Monday, June 21, 2010

" ခွဲစိပ်ခံသင့်မခံသင့်"

                                            " ခွဲစိပ်ခံသင့် မခံသင့် "

                           တောင်စောင်းမှာ ခက်ခက်ခဲခဲ ကွင်းဆင်းဖို့ကြိုးစားနေတဲ့ LFDS Sesna လေး၊
                                            (ပုံပေါ်click လုပ် ပုံကြီးချဲ့ရင် ပြေးလမ်းကိုမြင်နိုင်ပါတယ်)
လွန်ခဲ့တဲ့ ၂နှစ်ကျော်ခန့်က ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်လေးတစ် ခုပါ။ တစ်နေ့ ကျွန်တော့ခါးအောက်ပိုင်းက ရက်ပိုင်းအတွင်း မခံရပ်နိုင် လောက်အောင် နာကျင်ကိုက်ခဲ လာပြီး၊ လမ်းတောင် ခပ်လှမ်းလှမ်းထက် ပိုမ လျှောက်နိုင်အောင်ဖြစ်သွားတာမို့၊ အရိုးအထူးကုနဲ့ ပြသရပါတယ်။ သူကခါးရိုးမှာ intervertebral disc လို့ ခေါ်တဲ့ အရိုးနု ချပ်ပြားဝိုင်းလေး ပြုတ်ထွက်သွား ပြီးအာရုံကြောမကြီး သွားထောက်နေတယ်လို့ စမ်းသပ် တွေ့ရှိရ တယ်ဆိုပါတယ်။ Prolapse intervertibral disc အရပ်အခေါ်မှာတော့ ခါးဆစ်ပြုတ်သွားတယ်
ခေါ်မယ် ထင်ပါတယ်။ ဒီလိုရောဂါမျိုး ကို ဒီနိုင်ငံမှာ မကိုင်နိုင်တာမို့ တစ်ဖက် တောင်အာဖရိကနိုင်ငံ RSA မှာသွားရောက် အကုသခံဖို့ ဖြစ်လာပါတယ်။ ကျွန်တော့်ကို အစိုးရစားရိတ်နဲ့ RSA နိုင်ငံ Bloemfontein မြို့ က Universitus ဆေးရုံကြီးကို သီးသန့် လူနာတင်ကားနဲ့ ပို့ပေးတာပါ။
ဟိုမှာတော့ ပြီး ပိုမိုတိကျအောင် MRI ခေါ်တဲ့ သံလိုက်လှိုင်း ဓါတ်မှန်ရိုက်ရပါတယ်။ ဒါနဲ့ ရက်ချိန်း ၃-၄ ခါလောက် သွားပြီးနောက်မှာ သူတို့ကလဲ ခါးဆစ်ပြုတ်တာ သေချာတယ်လို့ အဖြေထွက် လာပါတယ်။
နောက်ဆုံးနေ့မှာ သူတို့ရဲ့ ဆရာဝန်ကြီး (လူဖြူ တစ်ယောာက်ပါ) ကကျွန်တော့ရဲ့ စာရွက်စာတမ်း တွေအစအဆုံး ဖတ်ကြည့် ပြီးတဲ့ နောက်မှာတော့ သူကိုယ်တိုင် ကျွန်တော်ရှိရာ လူနာတွေ စောင့်တဲ့ နေရာကို ထွက်လာပြီးတော့ ခုမှဆရာဝန်မှန်း သိရလို့  ဆရာဝန်ချင်း ခုလိုအကြာကြီး စောင့်ထားခိုင်းမိတာ တောင်းပန်ပါ တယ်တဲ့။ (ရပါတယ်လို့)။ ဒိနောက် ကျွန်တော့ကို သူ့ရုံးခန်းထဲခေါ်သွားပြီး သူ့လက်ထောက် တွေနဲ့ အတူ ဓါတ်မှန်တွေနဲ့ ရောဂါအခြေနေ ကို အသေးစိပ်ရှင်းပြပါတယ်။ နောက်ဆုံးသူ့ဆုံးဖြတ်က ကျောရိုးမှာ ခွဲစိပ်မှကောင်းဖို့ လို့ပြောပါတယ်။ ကျွန်တော်လည်း သိလိုတာတွေ ပြန်လှန်မေးမြန်း၊ အယောင်ကျအောင် အကိုက်အခဲ သက်သာအောင် ခါးရိုးထဲဆေးထိုးတာ လောက်ပဲ ဖြစ်ချင်တယ် ဆိုတော့ (ဈေးဆစ်တာပါ) သူကရင်းနှီးစွာပါပဲ ခွဲစိပ်ဖို့ ကလွဲရင်အခြားနည်းလမ်းမရှိ ခွဲမည့်ရက်ချိန်း သာယူသွားဖို့လို့ပြောပါတယ်။ ကျွန်တော်က မခွဲလိုကြောင်း အားမနာတမ်းပဲ ငြင်းလိုက်တော့ သူတို့ အံ့သြသွားပေမဲ့ စိတ်မဆိုးပါဘူး၊ နောင်တစ်ချိန်ကျွန်တော် ပြန်လာမှာကို ဓါးကိုင်ပြီး သူတို့စောင့်နေမယ် လိုအပ်ရင် သူ့ကိုအချိန်မရွေး ဆက်သွယ် နိုင်ပါတယ်လို့ ရယ်ရယ်မောမော ပြန်ပြောကြပါတယ်။

ကျွန်တော်က အသားနာမှာကြောက်လို့ သက်သက်မဟုတ်ပါ၊ ခွဲမယ်ဆိုလည်း ကိုယ့်အိပ်ထဲက ကုန်စရာ မလိုပါ။ ကိုယ်တိုင်ကလည်း ကြည့်မြင်တိုင် အရိုးဆေးရုံကြီးမှာနှစ်ပေါင်းများစွာ မေ့ဆေးလုပ်ခဲ့ဘူးတာမို့ သူတို့ဘယ်လို ခွဲမယ်ဆိုတာ သိပြီးသားပါ။ ဒီခွဲစိပ်မှုမျိုး မှာမေ့ဆေးပေးခဲ့ ရပေါင်းလဲများပါပြီ။ ဒါကြောင့် လုပ်ဖေါ်ကိုင်ဖက် ဖြစ်တဲ့ဆရာဦးညွန့်ဝေ ကို အဲဒီတုန်းက ကျွန်တော်မေးကြည့် ဘူးပါတယ်။ ဆရာတို့ ဒီလောက်တောင် ဆောက်တွေ တူကြီးတွေနဲ့ကျောရိုးကြီးကို မညှာမတာ ရိုက်ထုပြီးခွဲစိပ်နေကြတာ ဘေးက ကြည့်ရတာတောင် ကျောချမ်းတယ်လို့၊ လူနာတွေ ပြန်ကောကောင်း ကြသေးသလား? လို့ဆိုတော့၊ သူကလဲ (ပြောမနာဆိုမနာတွေမို့) ရိုးသားစွာပြန်ဖြေရှာပါတယ်။ လောလောဆယ်တော့ သက်သာသွားတာ တွေ့ရပါတယ်တဲ့၊ ဒါပေမဲ့ နောင် ၁၀နှစ် ၁၅နှစ် မှာဘာဖြစ်ကုန်မလဲတော့ သူလဲမပြောတတ်ဘူးတဲ့။ကောင်းရောပဲ။ ( ၁၅ နှစ် အကြာ၊ ခုချိန်မှာတော့သူလည်း ကွယ်လွန်သွားရှာပြီမို့ မေးစရာမရှိတောပါ့) ဒီလိုဒီလို ဇာတ်လမ်းတွေရှိခဲ့လို့ ခုကိုယ်တိုင်ကြုံလာတော့ ဆေးစာအုပ်လေး နဲနဲပါးပါးပြန် ဖတ်ကြည့်ပြီး ချိန်မှာ ကျွန်တော် ရဲရဲကြီးငြင်းဝံ့တာပါ။ သူတို့(လူဖြူတွေ) ကိုလည်းကျွန်တော့ အတွေ့အကြုံ လေးတွေကို ပြန်ဖေါက်သည် ချပြောပြတော့ (မဟုတ်ပါဘူး၊ နေကောင်းသွားမှာပါ) ရယ်လို့ ဘယ်သူမှအာမမံကြပါဘူး အသည်းအသန်လည်း ပြန်မငြင်းကြပါဘူး။ ကျွန်တော်လည်း အနားယူ၊ အကြောနှိပ်Physiotherapy ကုသမှု ခံယူ၊ တစ်လလောက် ကြာတော့ ယခင်ကစားနေကျ အားကစားရုံ (Gym) မှာခါး နဲ့ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်း ဖြည်းဖြည်း ပြန်လုပ်လိုက်တာ ၃လလောက် ကြာတော့ ပုံမှန်လောက် ပြန်ဖြစ် လာပါတယ်။ ကံကြီးပေလို့သာပေါ့၊ ဖြစ်စတုန်းကတော့ တစ်ကိုယ်ထဲသမားမို့၊ စိတ်ဓါတ်တွေ ကျသွားလိုက် တာ ဘယ်ပြောကောင်းမလဲ။(ကမ္ဘာကြီးပျက်သွား ပြီလားအောက်မေ့မိ ပါတယ်) ဒီမှာရှိတဲ့ မြန်မာအသိုင်းဝိုင်း လေးရဲ့ကျေဇူးကြောင့်သာ ထမင်းနပ်မှန် အောင်စားနိုင်ခဲ့သလို၊ အလုပ်မှာလည်းတပည့်တွေ သိတတ်မှု ကြောင့်သာ ဟန်မပျက် ခွင့်မပျက် အလုပ်ဆက်လုပ် နိုင်ခဲ့တာပါ။ နို့မဟုတ်ရင်တော့ အိပ်ရာလိပ် အိမ်ပြန် ရမလားမသိ။

တစ်နေ့က ဖတ်စရာတွေ ကုန်နေတာနဲ့ စာအုပ်ဟောင်းတွေ လှန်လှောရှာကြည့် မိတော့ 1996 Sept Reader's Digest တစ်အုပ်မှာ ကျွန်တော်နဲ့ ပုံစံတူ ဇာတ်လမ်းလေးတစ်ပုဒ်သွားတွေ့ပါတယ်။ ခေါင်းစဉ်က When to say no to surgery (ဘယ်လိုအခါမျိုးမှာ ခွဲစိပ်ခံမှုကိုငြင်းဆန်မလဲ တဲ့) တိုက်တိုက်ဆိုင်ဆိုင် မို့ကျွန်တော်လည်း အရမ်းကိုအံ့သြ ၀မ်းသာသွားမိပါရာက အများကိုမျှဝေပေး လိုတာနဲ့ ဒီစာလေးကို ရေးဖြစ်တာပါ။ သူ့ဇာတ်လမ်းမှာ သူက ကာယနည်းပြဆရာတစ်ယောက်ပါ။ တစ်နေ့တော့ တိုတိုပြော ရရင် ကျွန်တော့လိုပါပဲ လေ့ကျင့်ခန်း လုပ်ယင်း ခါးရိုး ၂ဆစ်ပြုတ်သွားပြီး ကိုယ်အောက်ပိုင်းလုံးဝ မလှုပ်နိုင်အောင် ဖြစ်သွားပါတယ်တဲ့။ ဒါနဲ့ ဆရာဝန်ဆီရောက်သွားတော့၊ အရိုးဆရာဝန်က ခွဲစိပ်မှဖြစ်မယ်၊ နို့မဟုတ်ရင်တော့ တစ်သက်လုံး ဘယ်တော့မှ ပြန်လမ်းလျှောက်နိုင်စရာ မမြင်ဘူးလို့ ပြောလိုက်ပါတယ်တဲ့။ သူကတော့ ဆရာဝန်မဟုတ်ပေမဲ့၊ အားကစားဆရာ တစ်ယောက် ပီပီခါးရိုးနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတ အတော်တန်ရှိသူမို့၊ သူလိုဘ၀တူ အခွဲခံပြီးတဲ့ လူနာတွေ စာရင်းယူပြီး လေ့လာလိုက်တာ ဘာသွားတွေ့ရ လဲဆိုတော့ " အခွဲခံပြီးတဲ့လူနာ တစ်ဝက်လောက်ဟာ ဘာသက်သာမှုမှမရရှိပဲ၊ ကျန်တစ်ဝက်လောက်ဟာလဲ နဲနဲပါးပါးလောက်ပဲ သက်သာတယ် "ဘယ်သူတစ်ယောက်ကမှ" ငါတော့  အိုကေသွားပြီ " လို့ဆိုတာ မရှိတာကို သွားတွေ့ရပါတယ်တဲ့။ (ဒီထဲမှာ ခွဲစိပ်ယင်း ရောဂါပိုး ၀င်သွားတာတို့၊ အာရုံကြော ထိခိုက်သွား တာတို့၊ မေ့ဆေးဒဏ် ခံရတာတို့လို ပြဿနာ တွေပါ ထည့်တွက်လိုက်ရင်၊ အရင်းပါရှုံးတာတွေ့ရမှာ သေချာ ပါတယ်) ဒါနဲ့ သူလည်းလန့်ဖြန့်သွားပြီး အခွဲမခံတော့ပဲ၊ ဆေးကုသမှုပဲခံယူ၊(ခါးရိုးကိုဆွဲဆန့်တာပါ) နောက်ပိုင်းမှာတော့ ခါးနဲ့ ၀မ်းပိုက် ကြွက်သားတွေ လေ့ကျင့်ခန်းမှန်မှန် လုပ်ပေး လိုက်တာ ၃ပတ်အတွင်း လမ်းပြန်လျှောက် နိုင်ပြီး ၃လအကြာမှာတော့ ပုံမှန်အနှေးပြန်ပြေး (jogging) နိုင်ခဲ့ပါတယ်တဲ့။ တကယ်တော့ ကျွန်တော်တို့ရဲ့ ခါးဆိုတာက ကြိုးတံတားလိုပါပဲ။ တံတားရဲ့ခိုင်ခံ့မှုက တံတားဘောင် တွေပေါ်မှာတင် မူတည်တာမဟုတ်ပဲ၊ ဆိုင်းထားတဲ့ ကြိုးတွေပေါ်မှာ လည်းတည်ပါတယ်။ ခါးမှာတော့ ဆိုင်းထားတဲ့ ကြွက်သားတွေ အရွတ်တွေပေါ့၊ ဆိုတော့ကာ အရိုးချည်းသက်သက် ပေါ်သွားခွဲနေရုံနဲ့ လုံးဝ မပျောက် ကင်းတာ မဆန်းပါဘူးလို့ သူကဆိုထားပါတယ်။

အမေရိကန် မှာလေ့လာစမ်းစစ်ချက် တစ်ခုအရတွေ့ရတာကလည်း ခါးရိုးခွဲစိတ်မှု ၁၀ခုမှာ ၄ခုက မလိုအပ် ဘူးလို့ဆိုထားပါတယ်။ သူကခါးရောဂါအပြင် အခြားမလိုအပ်ပဲခွဲစိပ်နေကြတဲ့ ရောဂါအချို့ ကိုလည်း ရေးပြထား တာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ- ဗိုက်ခွဲမွေးတာတို့၊ သားအိမ်ထုတ်ပစ်တာတို့၊ မျက်လုံးတိမ်ခွဲတာတို့၊ နှလုံးသွေးကြောဆက်တာတို့၊ စတာတွေပါဝင်ပါတယ်။ ဒါတွေအားလုံးကိုတော့ ကျွန်တော် အကျယ်ချဲ့ရေးမနေလိုတော့ပါ၊ ဒီကကိုယ်တွေ့ လေးတွေကိုပဲ တင်ပြချင်တာမို့ပါ။

စကါးပြန်ဆက်ရရင် ကျွန်တော်တို့ဆီမှာ ဗိုက်ခွဲပြီးခလေးမွေး တဲ့လူနာ Caesarean section (C/S) အတော်များပါတယ်၊ (နမီးဘီးယားတုန်းကလည်း ထိုနည်း၎င်းပါပဲ) တစ်နိုင်ငံလုံး ရဲ့လူဦးရေကမှ ၂သန်းပင် မပြည့်တာ၊ ခွဲမွေးတာ တွေကျတော့ အရေတွက် အားဖြင့် အတော်များပါတယ်၊ ကျွန်တော်တို့ရဲ့ အရေးပေါ် ဂျူတီတွေဆိုတာ C/S တွေနဲ့ပဲ အချိန်ကုန်ရတာများပါတယ်။ ခွဲစိပ်မှုအားလုံးရဲ့ ၂၀-၂၅ %လောက်ပင် များပါတယ်၊ (RSA ပြင်ဆေးခန်းတွေ မှာဆို ၅၀% ထိပင် ရှိတတ်တယ်ဆိုပါတယ်) ခွဲပြီးမွေးမှသာ လူဖြစ်ရ မယ်ဆိုရင်တော့ ကနေ့ကမ္ဘာကြီးမှာ လူဦးရေတော်တော် လျော့နဲသွားမှာသေချာပါတယ်။ ကျွန်တော်တို့ အောင်ကာစတုန်းက ခုလိုမဟုတ်ပါ။ သာမန် ပုံမှန်မွေးလူနာဆို သဘာဝအတိုင်း မွေးနိုင်အောင် စိတ်ရှည် လက်ရှည်စောင့်၊ လိုအပ်ရင်ဆေးသွင်းနဲ့ မတတ်နိုင်တဲ့ အဆုံး မှသာခွဲခန်းပို့ရတာပါ။ ခုတော့ခေတ် တွေကပြောင်းကုန် ပါပြီ။ ပုံမှန်မွေးနိုင်ပါလျက်နဲ့ ဆရာဝန်တွေ အပိုင်းကလည်း အချိန်ကုန်ခံ မစောင့်တော့၊  သားအိမ်ထဲ ခလေးပုံစံ မတည့်ရင်လည်း ပြုပြင်ဖို့ ကြိုးစားမနေတော့၊ လူနာတွေအပိုင်း ကျတော့လည်း ဗိုက်ကြာကြာ အနာမခံ ချင်တော့ (ဗေဒင်ကိန်းအရ မွေးလိုတဲ့အချိန်မှာမွေးဖို့တို့၊ အသပြာ ကိစ္စတို့တော့ ဥာဏ်မမီလို့ မဆွေးနွေးလိုပါ)  ရောင်းသူ ၀ယ်သူအသံတူ နေတာမို့ နောက်ဆုံးတော့ ခွဲခန်းစုပြုံ ရောက်ကုန်ကြ တာမဆန်းပါဘူး။ နောက်တစ်ချက်ကလဲ တစ်ခါခွဲမွေးဘူးတဲ့လူနာဟာနောင်ဗိုက်တွေ ကျတော့လည်းသား အိမ်ကွဲ မှာစိုးလို့ ခွဲကိုခွဲရမှဖြစ် ကုန်တာမို့ ခွဲပြီးယင်း ခွဲယင်း မဆုံးသံသရာ လည်သွား ပါတော့တယ်။ (မှတ်ချက်။ ပထမ အကြိမ်ခွဲ ထားရပေမဲ့လဲ နောင်ကိုယ်ဝန်တွေမှာ သဘာဝအတိုင်း မွေးနိုင်ဖို့ အလားလာ က၇၀% ရှိပါတယ်၊ ဒါပေမဲ့ ဘယ်ဆရာဝန်မှ ဒုက္ခခံ ကြိုးစားတာမတွေ့ဘူးပါဘူး၊ ရှိရင်တော့ လဲရှိမှာပါ) ဒါရဲ့ နောက်ကွယ်မှာ လူမသိ သူမသိတဲ့ပြဿနာက ခွဲမွေးလူနာဆိုတာက ပထမဦးစားပေးပါ၊ (သူကအသက် ၂ချောင်းကိုး) ဒီတော့ အရေးပေါ်အချိန်မှာ ခွဲမွေးလူနာ နဲ့ဆုံလိုက်ရရင် ကျန်လူနာတွေမှာ ကံဆိုးပြီသာမှတ်၊ စောင့်ပေတော့ပေါ့။

ကျွန်တော် အထက်မှာပြောခဲ့တဲ့ လူနာမျိုးတွေ အပြင်ပုံစံမတူတဲ့ အခြားအုပ်စုတစ်ခု ရှိပါသေးတယ်၊ အဲဒါကတော့ ကိုယ့်နိုင်ငံမှာထက် ဒီနိုင်ငံ မှာပဲအတွေ့ရများမယ် ထင်ပါတယ်။ ဒီလူနာတွေက အရေးပေါ် ကော နာတာရှည် လူနာတွေပါဖြစ်ပြီး အသက်ရှင်နိုင်စရာ အခွင့်အလမ်း အတော်နဲသူတွေပါ။ အများဆုံး တွေ့ရတာက ဦးခေါင်းဒဏ် ရာရလို့ ခွဲစိပ် ရတဲ့လူနာတွေပါ။ ဒီနိုင်ငံမှာ အမျိုးသားတွေက ကျွန်တော်တို့ တိုင်းရင်းသားအချို့ ဆောင်ဓါးကိုင်သလို၊ (မိုလာမူး) လို့ခေါ်တဲ့ ထိပ်ကဘုလုံးနဲ့ တုတ်တစ်မျိုးကိုင်
လေ့ရှိ ကြပါတယ်။၂ပေခွဲ ၃ပေခန့် ရှိတတ်ပါတယ်။ ဒီတော့ အချင်းချင်း ပြဿနာဖြစ်လျှင် (မိုလာမူး) နဲ့ဖြေရှင်းကြတာ များတော့ ဦးခေါင်းဒဏ်ရာနဲ့ ခွဲခန်း မှာအရေအတွက်ကလည်းမနဲပါ။ နဲနဲပါးပါး ဦးခေါင်းခွံ အောက် သွေးခြေဥတာမျိုး၊ ဦးနှောက်အကြီးအကျယ် မပျက်တာမျိုးလောက်တော့ ရှင်လမ်း ရှိပါတယ်၊ လုပ်ပျော်ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှသတိ ပြန်လည်မလာတဲ့ အခြေနေသိပ်ဆိုးတဲ့ လူနာတွေကျတော့ မခွဲခင်ကတည်းက ရင်ခွဲရုံကိုခြေတစ်လှမ်း လှမ်းနေပြီးသားပါ။ ဒီလိုလူနာမျိုးက ခွဲလည်းမထူးပါ၊ ခွဲပြီးနောက်နေ့ကျ ၀ဒ်ထဲမှာမမြင်ရတော့ပါ။ တချို့လည်းခွဲခန်းဝင်ခါနီးမှ ရှောသွား တာတွေမနဲပါ။ ဒါပေမဲ့ သူတို့က အရေးပေါ်လူနာတွေဆိုတော့ ကျွန်တော်တို့မေ့ဆေးအနေနဲ့ ငြင်းခွင့်မရှိပါ။

နာတာရှည် ရောဂါသည် တွေထဲက ကင်ဆာသမားတွေ အတော်များများမှာတွေ့ရ တတ်တာက၊ အခါနှောင်း ရောဂါကျွမ်းမှ ဆေးရုံရောက် လာသူတွေပါ။ ဥပမာ- အစာအိမ် ကင်ဆာသမား၊ ကင်ဆာဆိုတော့ အရိုးပေါ် အရေတင်နဲ့ ၀မ်းပိုက်မှာ အလုံးနဲ့ ရေဖျင်းစွဲပြီး စဉ့်အိုး တစ်လုံးလောက် ကယ်နေတဲ့လူနာ။ ဒါကိုခွဲစိပ် ဆရာဝန်က ခွဲဖို့စာရင်းတင် လာတော့ ကျွန်တော်တို့ မေ့ဆေးအနေနဲ့ အတော်ဦးနှောက် စားရပါတယ်။ သာမန်လူပြိန်း အနေနဲ့ ပဲစဉ်းစားအုံးတော့၊ ကုလို့မရနိုင်တော့တဲ့ရောဂါ သွားခွဲလို့ကော လူနာအတွက်ခဏ လောက်ပဲ သက်သာခွင့်ရမှာ၊ သူခံစားရမဲ့ ခွဲစိပ်ဒဏ် မေ့ဆေးဒဏ် နဲ့မှမတန်ပါ၊ ခွဲခန်းထဲမှာတင် အသက်ပျောက် သွားနိုင်ပါသေးတယ်။ ကျွန်တော်တို့ ဆီမှာသာ ဆို အိမ်သာပြန်ခေါ်သွား စားချင်ရာ စားပါစေ ဆိုပြီးပြန်လွှတ် လိုက်ရင် လူနာရှင်တွေလည်း နားလည်ပါလိမ့်မယ်။

ခုဒီနိုင်ငံမှာ ကျတော့ ခွဲမဲ့ဆရာဝန်ကလည်း သူ့တာဝန်က သမိန်ပေါသွပ်ရဲ့ စကားကိုငှားသုံးရ ရင်တော့
" ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ် " ပဲ၊ ( နောက်ဆုံးစကါးတော့မပါဘူးထင်ပါတယ်၊ ပါးပါးလှီးရ လောက် အောင် ဒီကလူတွေက မတတ်နိုင်ကြပါဘူး၊ ဆင်းရဲကြပါတယ်၊ ဆရာကို ကန်တော့ ရိုးထုံးစံ လည်းမရှိပါဘူး) လူနာတွေ နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာ သူတို့အလုပ် မဟုတ်သလိုပါပဲ။ ခက်တာက ကျွန်တော် တို့မေ့ဆေးအပိုင်းမှာ မေ့ဆေးဒဏ်မခံနိုင်လောက်တဲ့ အကြောင်းပြချက် တစ်ခုခုရှိရင်တော့ ပယ်လိုက် လို့ဖြစ်ပေမဲ့လူတိုင်းကိုတော့ ခွဲစိပ်ဆာဂျင်နဲ့ ဖက်ပြိုင်ငြင်းမနေတော့ပါဘူး၊ အချို့လည်းပဲ နားလည်ပါတယ် ခွဲချင်လွန်းလို့ ခွဲနေတာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ နဲ့တိုးတိုးတိတ်တိတ်လေး လာညှိတတ် ကြပါတယ်။ လူနာကို အကြောင်းတစ်ခုခု ပြပြီးပယ်ပေးဖို့ တောင်းပန်တာပါ၊ (မေ့ဆေး ဆရာဝန်က မေ့ဆေးမပေးနိင်လို့ ဆိုရင် သူတို့ အာပတ်လွတ်သွားတာပေါ့) အမှန်တော့ လူမိုက်ငှားတာပါ၊  ကျွန်တော်တို့ အနေနဲ့ကတော့ ဒါမျိုးလုပ်လုပ် ပေးရတာ ဗိုက်အငှားနဲ့ ဓားထိုးခံရာကျနေတာမို့ ခဏဏတော့ မလိုက်လျောနိုင်ပါ၊သူတို့မလုပ်သင့် ဘူးထင်ရင် သတ္တိရှိရှိ အစကတဲက မတင်နဲ့ပေါ့။

တိုးတက်တဲ့ အနောက်နိုင်ငံတွေ မှာတော့ ဒီကိစ္စမျိုးဆို ဆရာဝန်နဲ့ လူနာပွင့်ပွင့်လင်းလင်း ဖွင့်ပြော ဆွေးနွေးပြီး ခွဲသင့်၊ မခွဲသင့်ဆုံးဖြတ် လို့ရပါတယ်။ လူတွေရဲ့အခြေခံ ဗဟုသုတနဲ့သူတို့ရဲ့ယဉ်ကျေးမှုအရ ပြဿနာမရှိပါ။ သေမဲ့လူနာကလည်း သူလုပ်သင့်တာတွေ အချိန်မီလုပ်သွားနိုင်တာပေါ့။ ဒီအာဖရိက မှာတော့ (" အခွဲစိပ်ခံလူနာရဲ့ သဘောတူညီချက် "စာမှာ ကျွန်တော်ရေး ဘူးပြီးပါပြီ၊ ကျွန်တော့မိတ်ဆွေကြီး Dr Tuppin ကလူနာကို အရှိအတိုင်း "မင်းရောဂါက ခွဲလည်းမထူး မခွဲလည်း မထူးဘူး" လို့သွားပြောမိ လို့ပြဿနာ အတော်တက်သွားတာ) လူတွေက မရှိတာထက် မသိတာခက် လို့ပြောရအောင်ကလည်း၊  သူတို့တွေက (မျက်လုံးလေး အ၀ိုင်းသားနဲ့) သိလည်းမသိ၊ ရှိလည်း မရှိ ခုသူတို့ဆေးရုံ လာတက်တာတွေ ခွဲစိပ်မှု ကုန်ကျစရိတ် စတာတွေအားလုံး ကိုအစိုးရကအကုန် ခံတာမို့ သူတို့အနေနဲ့ပူစရာမရှိ။ ဆရာဝန် တွေလုပ်ချင်ရာ လုပ်ပေါ့၊ သနားစရာ လဲကောင်းပါတယ်၊ သူတို့ရဲ့စိတ်ထဲမှာတော့ ခွဲလိုက်မယ် ဆိုရင်ကိုပဲ သူတို့ရောဂါအားလုံး ကောင်းသွားမယ် လို့ထင်နေတတ်ကြတာကိုး။

ကျွန်တော်တို့ Queen Elizabeth ဆေးရုံကြီး ဆိုတာက ဒီနိုင်ငံမှာ တစ်ခုတည်းသော အထူးကုဆေးရုံကြီး ဆိုတော့ တစ်နိင်ငံလုံး အတိုင်းအတာနဲ့ အနယ်နယ် အရပ်ရပ် ကနေလွှဲလိုက်တဲ့ လူနာတွေကလည်း ကုလို့ရတာတွေ ကောမရတာတွေပါ နေ့စဉ် ဘယ်နဲလိမ့်မလဲ။ ဒီအတွက် လူနာတွေအဖို့ များများ ကုန်စရာ မလိုပါ၊ ကြက်သား တစ်ပိဿာ ဘိုးလောက်နဲ့တင် တောမြို့လေးကနေ မြို့ပေါ်ကို သူနာတင်ကားနဲ့ အခန့်သား ရောက်လာနိုင်တာပါ။ (ဆေးရုံရောက်ပြီးရင် စားဝတ်နေရေး၊ ဆေးဘိုး၊ ကုသစရိတ်၊ ဘာမှ ထပ်ကုန်ဖို့ မရှိတော့) ကားတွေက နယ်ဆေးရုံ လေးတွေနဲ့ RSA ထိပါ၊ ပုံမှန်အဆက်သွယ် မပြတ်ရှိပါ တယ်၊ သိတဲ့ အတိုင်းပဲ ဒီနိုင်ငံက တောင်ပေါ်နိုင်ငံမို့ ကုန်းလမ်းဆက်သွယ်ရေးက အနှံ့မရောက်နိုင်ပါ၊ ဒီအတွက် လည်း ပူစရာမလိုပါ Lesotho Flying Doctor Service LFDS ခေါ် NGO အဖွဲ့ ပိုင်Sessna လေယဉ်ငယ် လေးတွေ နဲ့ဝေးလံခေါင်းပါး အရပ်တွေမှာရှိဆေးခန်းတွေဆီ ဆရာဝန်နဲ့ လူနာတွေ ကို ပုံမှန်ကြိုပို့ လုပ်ပေးတာ ရှိပါသေးတယ်။ (အမေရိကန်က ပိုင်းလော့တွေပါ) တတ်နိုင်သူတွေ အဖို့ သုံးကြပါတယ်၊ စရိတ်က ကြက်သား ၃-၄ ပိဿာ ဘိုးလောက်ကြီးတောင်ရှိတာမို့ (ကြက်သား ကဒီမှာ အပေါဆုံးဆိုပေမဲ့) လူတိုင်းတော့ မတတ်နိုင် ပါ။ တတ်နိုင်ရင်အလောင်းပါ ပြန်ပို့ပေးပါသေးတယ်။ ဒီလိုကျမ်းမာရေး စောင့်ရှောက်မှု ကောင်းနေတာက၊ နမီးဘီးယားလို၊ အစိုးရက ချမ်းသာလို့မဟုတ်ပါ။ လီဆိုသိုက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခု၊ ရေကလွဲရင် ဘာမှမထွက်ပါ၊ ချမ်းသာတဲ့နိုင်ငံ တွေရဲ့ NGO အကူညီတွေနဲ့ အလုပ်ဖြစ်နေတာပါ။ ဒီမှာ NGO အဖွဲ့ပေါင်း တစ်ဒါဇင်လောက်ရှိပါတယ်။ (မုဒိတာ ပွါးဖို့ပါ)

                              ကံမကောင်းသူ အကြောင်းမလှသူ တစ်ယောက်ရဲ့နောက်ဆုံးရွာအပြန်ခရီး
                             စာရှုသူများ၊ မခွဲစိပ်မီ မှန်ကန်တဲ့ ဆုံးဖြစ်ချက်ချနိုင်ပါစေလို့
 

စိုးမြင့်-မေ့ဆေး။
Consultant & Head Anaesthetist
Queen Elizabeth the 2nd Hospital.
ခေတ္တ- Maseru, Kingdom of Lesotho.
21 Jun 2010.

6 မှတ်ချက်:

ဟန်ကြည်

ဆရာရေ...ကျွန်တော်တို့ မြန်မာပြည်က လူနာတွေခမျာမှာတော့ ဆေးပညာဗဟုသုတ မကြွယ်ဝကြရှာတာမို့ ခွဲစိတ်ခံသင့်၊ မခံသင့်ဆိုတာကို ကိုယ်ပိုင်မဆုံးဖြတ်နိုင်ရှာကြတာ များပါတယ်။ ပြီးတော့ ခွဲစိတ်ဆရာဝန်ကိုလည်း ကြောက်ချစ်ရိုသေကြတာဖြစ်လို့ ဆရာဝန်ပြောသမျှ ခေါင်းညိတ်ကျတာများပါတယ်။ ဒါကြောင့် လူနာတွေကို ဆေးကုပေးရုံသာမက ကျန်းမာရေးပညာပေးတာတွေပါ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးကြဖို့တော့ လိုနေတာ သေချာနေပါပြီ . . .

စိုးမြင့် (မေ့ဆေး)

ဆရာဟန်ကြည်ရေ...
ကျွန်တော်တို့ ဆီမှာလိုနေတာတွေ ပြောရရင်တော့ အများကြီးပါ၊ ဘယ်ကနေ စရမှန်းတောင်မသိတော့ပါ၊ အနိမ့်ဆုံးပြောရရင် တော့လူနာတွေကို သက်သက်သာသာ၊ လူနာတင်ကားနဲ့ သက်ဆိုင်ရာဆေးရုံ ကိုရောက်နိုင်ရင် ကိုပဲကျေးဇူးကြီးလှပြီထင်ပါတယ်။ သူမှာဆီမှာ သေပြီးတဲ့ သူတောင်မှ လေယာဉ်ပျံစီးနိင်သေးတာပဲဟာ။
(လူမှု အဖွဲ့ စည်းတစ်ခုခုက စဉ်းစားဖို့ပါ)

Dr Phyo Wai Kyaw

သဘောကျတယ်ဆရာ။ ဘယ်ဟာ သဘောကျလဲဆိုတော့ ကိုယ့်အသက်ကို ဘယ်သူ့ဆီမှာမှ ပုံအပ်မထားဖို့။ ခင်မင်မှုကြောင့်လည်း မဟုတ်တာချည်း သဘောမတူသင့်ဘူးလို့ သဘောကျတယ်။ ဒါနဲ့.. အဲလိုလူမျိုး မြန်မာပြည်မှာ အဆဲခံရဖို့ မများဘူးလားဆရာ...။

စိုးမြင့်-မေ့ဆေး

(ဆရာ) အလှတရားရေ၊
ဟုတ်ပါတယ်၊ ဘယ်သူ့ကိုမှ မျက်စိမှိတ်ပြီး ပုံမအပ်သင့်
ပါဘူး၊ ဆရာဝန်ကြီးပဲ ဆိုပြီးပြောမဆိုရဲ ဖြစ်နေတာကိုက
ကျွန်တော်တို့လူမျိုးတွေရဲ့ ပျော့ညံ့မှု တစ်ခုပါ။

စိုးမြင့်-မေ့ဆေး

(ဆရာ) အလှတရားရေ၊
ဟုတ်ပါတယ်၊ ဘယ်သူ့ကိုမှ မျက်စိမှိတ်ပြီး ပုံမအပ်သင့်
ပါဘူး၊ ဆရာဝန်ကြီးပဲ ဆိုပြီးပြောမဆိုရဲ ဖြစ်နေတာကိုက
ကျွန်တော်တို့လူမျိုးတွေရဲ့ ပျော့ညံ့မှု တစ်ခုပါ။

ဆောင်း

ဆရာ ကျမလည်း ဒီလို ဖြစ်ခဲ့တယ် နောက်ပိုင်း ချိုင်ရိုပရက်တာ ခါးရိုးအထူးကု နဲ့ပြမှ သက်သာတယ်။ ဒါပေမဲ့ မကြာခန ပြန်ဖြစ်တယ်။ ခါးဆွဲ့ ဆန့် တာမျိုးလေ့ကျင့်ခန်းလုပ်မှ သက်သာတယ်။ တရုတ်ဆေးဆရာ နဲ့ မပြဖို့ လိုပါတယ်။ ကျမတုန်းက မသိလို့  လိုက်ပြရတာ နစ်အတော်ကြာ ခံရတယ်။ အင်္ဂလန်က ချိုင်ရိုပရက်တာ က အရမ်းတော်တာဘဲ နောက်မှ လိပ်စာ ပြန်ရှာပြီး ရေးပေးပါအုန်းမယ်

Soe Myint (Anaesthesia)  ©2009

Back to TOP