Sunday, July 25, 2010

" မေ့ဆေးပေးသင့် မပေးသင့် "

                             " မေ့ဆေးပေးသင့် မပေးသင့် "

                                                  ဘာဆိုသို သားအမိပုံ
ကြာတော့ ကြာသွားပါပြီ ကျွန်တော်တို့ ကျောင်းသားအရွယ် ပဲရှိပါသေးတယ်၊ နာမည်ကျော် လစဉ်ထုတ်မဂ္ဂဇင်း တစ်စောင်မှာပါတဲ့ ခွဲစိပ်ခန်း နောက်ခံဇာတ်လမ်းလေး တစ်ပုဒ်
ကဇာတ်ဝင်ခန်းလေး တစ်ခုပါ၊ စာရေးသူက နိုင်ငံကျော် စာရေး ဆရာမကြီး တစ်ယောက်ပါ။ ဒီဇာတ်လမ်းလေးမှာ အဓိက ဇာတ်ဆောင် အိုဂျီ ဆရာဝန်မကြီးက လူနာကို ခွဲစိပ်ဖို့
အဆင်သင့်ဖြစ်ပြီး တဲ့အခါမှာ မေ့ဆေးဆရာဝန် ကိုမေ့ဆေးပေးဖို့ အမိန့်ပေး လိုက်ပါတယ်တဲ့။ သူ့အမိန့်ကျမှ မေ့ဆေး ဆရာဝန်က သူ့အလုပ်စပါတယ်တဲ့။
သူ့ဇာတ်လမ်းက မသိနားမလည် သူတွေအဖို့တော့ အသေးအဖွဲ ကိစ္စလေးတစ်ခုပါ။ ဒါပေမဲ့  နားလည်သူတွေ အဖို့တော့ ဟာသကြီးလိုဖြစ်နေတာမို့ ကျွန်တော် ရေးပြလိုတာပါ။ဖြစ်ရပ်မှန် နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလို့ပါ။ အမှန်မှာ မေ့ဆေးဆရာဝန်က လူနာကိုစ ကိုင်ရတာပါ။ သူကလူနာကို မေ့ဆေးစ ပေးရတာပါ၊ သူကမေ့ဆေးပေးပြီးလို့ သူနာအခြေ တကျမေ့ သွားပြီးနောက် (ဓါးတင်နိုင်ပြီ) လို့ဆိုမှသာ၊ ခွဲစိပ်ဆရာဝန်က သူနာခွဲခွင့်ရှိတာပါ။ ဒါက ခွဲခန်း အစဉ်လာပါ၊ ယဉ်ကျေးမှုပါ။ ခွဲစိပ်ဆရာဝန်က ဘယ်လောက် ၀ါကြီးကြီး ဒီအစဉ်လာကိုကျော်လို့မရပါ။ ဒါကလည်းအကြောင်းရှိပါတယ်။ လူဆိုတာကသူ့ လိုအပ်တဲ့အဆင့်ထိ မေ့သွားမှသာ အခွဲခံနိုင်သာပါ။ မမေ့တမေ့ အချိန်မှာသွားခွဲမိလို့
ကတော့၊ မလိုအပ်တဲ့ အာရုံကြော တုံ့ပြန်မှု နဲ့နှလုံးခုန် ရပ်သွားတဲ့ထိ ဖြစ်သွား နိုင်ပါတယ်။ ဖြစ်သွားတဲ့ သာဓက တွေလဲရှိဘူးပါတယ်။

ကျွန်တော့်ရဲ့ ဆရာမကြီး ဘယ်လိုလုပ်ပြီး အကြားအမြင်လွဲချော်သွားတယ်မသိပါ။ မေ့ဆေးနဲ့ ခွဲစိပ် ဆိုတာက ဦးတည်ချက်အနေနဲ့ လူနာတစ်ဦးထဲပေါ် လုပ်နေကြတာဆိုပေမဲ့ သီးခြား တာဝန်ကိုယ်စီနဲ့ပါ။ အထက်က ဆရာမကြီးရေးသလို ခွဲစိပ်ဆရာက သူလုပ်ချင်ရာကိုအမိန့်ပေး၊ မေ့ဆေးက အမိန့်နာခံ ပြီးလုပ်ပေးရတာမျိုး မဟုတ်သမို့ အမြင်မတူနိုင်တာတွေ လည်းရှိကြပါတယ်။ ဒါကြောင့်မို့လည်း ခွဲစိပ်နဲ့မေ့ဆေး ဆိုတာက အစဉ်လာအားဖြင့် ကြောင်နဲ့ကြွက်လို ကမ္ဘာရန်၊ လျှာနဲ့သွားလို အချစ်စမ်း ကြတာ၊ တစ်ခါတစ်လေ လည်းဘော်လီ ဘောပုတ်တမ်းကစား ကြတာ အများကြီးရှိပါတယ်။ ပုထုဇဉ်တွေရဲ့ သဘာဝပေါ့။

စကားပြန်ဆက်ရရင်တော့ လူနာတစ်ယောက်ကို မေ့ဆေးပေးသင့်လား၊ ငြင်းသင့်လား၊ ဒါမှမဟုတ် ခွဲစိပ်မှုကို အချိန်ရွှေ့ဆိုင်းသင့်သလား၊ ဆိုတာတွေက မေ့ဆေးဆရာရဲ့အဆုံးအဖြတ် ပညာတွေပါ။ ကုန်ကုန်ပြောရရင်တော့ မေ့ဆေးဆိုတာ လူနာကိုခေတ္တ မေ့ခိုင်းလိုက်တာထက် မကပါဘူး၊ တကယ်တော့ ခဏသေခိုင်းလိုက်တာပါ၊  အကြီးစားခွဲစိပ်မှု တွေမှာဆို အသက်ရှူတာပါ ရပ်ခိုင်းလိုက်တာပါ။ ( လူနာက သူများနှာခေါင်းပေါက်နဲ့ အသက်ရှူရတာပါ ) ပြီးမှဖြေဆေးထိုးပြီး လူနာကိုပြန်နှိုး ရတာပါ။ ဒါကြောင့်
မေ့ဆေးက ပြန်လာတယ်ဆိုတာ သေရွာပြန် တွေပါပဲ၊ ဒီတော့ကာ လူနာကိုမေ့ဆေးပေးသင့် မပေးသင့် ဆိုတာက သေရေးရှင်ရေး ဆုံးဖြတ်ချက်တစ်ခုပါ။ ဒါတွေကို မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်ဖို့ တွက် ကျွန်တော် တို့ တတ်အပ်တဲ့ပညာတွေထဲမှာ ရောဂါဗေဒက အရေးပါပါတယ်၊ (ဒါတွေကို အစအဆုံး ပြောရရင်တော့ ဆေးစာအုပ် တစ်အုပ်စာဖြစ်သွားပါလိမ့်မယ်) အကျဉ်းပြောရရင် မေ့ဆေးဆရာဝန် တစ်ယောက်အနေနဲ့ အနဲဆုံးတော့ နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ အသဲ၊ကျောက်ကပ်၊ သွေးတိုး၊ ဆီးချိုရောဂါ လောက် တော့ရောဂါရှာတတ်၊ အတိုင်းတာတစ်ခုလောက်ထိ ကုသတတ်ဖို့ လိုပါတယ်၊ မေ့ဆေးပေးရုံ သက်သက် သာတတ်တယ်ဆိုရင်တော့ ဂျိမ်းဘွန်းလို လိုင်စင်ရ လူသတ်သမားပဲ ဖြစ်ဖို့ရှိ တော့မှာပါ။

ဒီနေရာမှာ အရေးပေါ် ခွဲစိပ်မှု မဟုတ်လျှင် သွေးပေါင်တက်နေလို့၊ ရင်ကြပ်နေလို့၊ ဆီးချိုတက်နေလို့၊ ဆိုလျှင် မေ့ဆေးပေးဖို့ ငြင်းနိုင်ပါတယ်။ ဆုံးဖြတ်ရ အလွယ်လေးပါ၊ ဒါပေမဲ့၊
အရေးပေါ်လူနာမို့ ချက်ချင်းခွဲရ မယ်ဆိုရင်တော့ ပညာသားပါပါတယ်။ ဥပမာ အူအတက်ပေါက် နေတဲ့လူနာတစ်ယောက် ဆိုပါစို့၊ သိတဲ့အတိုင်းပဲ၊ ချက်ချင်းခွဲရဖို့ပါ၊ ဒါပေမဲ့ အဲဒီ
လူမှာပဲ တပြိုင်ထဲမှာပဲ နှလုံးရောဂါထ နေလျှင်၊ ခွဲစိပ်ဆရာ အကြိုက် မေ့ဆေး သွားပေးမလား။ မပေးသင့်ပါ၊ ခွဲစိပ်ကုတင်ပေါ်တင် အသက်ပျောက်သွားဖို့ များပါတယ်။ မပေးနိုင်ဘူး
လို့ အပြတ်ငြင်း လို့လည်းမဖြစ်နိုင်ပါ။ အူအတက်ပေါက်တာ ကချက်ချင်းမသေနိုင်သေးပါဘူး၊ ဒီတော့ကျွန်တော်တို့ လုပ်သင့်တာက ခွဲစိပ်မှုကို ၄-၅-၆ နာရီလောက်နောက် ရွှေ့ခိုင်းပြီး
နှလုံးရောဂါ အခြေနေကို (မပျောက်နိုင်တောင်) သက်သာအောင် အရင်ကုသ ပေးရဖို့ပါ၊ ဒါမှသာ မေ့ဆေး အန္တရာယ် သက်သာမှာပါ။ ဒီအချိန်ပိုင်းလေးက လူနာတွက် သေရေးရှင်
ရေးပါ၊( ၆နာရီလောက် နောက်ကျ မှခွဲလို့လဲ လူနာသေ လောက်အောင် ဆိုးမသွားနိုင် သေးပါ) ဒီနှစ်ခုချိန်ဆတတ်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ ခွဲစိပ်နဲ့ မေ့ဆေးဆိုတာက ဟန်ချက်ညီဖို့ နားလည်မှုရှိဖို့ လိုပါတယ်။ ခွဲစိပ်သူက ဆရာကြီးလုပ်ပြီး ထောင်လွှားနေမယ်၊ မေ့ဆေးက ခပ်ငယ်ငယ် မပြောရဲ မဆိုရဲ
နဲ့ဆို ကြားက လူနာက မြေဇာပင် ဖြစ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ ဘွဲ့လွန်တက်တုန်းက ကွယ်လွန်သွားရှာ ပြီဖြစ်တဲ့ ပါမောက္ခ ဆရာဦးဝင်းမောင် ပြောလေ့ရှိတဲ့စကား တစ်ခုမှတ်မိ နေပါသေးတယ်၊ ခွဲခန်းမှာ မေ့ဆေးဆရာဝန် ဆိုတာကနောက်ဆုံး အဆုံးအဖြတ် ပေးရမဲ့လူပါတဲ့။ လူနာရဲ့အသက်က မင်းတို့ရဲ့လက်ထဲမှာရှိတာမို့၊ ကိုယ့်ဆုံးဖြတ်ချက် ကိုချရာမှာ အားနာလို့၊ ကြောက်လို့၊ ခင်မင်လို့၊ မသိလို့၊ ဆိုပြီး ဇဝေဇ၀ါမဖြစ်စေဖို့ သတိထားပါတဲ့၊ (ပြောရရင်တော့ ရှောင်သင့်တဲ့ ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ ဆိုတဲ့ အဂတိ တရားလေး ပါးပေါ့) ဒီလိုမမှားဖို့ ရာမှာမိမိရဲ့ ခွဲခန်းပတ်ဝန်းကျဉ် ကိုမိမိထိန်းနိုင်
ဖို့ ပြတ်သားဖို့ အရေးကြီးပါတယ်တဲ့၊ မလွဲသာလို့ ကိုယ်ကငြင်းရတယ် ဆိုရင်တောင် ဆက်ဆံရေးမှာ ဒီပလိုမေစီ Diplomacy (ပြေပြစ်ဖို့) ရှိဖိှို့လိုတဲ့ အကြောင်းတွေပါ။ (တန်ဘိုးရှိတဲ့ ဒဿန
တွေမို့ နောင်မေ့ဆေး ညီငယ် ညီမငယ် တွေ မှတ်သားစေချင်လို့ပါ)

စာရှုသူတွေပိုမြင်သာ အောင်လို့ မကြာမီက ဒီမှာကျွန်တော်ကြုံတွေ့ ခဲ့ရတဲ့အဖြစ်လေးကို ရေးပြချင် ပါသေးတယ်။   အဲဒီညက ကျွန်တော့တပည့်က ခွဲခန်းမှာအကူညီတောင်းလို့သွားရတာပါ။
လူနာက ကိုယ်ဝန်အဆိပ်တက်နေပြီး မမွေးနိုင်လို့ အရေးပေါ် ခွဲမွေးရမှာပါ။ တောင်ပေါ်ဆေးရုံလေးတစ်ခုက လွှဲလိုက်တာ အချိန်နှောင်းမှ ရောက်လာတာမို့ အခြေနေ လုံးဝ မကောင်းပါ။ သတိ ပင်ကောင်းကောင်း မရချင်၊ အဆုပ်ကလည်း အအေးမိပြီး နမိုးနီးယား ၀င်ချင်နေပါပြီ။ ဗိုက်ထဲက ကလေးကတော့ နှလုံးခုန်နေပါသေးတယ်။ ဒီလိုကိုယ်ဝန် အဆိပ်တက်နေတဲ့ လူနာမျိုးက
အမေ့အသက်ကယ် ဖို့ရာ တစ်ခုတည်းသော ရွေးချယ်စရာက ကလေးကို အမြန်ဆုံး ထုတ်ပစ် လိုက်ဖို့ပါ၊ ဒါပေမဲ့ ခုလူနာက မေ့ဆေးဒဏ် ဘယ်လိုမှ ခံနိုင်စရာမရှိ။ သူမကိုခွဲမည့် ဆရာဝန်က
ခုမှ ကျောင်းဆင်းကါစ (ဘင်္ဂလားဒေ့ခ်ျ လူမျိုး) မေးကြည့်တော့ သူကခုမှ ညဂျူတီဝင်လာတာ၊ သူ့ဘော့စ်ကလွှတ်လိုက်လို့သာ လာရတာ၊ ခွဲဖို့ကလွဲရင် လူနာအကြောင်း သူဘာမှမသိတဲ့၊
(ကောင်းရောပဲ) တကယ်တော့ သူ့ဆရာ (နိုင်ဂျီးရီးယားသား) က မျက်နှာလွှဲခဲပစ် လုပ်လိုက်တာပါ။ ဒီတော့ မင်းနဲ့ငါမလုပ်နိုင်၊ မေ့ဆေးမပေးနိုင်၊ မင်းဆရာကို ခေါ်ချေ၊ ဆိုတော့၊ သူ့ဆရာ
က ဖုန်းနဲ့ပဲပြန်ဖြေတာက၊ ကျွန်တော်မှမေ့ဆေးမပေး နိုင်ဘူး ဆိုလျှင်လူနာကိုဝဒ်ထဲ သာပြန်ပို့လိုက် တော့တဲ့။ ဒါက ကျွန်တော့ကို အချွန်နဲ့သက်သက် မ၊ တာပါ။ (နိုင်ဂျီးရီးယား လူမျိုးဆိုတာ
က ကမ္ဘာကျော် လူလည်တွေပါ) မခွဲပဲထားလျှင် လူနာရောကလေးပါ ဆုံးမှာ အားလုံးအသိပါ။ (ဒါဆိုကျွန်တော့တာဝန်ပေါ၊့ သူဘော်လီဘော ပုတ်လိုက်တာပါ)မေ့ဆေးတင် လိုက်ပြန်ရင်လဲလူနာရှင်ဖို့ အလားလာ ၁၀ပုံ ၁ပုံပင် မရှိ၊ မအေသေလျှင် ကလေးပါ ရှင်စရာလမ်းမရှိ။ ဘာလုပ်ရမလဲ? အတွေ့အကြုံအရ ကိုယ်ကလည်း ကိုင်တွယ် တတ်ပါတယ်၊
သူ့ကိုထုံဆေး နဲ့ လာခွဲပါဆိုတော့၊ (ထုံဆေးက အသက်နဲ့အဝေးကြီးပါ) မလာချင့်လာချင်နဲ့ သူကိုယ်တိုင်ရောက်လာရ တော့တာပေါ့။ ပထမတော့ သူစောဒက တက်ချင်သေးတယ် ထုံဆေးက လူနာငြိမ်မှာမဟုတ်လို့၊ ဘာလို့ပေါ့။ ကျွန်တော်ကလည်းပြော တတ်ပါတယ်၊ မေ့နေပြီးသား လူနာကို မေ့ဆေးထပ်ပေးဖို့ လိုသေးလား လို့၊ သူ့အသက်အတွက်ပဲ နဲနဲပါးပါးတော့ အနာခံသင့် ရင်ခံရမှာပေါ့လို့၊ နောက်ပြီး၊ ကျွန်တော်က ထုံဆေးနဲ့ လုပ်ခိုင်းတာပါ၊ အစိမ်းသက်သက် ခွဲခိုင်းတာ လည်းမဟုတ်။ နောက်ဆုံးတော့ ကျွန်တော့ကို သူမလွန်နိုင်ပါ။ ထုံဆေးနဲ့ပဲ နဲနဲပါးပါးဘေးက၀ိုင်း ချုပ်ကိုင်ပြီးခွဲလိုက်တာ အမေကော ကလေးပါအသက်ရှင်သွားပါတယ်။
ဒီနိုင်ငံမှာ Dr စိုးက သူတို့ခွဲချင်တဲ့ လူတွေကိုတော့ အကြောင်း အမျိုးမျိုးပြ ပယ်ပယ်ချပြီး မခွဲချင်တဲ့ လူနာတွေကျတော့ အတင်းခွဲခိုင်းတယ်၊ ဆိုတဲ့၊ ကျွန်တော့ပေါ် ပြောတတ်တဲ့ စွပ်စွဲချက် လေးကို စိတ်မဆိုးပါ၊ ၀မ်းသာစွာပဲ လက်ခံပါတယ်။ အမိုက်ခံသင့်ရင်ခံရမှာပေါ့၊ မိမိစေတနာ မိမိအသိဆုံး မဟုတ်ပါလား။

                                                တောင်ပေါ်ရွာလေးတစ်ရွာပါ
ရောဂါဗေဒ ဆိုတာက အလွန်ကျယ်ပြန့်တာမို့ အခက်ခဲတွေ့လာလျှင် သူနဲ့ဆိုင်ရာ အထူးကုတွေနဲ့ လွှဲတန်လွှဲရပါတယ်၊ လွှဲတယ်ဆိုတာက လည်းသူ့ဆီက လိုအပ်တဲ့ကုသမှု (သို့) အကြံဥာဏ်
(specialist opinion) ရယူတာပါ။ နောက်ဆုံး အဆုံးဖြတ် ပေးရမှာက မေ့ဆေးဆရာဝန် ကိုယ်တိုင်ပါ၊ ဥပဒေအရ ပြောရရင် ကြားကဘယ်သူ ကမှဝင်ပြီး မေ့ဆေး ခံနိုင်တယ် မခံနိုင်ဘူးလို့ ဆုံးဖြတ် လို့မရပါ။ ဒီနေရာမှာ ၀မ်းနည်းစရာကောင်းတာတစ်ခုက၊  ရန်ကုန်က ပုဂ္ဂလိကဆေးရုံအချို့မှာ၊ လောလောဆယ်မှာ ဖြစ်နေတာ ခေတ်စားနေတာက ခွဲရမဲ့ လူနာကို မေ့ဆေးခံနိုင်ရည်ရှိမရှိ ရှေးဦးစွာ သမားတော်ဆီကို လွှတ်စမ်းသပ်ခိုင်း၊ မေ့ဆေးဒဏ် ခံနိုင်ကြောင်း လက်မှတ် Fit certificate ယူခိုင်းကြတယ် လို့ဆိုပါတယ်။ ဒါကလည်း ယမန်နှစ်က တုန်းက ပြင်ပဆေးရုံကြီး တစ်ခုမှာ ခွဲစိပ်ခန်းလူသေမှု ဖြစ်ပြီးကတည်းက စတင်ခဲ့တာလို့ဆိုပါတယ်။ အဲဒီတုန်းက ပြဿနာမှာ ခွဲစိပ်ဆရာဝန်၊ မေ့ဆေးဆရာဝန် အားလုံးအရေးယူ ခံခဲ့ရတယ် ကြားပါတယ်။ (ကျွန်တော် ဘာမှမဝေဘန်လိုပါ)  မပြောကောင်း မဆိုကောင်း နောင်တစ်ချိန် မှာဒီလိုပြဿနာ မျိုးထပ်ပေါ် လာရင်တော့ ကြားက လက်ဝင်လျှိုတဲ့ သမားတော်ပါ အဆစ်ပါနေမှာ မြင်ယောင်နေ မိပါသေးတယ်။ အားမနာတမ်း ပြောရရင်တော့ အဲဒီသမားတော်ဆိုသူက ခွဲစိပ်ခန်းထဲကို တစ်နှစ်နေလို့မှ တစ်ခေါက်ပင် ရောက်ဘူးမယ်မထင်ပါ။ (သူ့အလုပ်မှမဟုတ်တာ) နောက်ပြီး၊ မေ့ဆေး ဆိုတာကလည်းတစ်မျိုးထဲ မှမဟုတ်တာ အချို့ဆေးက နှလုံးနဲ့မတဲ့တာ၊ အချို့က အသဲနဲ့အဆင် မပြေတာ။ အချို့ကဆီးချိုတက်စေတာ ....စတာစတာတွေအများကြီးမို့ သမားတော်က အားလုံးသိဖို့ မလွယ်ပါ။ သူ့ကိုဒုက္ခသွားပေးရာ သက်သက်ကျနေမလားလို့ ထင်မိပါတယ်။

(မှတ်ချက်၊ ဆန္ဒ = ကြိုက်နှစ်သက်လို့၊ ခင်မင်လို့။ ဒေါသ = မုန်းလို့။ ဘယာ = ကြောက်လို့၊ အားနာလို့။ မောဟ = မသိနားမလည်လို့။ အိုဂျီ = မီးယပ်သားဖွါးဆရာဝန် )

စိုးမြင့်-မေ့ဆေး
ခေတ္တ- Maseru
Kingdom of Lesotho.
24 July 2010

5 မှတ်ချက်:

candle

just remind me of this hilarious clip.
orthopaedics vs anaesthesia
http://www.xtranormal.com/watch/6752641

nyimuyar

ဆရာကြီးရဲ့ စေတနာ တွေ နဲ့ ရဲရင့်ပြတ်သားမှုတွေ ၊ ဗဟုသုတ တွေ ဝေမျှမှုတွေ အတွက် ၀မ်းသာ ဂုဏ်ယူရပါတယ် ခင်ဗျာ။ အမြဲ အားပေး ဖတ်ရှုနေပါကြောင်း

ကိုတုံ

ငယ်ငယ်ကတည်းက မဂ္ဂဇင်းတွေမှာ ဆရာ့ဆောင်းပါးတွေ
ဖတ်ဖူးပါတယ်....ခုလဲ ဗဟုသုတရလို့ အားပေးနေပါတယ်။ မေ့ဆေး မဟုတ်သော်လည်း..
လေ့လာလိုစိတ်ရှိပါတယ်....:)

စံပယ်ချို

သားအမိနှစ်ယောက်ရယ်
တောင်ပေါ်ရွာလးရယ်ကကျွန်မကို
စာဖတ်ဖို့ဆွဲခေါ်သလိုပါပဲ
ဗဟုသုတဖြစ်စေမယ့် မေ့ဆေး အကြောင်းတွေဖတ်ရလို့
ကျေးဇူးတင်ပါတယ်ဆရာရှင့်

Khin Thandar

ဆ၇ာကြီး...ကျေးဇူးတင်ပါတယ်၇ှင့်..နောက်ထပ်မေ့ဆေးနဲ့ဆိုင်သောဆောင်းပါးများမျော်နေပါတယ်..

Soe Myint (Anaesthesia)  ©2009

Back to TOP