Friday, July 9, 2010

" ခွဲစိပ်ခံသင့် မခံသင့် (၂) "

                                              " ခွဲစိပ်ခံသင့်မခံသင့် (၂) "

                                  နယ်လှည့် မျက်စိခွဲစိပ် အဖွဲ့နဲ့အတူ ဝေးလံခေါင်းပါးအရပ်တစ်ခုမှာ၊

ပြီးခဲ့တဲ့ အခေါက်က ကျွန်တော်က " ခွဲစိပ်ခံသင့် မခံသင့် " ဆိုတဲ့ စာစုလေးကို ရေးပြီးတဲ့ နောက်မှာ ကျွန်တော့ စာရှုသူများက ကျွန်တော့ကို မေးခွန်းတွေ တရစပ် မေးလာလို့ (အချို့လည်းထိပ်လန့် တကြားပေါ့) ပိုမိုရှင်းလင်း သဘောပေါက် အောင်လို့ခုစာ ကိုဆက်ရေးဖြစ်တာပါ။ အဓိကကတော့ မျက်စိ အတွင်းတိမ် cataract အကြောင်းပါ။ ကျွန်တော် ကလည်း တန်းလန်းကြီး ထားခဲ့တာကိုး။ အမှန်တော့ တိမ်ဆိုတာက ခွဲကိုခွဲ ရမည့်ရောဂါပါ မခွဲပဲပျောက်မယ် ဆိုတာက ရမ်းကုတွေ အပြောပဲဖြစ်ပါလိမ့်မယ်။ ၄င်းစာရေးသူ ဆိုလို တာက တိမ်ကိုမှဲ့မှခွဲဖို့ပါ၊ မှဲ့တယ် ဆိုတာက မိမိရဲ့နေစဉ်လုပ်နေကျ အလုပ်တွေ ဆက်မလုပ်နိုင် လောက်အောင် အမြင်ဆိုးဝါး လာတာကို ဆိုလိုတာပါ။ ဒီနိုင်ငံမှာက ဆန္ဒတွေစောပြီး မမှဲ့မီသွားခွဲကြတာများလို့ သူကဒါကို သတိပေး ထားတာပါ။ မြင်နေသေးတဲ့မျက်လုံးကို သွားခွဲတော့ တချက်လေးတိမ်းစောင်းသွား ရုံနဲ့ ရင်းစားပြန် မရနိုင်တော့ဘူး မဟုတ်ပါလား။
အမှန်တော့ ခွဲစပ်ခံသင့် မခံသင့် ဆိုတဲ့ဆုံးဖြတ်ချက် ကို မေ့ဆေးနဲ့ ခွဲစိပ် ဆရာဝန်တွေ ပေါ်မှာချည်း သက်သက် ပုံချလို့ မသင့်ဘူး ထင်ပါတယ်။ ကျွန်တော်ခုလို ပြောလိုက်တော့ကျွန်တော်/ ကျွန်မ တို့ကဆေးပညာ ကိုဘာသိတာမို့ လဲ၊ ဒါကဆရာဝန် တွေရဲ့သဘော လို့ပြန် စောဒက တက်နိုင်ပါတယ်၊ အပြည့်ဝတော့မမှန် ဘူးထင်ပါတယ်။ ဆရာဝန်ဆိုတာ ကသူလုပ်စရာ ရှိတာ သူလုပ်မယ်ပြောမှာပဲ။ ခွဲစရာရှိခွဲမယ်၊ ဖြတ်စရာရှိ၊ ဖြတ်မယ်၊ ပါးပါးလှီးစရာရှိ လှီးမယ်၊ ( တလွဲမထင်ပါနဲ့၊ အရေပြားအစားထိုးမှု တွက် အရေပြားကို ဒါးပါးပါး လေးနဲ့လှီးတာပါ) ပြောမှာပဲ။ လူနာရှင်တာ မရှင်တာ၊ ရှင်ရင်လည်း ဘယ်လောက် ကြာကြာ နေရမှာ၊ လူနာရဲ့ နောက်ခံ ငွေကြေးအခြေနေစတာတွေ ကိုမစဉ်းစားတော့၊ ဒါအတွက်သူတို့ကိုလည်း အပြစ်တင်လို့မရပါ၊ တော်ကြာ "ခွဲစရာရှိတာမခွဲပဲ ပစ်ထားလို့ ရေတိမ်နစ်ရပါတယ်" ဆိုတာမျိုး ဖြစ်ဦးမှာ။

ကျွန်တော်တို့ မေ့ဆေးအပိုင်း ကလည်း သူတို့ခွဲချင်တိုင်း မေ့ဆေးပေးရဖို့ မဟုတ်ပါ။ လူနာအခြေနေ မကောင်းလို့၊ "မေ့ဆေးပေးရန်မသင့်" ဆိုပြီး အကြောင်းပြချက်နဲ့၊ "ငြင်းနိုင်၊" ခွဲစိပ်မှုကို"ရွှေ့ဆိုင်း"နိုင် ပါတယ်။ ဒါကလဲ အရေးပေါ်မဟုတ်တဲ့ ခွဲစိပ်မှုတွေမှာသာ လုပ်လေ့ရှိတာပါ၊ အရေးပေါ် အသက်လုရမဲ့ အခြေနေမျိုးမှာတော့ "ဒါးခုတ်ရာလက်ဝင်မလျှို" တော့တာများ ပါတယ်၊ တော်ကြာ "ခွဲချင်ပါရဲ့နဲ့ မေ့ဆေးဆရာက မပေးလို့ ဆိုတာမျိုး" နာမည်ကြီး မှာသေချာတာမို့၊ မရမှန်းသိသိနဲ့ ရလိုရငြား ခွဲကြရတာပါ။ တစ်ခါတစ်ခါ တော့လည်း သိပ်သေချာ နေတဲ့လူနာဆို လူနာရှင်ကိုအကျိုး ကြောင်းရှင်းပြလို့ သူတို့ဘက်က နောက် ဆုတ်သွားတော့ လည်း ကိစ္စတစ်ခုပြတ်သွားတာပေါ့။

ဒီတော့ကာ၊ ခွဲစိပ်ခံသင့် မခံသင့် ဆိုရာမှာ၊ ခွဲစိပ်၊ မေ့ဆေး ဆရာဝန်တွေအပြင် လူနာ/လူနာရှင် ၃ဦး ၃ဖလှယ်၊ ပတ်သက်နေပါတယ်။ ဒီနေရာမှာ ငွေရေးကြေးကိစ္စ ကလဲ မပါလို့မဖြစ်
ဘူးထင်ပါတယ်။ ကျွန်တော် ကိုယ်တွေ့  အဖြစ်လေးတစ်ခု ရှိပါသေးတယ်။ ကြာတော့ကြာပါပြီ ကျွန်တော့ရဲ့ ငယ်သူငယ်ချင်း တစ်ယောက် နဲ့ပတ်သက်လို့ပါ၊ တစ်နေ့ သူကသူ့ကြီးတော်
ရဲ့ အဆုပ်ဓါတ်မှန်ကြီး ကိုင်ပြီး ပေါက်ချလာပါတယ်၊ ကြည့်လိုက်တော့ အဆုပ်ထဲမှာ အသားလုံးကြီး၊ အဲဒါခွဲရမယ် လို့သူ့ဆရာဝန် ကပြောလို့ လာတိုင်ပင်တာပါ။ ကျွန်တော်လည်း လက်
လှမ်းမှီသရွေ့ လေ့လာစုံစမ်း ကြည့်မိတော့၊ သူပြောသလို ခွဲပါပြီတဲ့၊ အောင်မြင်သွားတောင်မှ အလွန်ဆုံးနေရလှ ၂ နှစ် ၃နှစ်၊ ခွဲတာရယ် ဓါတ်ကင်တာရယ်၊ ကုန်ကျစရိတ်က အဲဒီတုန်းက
တင် ၁၀သိန်းလောက်ကျမှာ။ သူ့ကြီးဒေါ်က အသက် ၇၀ကျော်နေပါပြီ၊ သူငယ်ချင်း မိဘတွေက အစိုးရ၀န်ထမ်း ဆိုတော့၊ ကျွန်တော် အကြံပေးလိုက်တာက အိမ်မှာပဲအေးအေးထား ပြုစု၊
စားချင်တာစားပါစေလို့။ ကျွန်တော့စကား သူတို့နားထောင် ပြီး သူ့ကြီးတော်က ၃နှစ်လောက် အေးအေးဆေးဆေး အသက်ရှည် သွားခဲ့ပါတယ်။ ဒီအဖြစ်ကိုကျွန်တော် မေ့ပင်နေပါပြီ။
သူငယ်ချင်းပြန်ပြောပြ လို့သာသတိရမိတာပါ။

ဒီနိုင်ငံမှာတော့ ကျွန်တော်တို့ဆီ မှာနဲ့မတူတာက ခွဲမဲ့သူက ခွဲမယ်ဆို ခံမဲ့လူနာတွေ ကလည်း မငြင်းရေးချမငြင်းပါပဲ။ ကျွန်တော် မမေ့နိုင်တဲ့ဖြစ်ရပ် (ကြီး) တစ်ခုရှိခဲ့ဘူးပါတယ်။ ယမန် နှစ်ကတင်ပါ၊ အဲဒီနေ့က နောက်ရက်မှာ ခွဲမဲ့လူနာတွေကို ၀ဒ်ထဲမှာ ကြိုစမ်းသပ်ဖို့ သွားတော့ တမူထူးခြားတဲ့ လူနာတစ်ယောက်ကိုတွေ့ရ တာပါ။ ထူးဆို အဲဒီလူနာ အမျိုးသမီးကြီး ကုတင် ဘေးမှာ နာ့(စ်)တွေ ၀ိုင်းဝိုင်းလည်ပြုစုနေကြလို့ပါ။ လူနာက အသက် ၈၄ နှစ်လောက်ရှိတဲ့ အငြိမ်းစား သူနာပြုချုပ်ကြီးမို့ ခုလိုဝိုင်းဝိုင်းလည် နေတာမဆန်းပါဘူး။ သူ့ရောဂါကတော့ဝမ်းပိုက်ထဲက အလုံးတစ်လုံးတွေ့လို့၊ ခွဲထုတ်ပစ်ဖို့ပါ၊ ဆေးပညာ အရတော့ မိမိရဲ့ကိုယ်ပေါ်မှာဘာ အဖုအကြိတ် မှမထားသင့် ဘူးဆိုတာမှန်ပါတယ်။ တစ်ချိန်ချိန်မှာ ကင်ဆာဖြစ်မလာနိုင်ဘူး လို့မပြောနိုင်လို့ပါ၊ (ဒါဆိုဆက်လုပ်ပေါ့) ဒါပေမဲ့ ဒီလူနာပေါ်မှာကျွန်တော် နဲနဲဘ၀င်မကျတာက အဓိကအားဖြင့် သူ့အသက်ရွယ်ပါ။ ကင်ဆာဆိုတာက နေ့ချင်းညချင်း ကောက်ခါငင်ခါ ထဖြစ်တတ်တာ မျိုးလည်း မဟုတ်သမို့၊ ဒီဆရာမကြီး ကလဲမသိတာ လည်းမဟုတ်ပဲနဲ့ ဘာကြောင့်များ ခွဲချင်နေတာပါလိမ့် လို့ပါ။ သူ့ကိုယ်သူများ အသက် ရာကျော်နေနိုင်မယ် ထင်နေ လားမသိ။ ဒါနဲ့ လူနာနဲ့ စကားပြောကြပြီးတဲ့ နောက်မှာ ကျွန်တော်
လဲ ပွင့်ပွင့်လင်းလင်း ပဲဖွင့်မေးမိပါတယ်။ (မခွဲဖို့ပြောတာတော့ မဟုတ်ပါ၊ တော်ကြာ ဆေးရိုးသည်က ကန့်လန့် လို့အထင်ခံနေရဦးမှာ) သူကတော့အေးအေးပါပဲ။ သူ့တွက်ဘာမှ မပူပါနဲ့၊ သူကဒေါင်ဒေါင် မြည်အောင် ကျန်းမာ ပါတယ်တဲ့၊ ကျွန်တော့ကို ပြန်တောင်အားပေးလိုက်ပါသေးတယ်၊ ခုလိုပြောနိုင် အောင်လည်းသူ့ ဆေးစစ်ချက်တွေ၊ X-ray, ECG တွေမှာကပြဿနာမရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ သူ့အသက်ကိုတော့ သူမေ့နေပုံရပါတယ်၊ ၈၀ ကျော်ဆိုကတဲက လူငယ်တွေထက် ၅ဆ ၆ဆ ပိုလို့ မေ့ဆေး အန္တရယ် ရှိနေပါပြီ။ နောက်တစ်ချက်ကလည်း ကျွန်တော်တို့ ဆေးလောကမှာ အစွဲလမ်း တစ်ခုရှိတာက ဆရာဝန်၊ ဆရာမအမျိုးတွေ ဆိုသာမန်လူတွေထက် နဲနဲလေးတော့ ပြဿနာပိုတတ် တာမျိုးပါ။

ဒါနဲ့ နောက်နေ့မှာ ဆရာမကြီးခွဲခန်း ၀င်ပါတယ်၊ သူက Matron (မေထရွန်) ဟောင်းကြီး မဟုတ်
လား၊ ဒီဆေးရုံမှာ ရှိရှိသမျှ နာ့(စ) တွေ ၁၀ ယောက်မှာ ၇ယောက်လောက် ကသူ့တပည့်ဖြစ်ခဲ့သူ
ချည်းမို့ အဲဒီနေ့က ခွဲခန်းမှာလူ အတော်စည်ပါတယ်။ မေ့ဆေးကို ကျွန်တော်ပဲ ကိုင်ရတာပါ၊ အားလုံးချောချော မောမောပါပဲ၊ သူကလည်း ကျန်းမာသူမို့ ဘာအထစ် အငေါ့မှမရှိခဲ့ပါ။ ၀ဒ်ထဲပြန်
ရောက်တော့လည်း ဘေးမှာပြုစုမည့်လူတွေ အလျှံပယ်မို့၊ ဘာမှလိုလေသေးမရှိပါ။ အဲ၊  ခွဲစိပ်ပြီး ဒုတိယမြောက် နေ့မှာတော့ လူနာရုတ်တရက် ဆုံးသွားလို့ အားလုံးက တအံ့တသြ ဖြစ်ကုန်ကြပါတယ်၊ သူနေကောင်းနေလို့ အပေါ့အပါး ပင်ထသွား နေရာကနေ ခုလိုဖြစ်သွားတာမို့ ပိုလို့ပင်အံ့စရာပါ၊ သူဘာကြောင့် ဆုံးသွားလဲဆိုတာ အကြောင်းပေါင်း များစွာထဲက တစ်ခုခု ကြောင့်ပါ၊ဒါကို ဒီနေ ရာမှာ မဆွေးနွေးလိုပါ၊ ဒါပေမဲ့ သေချာတာတစ်ခုက သူသာအခွဲမခံခဲ့လျှင် ခုလိုချက်ချင်း မသေနိုင် သေးတာ တော့သေချာ ပါတယ်။ ဘယ်တော့ဖြစ်လာမယ် မှန်းမသိသေးတဲ့ ကင်ဆာရောဂါတွက်ဒီအသက်ရွယ် မှာတော့ မခွဲသင့်ဘူးထင်ပါတယ်။ ဒီနေရာမှာ ရလာမဲ့ အကျိုးမြတ် နဲ့ကိုယ်ရင်းရမဲ့အသက်ကို ချိန်ဆ သင့်မယ်ထင်ပါတယ်။ ဒါလည်းမခွဲသင့်တဲ့ လူနာတစ်ယောက် မဟုတ်ပါလား။
                     စာရှုသူများ မှန်ကန်တဲ့ ဆုံးဖြတ်ချနိုင်ပါစေလို့ပဲ ထပ်ဆိုပရစေ။

(မှတ်ချက်။  ဆေးပညာ အရ ကျွန်တော်တို့ အသက် ၄၀ကျော် ပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ ကျောက်ကပ်၊
နှလုံး၊ အသဲ စတဲ့ အသက် ရှင်သန်ရေးတွက် အရေးပါတဲ့ အင်္ဂါတွေရဲ့ လူပ်ဆောင် ချက်တွေက တစ်နှစ်ကို ၁% နှုံးနဲ့ကျ လာနေပါပြီ၊ ဒါက ဘာရောဂါမှ မရှိပဲနဲ့ ဇရာသဘော သက်သက် ကြောင့်ပါ။ ဆိုတော့ကာ အသက် ၈၀ကျော်နေတဲ့ သူ့အတွက် ဒီအင်္ဂါတွေက စွမ်းဆောင်နိုင်အား တ၀က် ကျော်လောက်ပဲ ကျန်ပါတော့ပါတယ်၊ ဒါတောင် ဆေးလိပ်၊ အရက် မသောက်၊ ဘီပိုး၊ စီပိုး၊ TB ပိုး တို့ မရှိမှပါ၊ အိုခြင်းဆင်းရဲပေါ့၊ ဘာသာရေး အရလည်းဆင်ခြင်နိုင်အောင်လို့ပါ၊ ပုဂံရာဇ၀င်ထဲက အလောင်းစည်သူ မင်းကြီးလို "ငါမအိုသေး" လို့ဘယ်တော့မှ မကြုံးဝါး ပါလေနဲ့)

စိုးမြင့်-မေ့ဆေး
9 July 2010
ခေတ္တ- Maseru, Kingdom of Lesotho.

3 မှတ်ချက်:

Moe Tain Nyo

ဆရာကြီး စာတွေ သဘောကျတယ်ဗျ။ ကျွန်တော် လုပ်ချင်ခဲ့ တာလည်း ဆရာကြီးလို ပုံစံမျိုးဗျ။ အခုတော့ မြို့ပြကြီးမှာ ပဲ ကျင်လည်နေရတယ် ဆရာကြီးရေ။ အတွေ့ အကြုံလေးတွေ မျှဝေတဲ့ အတွက်တော့ ကျေးဇူး အထူးပါပဲ ခင်ဗျာ။

Khin Thandar

ဆ၇ာအ၇မ်းကောင်းသောပညာပေးဆောင်းပါးကိုမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါသည်။

Joe Edinburgh

Matron ဘာကြောင့်သေတယ်ဆိုသာတော့ရေးပြသင့်ပါတယ်
ဒါမှလဲ story က transparent ဖြစ်ပြီး
စာဖတ်သူအတွက်
မှန်ကန်ဆုံးဖြတ်နိုင်မှာပေါ့

Soe Myint (Anaesthesia)  ©2009

Back to TOP