံမျိုး ကျွန်တော့် တစ်သက်မှာ တစ်ခါမှမကြုံဖူးတာမို့ ဆန်း နေပါတယ်။

ကျွန်တော့်မေ့ဆေးဋ္ဌာနမှာ သူတို့ မေ့ဆေး အရာရှိ ၅ယောက် နဲ့ မေ့ဆေး Consultant လို့ သူ့ကိုယ်သူ အမည်ခံ ထားတဲ့ Chang ခေါ်တဲ့ ထိုင်ဝမ်အမျိုးသမီး တစ်ယောက်ရှိပါတယ်။ ကျွန်တော်ကလည်း မေ့ဆေးအတိုင်ပင်ခံ ဆရာဝန် Anaesthetic Consultant ဆိုတော့ consultant ၂ ယောက် ဖြစ်သွား တာပေါ့။ အမှန်တော့ သူမလည်း မေ့ဆေးနာ့(စ) တစ်ယောက်ပါပဲ။ ဘယ်လိုကနေ ဘယ်လို Consultant နေရာယူထားလဲ မသိပါ။ ဒါတွေက ကျွန်တော့်ဖို့ အရေးမကြီးပါ။ မနာလိုလည်း မဖြစ်မိပါဘူး။ သူ့အရပ်နဲ့ သူ့ဇာတ် သူတို့ (ထိုင်ဝမ်) ဆေးရုံ မှာ သူတို့က ကျေးဇူးရှင်တွေ မဟုတ်ပါလား။ အလုပ်ဖြစ်ဖို့က အဓိကပါ။ ကျွန်တော့် မေ့ဆေး အရာရှိလေးတွေက တော်ရှာကြပါတယ်။ လူငယ်တွေလည်းပြန် ဖြစ်တော့ တက်တက်ကြွကြွ ရှိကြပါတယ်။

အဲ၊ တစ်ခုပဲ ပြောစရာရှိတာက သူတို့က Clinical Officer ကျွန်တော်က Medical Officer အလုပ်မှာလည်း ကျွန်တော့လိုပဲ သူတို့ လွတ်လပ်စွာ မေ့ဆေးပေး နိုင်ခွင့်ရှိကြတာ ဆိုတော့ သူတို့စိတ်ထဲမှာ ကျွန်တော့ပေါ် ခြေရာတိုင်းချင်တဲ့ သဘောမျိုး တွေတွေ့ရ တတ်ပါတယ်။ မှားလို့ ထောက်ပြရင်လည်း ဆင်ခြေပေးဖို့ အဆင် သင့်ပါ။ တစ်ခါတစ်ခါတော့လည်း "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ်" လို့ပင် ထင်မိပါတယ်။ ကျွန်တော့် အထင်မှားတာလည်း ဖြစ်နိုင်ပါတယ်။ အလုပ်ချင်း အတူတူ လခချင်း ကျတော့လည်း ဘာမှမဆိုင်အောင် ကွာခြားတာမို့ မနာလိုစိတ်တွေလည်း ရှိမှာ သေချာသလောက်ပေါ့။

ဒီလိုနဲ့ ကျွန်တော် အဲဒီရောက်ပြီး တစ်လလောက် အကြာမှာ မေ့ဆေးညီလာခံကြီး တစ်ခု ဒီဆေးရုံကြီးမှာ ပြုလုပ်ဖို့ အချိန် ကျရောက်လာပါတယ်။ Malawi မြောက်ပိုင်းမှာရှိတဲ့ မြို့နယ် ဆေးရုံလေးတွေ မေ့ဆေး အရာရှိတွေ အားလုံး လာတက်ကြဖို့ပါ။ ဒီအတွက် အားလုံးက တက်ကြွနေကြပါတယ်။ မတက်ကြွနိုင်တာက ကျွန်တော်ပါ။ ရောက်ကတည်းက ကျွန်တော့်မှာ ဆေးရုံအိမ် မရသေးလို့ ဟိုတယ်မှာ တစ်လလောက် သောင်တင်နေတာက တစ်ကြောင်း၊ ရာသီဥတုဒဏ်ကို နေသားမကျသေးလို့ အလူးအလဲ ခံနေရတာက တစ်ကြောင်း တို့ကြောင့်ပါ။


မေ့ဆေး ညီလာခံကိုယ်စားလှယ်များ
(ကျွန်တော့် ဘေးက Dr Joseph ပါ)

ဒါနဲ့ 12 June 2004 မှာ ညီလာခံ လုပ်ပါတယ်။ ထုံးစံအတိုင်းပေါ့။ အသီးသီး ပြုစုထားတဲ့ မေ့ဆေး အတွေ့အကြုံ စာတမ်းတွေ ဖတ်ကြ၊ ဆွေးနွေးကြနဲ့ စည်ကားနေပါတယ်။ တစ်ချိန်ကျတော့ ကျွန်တော့် မေ့ဆေးအရာရှိလေး တစ်ယောက်က စင်ပေါ်တက်လာပါတယ်။ သူ့စာတမ်းလေးနဲ့ပေါ့။ သူ့ဇာတ်လမ်းလေးက ဒီလိုပါ၊ တစ်နေ့ သူလူနာတစ်ယောက်ကို ခါးရိုး ထိုးတဲ့ထုံဆေး (Spinal ပေါ့) ထိုးပေးလိုက်တာ မကြာခင်မှာပဲ လူနာမှာမရှူနိုင် မကယ်နိုင် ဖြစ်ပြီး အသက်ရှုရပ်မလို ဖြစ်သွားပါတယ်တဲ့၊ အဲဒီတော့သူက ချက်ချင်းပဲ လူနာကို မေ့ဆေး အကြောထဲထိုးပေး၊ မေ့သွားတော့၊ အကြောလျှော့ဆေး (Muscle Relaxant ပါ) ထပ်ထိုးပေး၊ ပြီးတော့ လူနာလေပြွန်ထဲ လေပိုက်ထိုးသွင်း၊ နောက် အောက်စီဂျင် တပ်ပေးလိုက်တာ လူနာ အသက်ချမ်းသာရာ ရသွားပါတယ်တဲ့။ (ပြောရရင် လူနာအခြေနေ သူ့တင်ပြ ချက် တွေသိပ်မပြတ်သားပါ။)

သူပေးလိုတဲ့ သင်ခန်းစာက ဘယ်လူနာကိုမဆို ထုံဆေးပေးတာပါ ဆိုပြီး မပေါ့ဖို့၊ မေ့ဆေးကိုလည်း အဆင် သင့် ဆောင်ထားဖို့၊ ဒါမှတစ်ခုခု လွဲချော်ခဲ့သော် အသက်ကယ် နိုင်ဖို့ပေါ့။ ပရိသတ်ကြီးက တစ်ခဲနက် သြဘာပေးကြပါတယ်။

မပေးနိုင်တာက ကျွန်တော်ပါ၊ အတော်လည်း ဖျားသွားမိပါတယ်။ သူလုပ်တာတွေက တစ်လွဲကြီး၊ အလွန် မှားနေလို့ပါ။ ဒီစာတမ်းကိုသာ ကျွန်တော် ကြိုသိလို့ကတော့ အမှိုက်ခြင်းထဲ ရောက်ဖို့ပါ၊ အမှန်တော့ ကျွန်တော် ဒီစာတမ်းတွေကို ကြိုတောင်းခဲ့ပါတယ်။ သူတို့ မပေးတာပါ။ ခုမှတော့ (တာဝန်အရ) ထချဲရုံမှအပ ဘာမှ မတတ်နိုင် တော့ပြီ။ ငြိမ်နေပြန်လည်း ကျွန်တော်ပါ သမိုင်းရဲ့တရားခံဖြစ်တော့မည်။ ကျွန်တော်ကပဲ စပြီး သူ့ကို ပြန်လှန် မေးခွန်းတွေထုတ် သူလုပ်ပုံမှားတဲ့အကြောင်းပြောပါတယ်။ ကျွန်တော် ပြောတာက "လူနာကို ကယ်လိုက်တာ မင်းမဟုတ်ဘူး ဘုရားသခင်ပါ" လို့။ ဘာလို့လဲဆိုတော့ မင်းလူနာက Spinal shock ရသွားတာလို့၊  (ဒါကိုလည်း သူသိပုံမရပါ) ရှော့(ခ)Shock ရပြီ ဆိုကတည်းက လူနာမှာ သတိလစ်၊ အသက်ရှုရပ်၊ အရုပ်ကြိုးပြတ် ဖြစ်နေပါပြီ၊ နောက်တစ်ဆင့်ဆို နှလုံးရပ်ဖို့ သေဖို့ ပဲ ကျန်တော့တာပါ။ ဒါကိုမှ သူက မိုက်လုံးကြီးစွာနဲ့ မေ့ဆေးထပ်ပေးတဲ့ အပြင် ကြွက်သား လျှော့ဆေးပါ အဆစ် ထပ်လိုက်ပေးတာ လုံးဝ အယူတိမ်းနေတာပါ။ နတ်စိမ်း ဖြစ်မသွားတာဘဲ ကံသီပေလို့သာပေါ့။ (မှတ်ချက်- ကြွက်သား လျှော့ဆေး ကလည်း အသက်ရှူ ရပ်စေပါတယ်) လူနာက ရင်ခွဲရုံ ကို ခြေတစ်ဖက် လှမ်းနေပါပြီ၊ ....အမှန် သူလုပ်ရ မှာက လူနာကို အမြန်ဆုံးအသက်ကယ် ဖို့ပါ။ လေပြွန်ထဲ အသက်ရှူပိုက် ကောက်သွင်း အောက်စီဂျင်ပေး၊ လိုအပ်လျှင် အခြား အသက်ကယ် ဆေးတွေ ထပ်ပေးဖို့ပါ၊ ဒါတွက် မေ့ဆေး မလိုပါ။ သူ့မှာက အသက်ကယ် ဖို့ ၃-၄ မိနစ်ပဲ အချိန်ရှိတော့တာပါ။ မေ့ဆေးက အချိန်ဖြုန်းရုံတင်မက အခြေနေကို ပိုဆိုးသွားစေပါတယ်။

တစ်ကယ်တော့ ကျွန်တော် ခုမှ လူသစ်ပါ။ လူမိုက်ကြီး ထမလုပ်ချင်ပါ။ မဖြစ်လို့သာပါ၊ ဒါဟာ အယူမှားမှု သက်သက်ပါ။ wrong view ပေါ့။ ဘာလို့လဲဆိုတော့ ဒီကိစ္စက သူ "ပြာ"သွားလို့ ကယောင်ကတန်းနဲ့ အမှားလုပ်မိတာ မဟုတ်ပါ။ သူပြုပြီးတာ ကိုလည်း အမှန်လို့ထင် နေလို့သာ အများရှေ့မှာ တက်ပြောရဲ တာပါ။ ကျွန်တော့်စကားကြောင့် ပွဲဆူသွားပါ တော့တယ်၊ ကျွန်တော်ရဲ့အခြား consultant မမကလည်း ဘာမှဝင်မပြောပါ။ ကျွန်တော့် တပည့်officer တွေကလည်း အလျှော့မပေးကြပါ။ (သူတို့စုပေါင်းတင် ထားတဲ့ စာတမ်းကိုး) ဆင်ခြေ ဆင်လက် တွေ အမျိုးမျိုးနဲ့ ငြင်းခုံကြနဲ့ အချိန်တော်တော် ကုန်သွားပါတယ်။ နောက်ဆုံး ချောင်ပိတ်မိသွားမှ ကျွန်တော်က ပြောပါတယ်။ ဒီအမှားကို အမှန်ထင်ပြီး၊ အထူးသဖြင့် နယ်ကလာတဲ့ လူတွေ လိုက်လုပ်ကြလျှင် ရှေ့လျှောက် သေကြရမယ့် လူတွေ တစ်ပုံကြီးလို့။ ကျွန်တော့် မေ့ဆေးသက်တမ်း အနှစ် ၃၀ မှာ ဒါမျိုးတွေ ကြုံခဲ့ဖူးပေါင်း များပြီလို့။ ကျွန်တော်ပြောတာ မျက်စိမှိတ် ယုံဖို့မဟုတ်ဘူး၊ နောင်မင်းတို့ ဒီကိစ္စမျိုးကြုံရင် လူနာရဲ့ပါးစပ်ဖွင့် မေ့ဆေးသုံး ဓါတ်မီး Laryngoscope နဲ့ လေပြွန်ဝကို စစ်ကြည့်ပါ၊ သူ့အလိုလို ပွင့်နေတာ တွေ့ရလိမ့်မယ်။ ဘာမေ့ဆေးမှမလို လေပိုက် ကောက်သွင်းရုံပဲလို့။ See for yourself လို့ (ကိုယ်တိုင်သိ အောင် ကြည့်တာ ဗုဒ္ဓရဲ့ဝါဒပဲ မဟုတ်ပါလား။)

အဲဒီအချိန်ကျမှ ဥက္ကဋ္ဌဖြစ်သူ Dr. Joseph ကြားဝင် လာပါတယ်။ သူက Chinese Medical Team ရဲ့ Director လည်း ဖြစ်ပါတယ်။ သူက ခုဖြစ်ရပ်မှာ Dr Soe ပြောတာတွေ အမှန်ချည်း ဖြစ်ကြောင်း ပြော လာပါတယ်။ ခုမှပဲ အားလုံး ငြိမ်သွားကြပါတယ်။ ဘာကြောင့် သူတို့မှားကြသလဲ? တစ်ကယ်တော့ ကျွန်တော့် လူတွေက နာ့(စ)ကနေ မေ့ဆေးဆရာ ဖြစ်လာကြတာပါ။ ကျွန်တော့်လို ဆရာဝန်ဖြစ်ပြီးမှ ဘွဲ့လွန်ရလာတာ မဟုတ်ပါ။ အတွေးအခေါ် အတိမ်အနက်ချင်း ကွာနိုင်ပါတယ်။ သူနာပြုဆိုတာက လူနာကိုပြုစုဖို့၊ ဆရာဝန် ညွှန်ကြား တာခံယူဖို့ပါ။ Dr ဆိုတာက ကုသဖို့၊ လိုအပ်တာကို နာ့(စ)ကို ညွှန်ကြားဖို့ပါ။ စကတည်းက လမ်းကြောင်းမ တူပါ။ တူနေမှတော့ ဆရာဝန်တွေ ဘာကြောင့် ၇နှစ် အချိန်ကုန်ခံ ကျောင်းတက် နေတော့မှာလဲဗျာ။ Spinal shock ဖြစ်ရင် လူရဲ့ဇီဝကမ္မဖြစ်စဉ်မှာ ဘာတွေပြောင်းလဲ ကုန်သလဲဆိုတာ သူတို့အပေါ်ယံ လောက်သာ သိမှာမို့ ခုလို အမှား လုပ်မိတာပါ။ ခွင့်လွှတ် လိုက်ပါတယ်။ ဒီကိစ္စတင်မက အခြား ရင်တုန်စရာ ဖြစ်ရပ်တွေ ရှိပါသေးတယ်၊ နောင်ကြုံတော့ ရေးမှာပါ။

ဒီဖြစ်ရပ် ပြီးနောက်မှာတော့ သူ့ကိုယ်သူ Consultant တင်ထားတဲ့ Chang တစ်ယောက် အခြားဋ္ဌာန HIV မှာ လူလိုလို့ဆိုပြီး (အပြီး)ပြောင်းသွားပါတယ်။ ကျွန်တော့်လူတွေလည်း ခုမှ ကျွန်တော့်ကို ဘော့(စ)လို့ ခေါ်ဖေါ် ရလာပါတယ်။ အဲဒီတုန်းက စာတမ်းတင်တဲ့ Matsu တစ်ယောက်လည်း (အကြောင်းသိသွားတော့) ကျွန်တော် မာလာဝီကနေ ပြန်ထွက်တဲ့ထိ ကျွန်တော့်ရဲ့အကောင်းဆုံး တပည့် တစ်ယောက်ဖြစ် လာခဲ့ပါတယ်၊ ................. လုပ်သက်ရင့်မှ ဒီနိုင်ငံရောက်လာတာပဲ ကံကောင်းတယ် ခေါ်ရမလားပဲ။

စိုးမြင့်-မေ့ဆေး (အာဖရိကရောက် မြန်မာတစ်ယောက်)
Queen Elizabeth the Second Hospital
Maseru, Kingdom of Lesotho
16 Jan 2010

(စာကြွင်း)
* WHO အကူညီနဲ့ Malawi မှ ပညာတော်သင် ပြန်လာတဲ့ မေ့ဆေး officer ၃ယောက်ကို ၂၀၀၂ နှစ်လောက်က Namibia မှာ ဆုံဖူးပါတယ်။ အဲဒီမှာ မေ့ဆေးပေး မလုပ်လို့ နာ့(စ)ပဲ ပြန်လုပ်နေရပါတယ်။

* Malawian တွေနဲ့ ကျွန်တော်တို့ နိုင်ငံ မစိမ်းပါ၊ အထူးသဖြင့် ဒီမှာစီးပွါးရေး လုပ်နေတဲ့ ကုလားတွေ ရန်ကုန်မြို့ကြီးကို ကောင်းကောင်း သိကြပါတယ်။ သူတို့ ဘကြီးတွေ အဖေတွေ ဦးလေးတွေက မြန်မာကို ရွှေနိုင်ငံကြီးလို့ဆိုပါတယ်။ ရန်ကုန်မှာ စီးပွါးအတော် ဖြစ်ခဲ့ကြတယ် ဆိုပါတယ်။

*အမည်းတွေကလည်း ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တပ်တွေနဲ့ အတူ မြန်မာပြည် စစ်မြေပြင်တွေကို ရောက်ခဲ့ဖူးကြပါတယ်။ ဒီအကြောင်း မြို့တော် Lilongwe စစ်သမိုင်းပြတိုက်မှာ ကမ္ဗည်းထိုးထားတာ ရှိပါတယ်။ ပုံကတော့ မြို့တော် Lilongwe က ဒုတိယကမ္ဘာစစ် အထိမ်းမှတ် ပြတိုက် ကျောက်တိုင်နှင့် မြန်မာပြည်စစ်မျက်နှာနာမည် တွေ (ကလေးဝ၊မော်လိုက်။ရခိုင်ကမ်းမြောင်...)ပါတဲ့ ဆိုင်းဘုတ်ပါ။




10 မှတ်ချက်:

ရွှေဘ၇ူနိုင်း

အလုပ်ရူပ်တဲ့အထဲကတင်ပေးတာကျေးဇူးပါ....

khin oo may

ဗဟုသုတရသည်။

Dr Phyo Wai Kyaw

ပေါက်ကရတွေ တက်ပြောတာကို နားထောင်ရတာလောက် စိတ်ဆိုးစရာ ကောင်းတာ မရှိဘူး ထင်တယ်။ ဆရာကတော့ တော်တော် စိတ်ထိန်းနိုင်တာပဲ။

စိုးမြင့် (မေ့ဆေး)

အလှတရား သို့-
ဟုတ်ပ၊ ခင်ဗျားပြောမှပဲ ပြန်စဉ်းစားမိတယ်။ ကိုယ်တပည့် တွေသာဆိုထ ရိုက်မိမလားပဲ။

ဂျစ်တူး ( မုံရွာ )

ီဒေါက်တာကြီး တော်တော်စိတ်ရှည်တာဘဲဗျာ-လေးစားပါ
တယ်ခင်ဗျာ-ရင်ထဲကပြောသွားပါသည်။

စိုးမြင့် (မေ့ဆေး)

ဂျစ်တူး (မုံရွာ)း
ကေါင်းတဲ့ဖက်က လှည့်တွေးမိတော့လည်း ဒီကလူတွေ (ကျွန်တော်တို့ဆီမှာလိုမဟုတ်ပဲ) ပြောရဲဆိုရဲ ရှိတာကိုပဲ ချီးကျူးရမှာပါ။ အတုပင်ယူသင့်ပါတယ်။
ဆရာကြီးစကားဆိုတိုင်း မျက်စိမှိတ် လက်ခံတာ
မဟုတ်လို့ ကျွန်တော်လဲ စာတွေပြန်ဖတ်ဖြစ်တာပေါ့ မဟုတ်ဘူးလား။ စိတ်ရှည်သင့်ပါတယ်။

စိုးမြင့် (မေ့ဆေး)

khin oo may
Khinmoesuthant
အားပေးတာကျေးဇူးပါ၊
ဗဟုသုတ ရတယ်ဆိုတော့ ရေးရတာပိုအားရှိတာပေါ့။

Unknown

thnx alot 4 sharing!!

Anonymous

ဆရာ့စာတွေကိုဖတ်ရတာဗဟုသုတရပါ၏...ကျေးဇူးတင်ပါတယ်ဆရာ...လေးစားလျှက်

Anonymous

ဆေးပညာဗဟုသုတတွေတိုးလို့ကျေးဇူးတင်ပါတယ်ဆရာ။
ပြည်ပရောက်မြန်မာပြည်သားတစ်ဦးရဲ့အောင်မြင်မှုအတွက်လေးစားဂုဏ်ယူပါတယ်ဆရာ

Soe Myint (Anaesthesia)  ©2009

Back to TOP