Thursday, August 26, 2010

" မေ့ဆေးလား ထုံဆေးလား "


                                                " မေ့ဆေးလား ထုံဆေးလား "

                                    လီဆိုသိုရှိ နာမည်ကျော် Lancer Gap တောင်ကြား။
မေ့ဆေး ဆိုတာလူတိုင်း နားလည်ပြီးသားမို့ အထူးရှင်းပြဖို့ လိုမယ်မထင်ပါ။ ထုံဆေးဆိုလည်း လူတွေနဲ့ စိမ်းမယ်မထင်ပါ။ အနဲဆုံး သွားနှုတ်တာ လောက်တော့ ဘယ်သူမဆိုကြုံဘူးပါလိမ့်မယ်။ အမှန်တော့ ထုံဆေးဆိုတာ သွားနှုတ်တာလောက်၊ ပြည်ဖုလေးဖေါက်တာထက်မက အတော်ကျယ်ပြန့်ပါတယ်။ သုံးတတ်တဲ့ လူပေါ်မူတည်ပြီး အသေးအမွှား ခွဲတာကအစ၊ အကြီးစား ခွဲစိတ်မှုတွေမှပါ အသုံးတည့် ပါတယ်။ ဥပမာ အရှင်းဆုံးပြရရင် လူတွေအသိများတဲ့ ခါးရိုးထဲထိုးတဲ့ Spinalဟာလည်း ထုံဆေးအမျိုး စားပါပဲ။ Spinal က လူကိုမမေ့စေပဲ ချက်အောက်ပိုင်း ၀မ်းပိုက်ခွဲစိတ်တာက စပြီးခြေဖျားအထိ ထုံစေတာမို့ ခွဲစိပ်ရာမှာ အတော်အသုံး တည့်ပါတယ်။ ထိုနည်း၎င်းပဲ မေ့ဆေးဆရာဝန်ကသာ ကျွမ်းကျင်မယ်ဆိုရင် သူ့ရောဂါအလိုက် မျက်နှာပိုင်း၊ လည်ပင်းပိုင်း၊ လက်ပိုင်း၊ စတဲ့ ဆိုင်ရာ ဆိုင်ရာ နေရာတွေမှာ ခွဲမယ်ဆိုရင် မေ့ဆေးမလိုပဲ ထိုးနိုင်တဲ့ထုံဆေး အမျိုးအစား တွေတစ်ပုံကြီးပါ။
ဒါပေမဲ့ ခက်တာက လူဆိုတာနာတတ်တဲ့ အမျိုးမို့ အသေးအမွှားကိစ္စ ကလွဲရင်၊ ထုံဆေးနဲ့ခွဲရမှာဆိုရင် ကြောက်တတ်တာခပ် များများပါ၊ ကျွန်တော်တို့ဘက်က အားနည်းချက် တစ်ခုကလည်း ထုံဆေး ဆိုတာက တစ်ခါတစ်လေ အကြောမမိရင် အလုပ်မဖြစ်တာမို့၊ ထုံဆေး လို့ဆိုလိုက်ရင်ပဲ လူနာတင်မက ခွဲစိပ်ဆရာဝန်ကပါ၊ မျက်နှာ က မသာချင်တော့၊ အချိန်ကုန်တယ်တို့၊ လူနာလက်မခံချင်ဘူးတို့နဲ့၊ ဆူညံသံတွေကြားရတတ်ပါတယ်။ ဒီတော့ကာ မေ့ဆေးဆရာ တွေကလည်း ခေါင်းရှုပ်ခံမနေတော့
လွယ်လွယ်ပဲမေ့ဆေး ပေးချလိုက် တတ်တာများပါတယ်၊ ကြာတော့ သူတို့က ပညာသားပါပါ ထိုးရမဲ့ ထုံဆေးမပြောနဲ့၊ Spinal လောက်တောင် မထိုးတတ် ကြတော့တဲ့ လူတွေ ဒီနိုင်ငံမှာ တပုံကြီးပါ။

မေ့ဆေးဆိုတာ သေမင်းနှုတ်ခမ်းဝလျှောက်နေရတာ ဆိုတာ ကျွန်တော် ရေးဘူးပေါင်းများပြီမို့ စာရှုသူတွေ သဘောပေါက်လောက်ပြီ ထင်ပါတယ်၊ ထုံဆေးက မေ့ဆေးနဲ့ စာလျှင်အဆ ပေါင်းများစွာ အသက်ဘေးနဲ့ဝေးပါတယ်၊  ဘာကြောင့်လည်း ဆိုတော့ မေ့ဆေး ဆိုတာက ရှူရင်အဆုပ်ထဲ အရင်ရောက် ပြီးမှသာ သွေးထဲဝင်၊ နောက်ဆုံးမှဦးနှောက်ထဲ ရောက်ရတာပါ။ ထိုးရတဲ့မေ့ဆေးဆို လည်းအသည်းတို့ ကျောက်ကပ် တို့ကိုအရင်ဖြတ် ရတာမို့၊ အဆုပ်တို့ အသည်းတို့ ကျောက်ကပ်တို့ ကိုအနည်းနဲ့ အများထိခိုက်စေပါတယ်။ ဘာမှရောဂါ မရှိဘူးဆိုရင်ပင် မေ့ဆေး ဆိုတာက အနဲနဲ့အများ နှလုံးရဲ့အလုပ်ကို အနှောင့်အယှက် ပေးတတ်ပါတယ်။ ဆိုတော့ကာ အဲဒီ အစိတ်ပိုင်း organ တစ်ခုခုမှာ နဂိုရ်ကတဲက ရောဂါ ရှိနေမယ် (ဥပမာ နှလုံးရောဂါ၊ ရင်ကြပ်ရောဂါ) ဆိုရင်တော့၊ ကျွန်တော်တို့ မေ့ဆေးဆရာတွေ ဘုရားတ ရပြီသာမှတ်၊ ဒါကြောင့် အခြားရောဂါ အကြီးတွေထားတော့ လူနာမှာ အအေးမိချောင်းဆိုးတာ လောက်ရှိ နေရင်ပင် အရေးပေါ် မဟုတ်လို့ကတော့ ကျွန်တော်တို့ မေ့ဆေးပေးလေ့မရှိပါ။ (မေ့ဆေးမှာ minor အသေးစား မရှိဘူး ဆိုတာ မှတ်မိပါလိမ့်မယ် )

ထုံဆေး ဆိုတာက တော့ခွဲလိုတဲ့နေရာ တ၀ိုက်အရေပြား အောက်မှာတင် ထိုးရတာမို့ သွေးထဲ ရောက်စရာမလို အဆုပ်တို့ နှလုံးတို့ အသည်းတို့ ကျောက်ကပ်တို့ ကိုဒုက္ခမပေးပါ၊ တစ်နည်း ပြောရရင် လူနာကိုဆေးဒဏ် လုံးဝမပိစေပါ။ (ထားပါတော့ Spinal ကတော့ ချွင်းချက်ပါ)  ဒီတော့ကာ၊ ထုံဆေးက ယှဉ်လိုက်ရင် မေ့ဆေးထက် အပုံ တစ်ရာမကအန္တရာယ် ကင်းတာမို့ ဘယ်သူတွေဘာပြောပြော ကျွန်တော်တော့ လုပ်သက်ရင့်လာလေလေ ထုံဆေးကို ပိုချစ်လာလေပါ။ ပြောရမယ်ဆိုရင် သွေးတိုး ဆီးချိုတက် နေသူတွေ၊ ရင်ကြပ်ပန်းနာ၊ နှလုံးရောဂါ၊ ထနေသူတွေ အတွက်ထုံဆေးက ကျေးဇူးရှင်ပါ။ အရေးပေါ် မဖြစ်မနေခွဲရမဲ့ အခြေအနေဆိုးဝါး နေတဲ့လူနာ၊ မေ့ဆေးလည်းပေးလို့ မခံနိုင်တဲ့ လူနာ ဆိုပါစို့၊ ထုံဆေးကတကဲ့ကို ကယ်တင်ရှင်ပါ။ ငွေကြေးအရ တွက်မယ်ဆိုရင်လည်း ထုံဆေးက မေ့ဆေးဘိုးနဲ့စာလျှင် ကန်စွန်းရွက်အချဉ်ရည်ဟင်း နဲ့ကြက်သားဆီပျံဘိုးလောက် ကွာပါတယ်၊ ဆေးနဲ့ အပ်လောက်ရှိရင် ထုံဆေးက ဘယ်နေရာမှာ သွားပေးပေး ပေးလို့ ရနေပါပြီ၊ မေ့ဆေးလို ဒေါ်လာ သိန်းကျော်တန် မေ့ဆေးစက်တွေ မလိုပါ။ ဒါပေမဲ့ ဒီကလူနာတွေ အဖို့ သူတို့အိပ်ထဲကတစ်ပြား မှစိုက် ရတာ မဟုတ်လေတော့၊ သူတို့ဒါတွေကိုနားမလည် တာမဆန်းပါဘူး။ အားအားရှိ မေ့ဆေး နဲ့ပဲအိပ်ချင်နေကြတာမို့၊ "မေ့ဆေးဆိုတာ တန်ဘိုးကြီး စွာပေးရတတ်တယ်လို့်၊ တခါတရံ အသက်နဲ့ပင် ရင်းရတတ်တယ်" ဆိုတဲ့စာတမ်းလေးကို ခွဲခန်းမှာကျွန်တော် ချိတ်ထားပါတယ်။ မေ့ဆေး မတော်တဆ ဖြစ်လို့ နှလုံးရပ်သွား တဲ့လူနာတစ်ယောက် အဖို့ပြန်ရှင်တာခပ် ရှားရှားပါ၊ ထုံဆေးလိုတော့မညှာပါ။

Spinal ကအထူးသဖြင့် ဗိုက်ခွဲမွေး ရတဲ့လူနာ (ဆီဇာ) Caeser တွေအတွက် အသင့်တော်ဆုံးပါ။ မအေကို မေ့ဆေးပေး လိုက်ရင် ဗိုက်ထဲက ကလေး ကိုပါမေ့စေတာမို့ ကလေး ပါမွန်းတတ် ပါတယ်။ ကလေးမွန်းလျှင် အနည်းနဲ့အများ ဦးနှောက် တော့ထိခိုက်တတ်ပါတယ်၊ Spinal ကတော့ ကလေးတွက် အကောင်းဆုံးပါ၊ ဒုက္ခမပေးသလောက်ပါ။ ကျွန်တော်တို့ ဆီမှာဆို (ဆီဇာ)တွေအားလုံးလိုလို ထုံဆေးနဲ့ ခွဲပြီး မလွဲသာတဲ့ လူနာတွေ ကျမှသာ မေ့ဆေးသုံးပါ။ ဒါပေမဲ့ ကျွန်တော် ၁၉၉၄ ခုနှစ်ကိုယ့်နိုင်ငံက ထွက်လာပြီး နမီးဘီးယား နိုင်ငံ စရောက်တော့ သူတို့ကဗြောင်းပြန် (ဆီဇာ)အားလုံးလိုလို မေ့ဆေး နဲ့ချည်း လုပ်နေတာမြင်ရတော့ အတော်စိတ်ပျက် မိပါတယ်။ မေ့ဆေးဒဏ် နဲ့ကလေး တွေဘယ်လောက် များများဦးနှောက် ထိခိုက်ကုန်မယ် မသိပါ။ အားလုံးက ကိုယ်လိုမေ့ဆေး ဆရာဝန်ချည်းမို့၊ ကျွန်တော် လည်းဘာမှမပြောသာပါ။ ခုဒီ လီဆိုသိုနိုင်ငံ ရောက်လာ တော့လည်း ထိုနည်း၎င်းပါပဲ၊ နေရာတကာ မေ့ဆေး တွေချည်းနဲ့ ပါ၊ ခုအချိန်မှာတော့ ကိုယ်က ဘော့စ်ဖြစ်နေပြီမို့၊ ကျွန်တော် လက်မခံနိုင်တော့။ ပိုဆိုးတာက ကျွန်တော့ တပည့် မေ့ဆေးနာ့စ် တွေအတော် များများက spinal ပင်ဖြောင့်အောင် မထိုးတတ်ကြတော့ (စကတဲကမှ အကျင့်မရှိတာ) ဒီတော့ကာ သူတို့ကို ထုံဆေး ထိုးတတ်အောင် အထူးသဖြင့် (ဆီဇာ) မှာထုံဆေးထိုး အောင် စီမံချက်ချ အတော်ကို လုပ်ယူခဲ့ရပါတယ်။  ( ကြုံကြိုက်လို့ပြောရရင်တော့ ဒီနေရာမှာ မာလာဝီက တပည့်တွေကတော့ အထူး ပြောစရာမလို အောင် Spinal မှာ တော်ကြပါတယ်)

                                                 အေးချမ်းတဲ့ မြို့ငယ်လေးတစ်မြို့။
ကျွန်တော်က ခုလိုအမွှန်း တင်နေတော့ ထုံဆေးကလုံးဝ အန္တရာယ် မရှိဘူးလို့တော့ မထင်မှတ်စေလိုပါ။ မေ့ဆေးကိုမြွေပွေးနဲ့ နှိုင်းမယ်ဆိုရင် (နှိုင်းလောက်ပါတယ်၊ မြေပွေးအငယ်လေးကိုက်လည်း သေမှာပါ) ထုံဆေးက ရေမြွေတော့မဟုတ်ပါ။ ထုံဆေးကလည်း သူ့အဆိပ်နဲ့သူပါ။ ထုံဆေးကြောင့် အသက်ပျောက် သွားရတဲ့လူနာတွေ လည်းရှိပါတယ်။ သူကလည်း အမှားမခံပါ၊ မှားလို့ကတော့၊ ဦးနှောက်ထဲ ရောက်သွားပြီး ပထမအဆင့်မှာ'တက်' မယ်၊ နောက်အဆင့်မှာ သတိလစ်မယ်၊ နောက်သေတဲ့ထိ (Convulsion, Coma & Death) ဖြစ်စေနိုင်ပါတယ်၊ နှလုံး ပေါ်မှာလည်း ပထမအဆင့်မှာ  အခုန်နှေးစေပြီး နောက် နှလုံး ရုတ်တရက်ရပ် (Cardiac arrest) စေ၊ သေစေနိုင်ပါတယ်၊ (ထုံဆေး ကတော့ အချိန်မီ သိရင် အသက်ပြန်လု နိုင်ပါတယ်) ခုလိုဖြစ်ရတာ အကြာင်းအမျိုးမျိုးရှိပါတယ်။ ထုံဆေးနဲ့မတည့်လို့၊ ဆေးလွန်သွားလို့၊ သွေးကြောထဲ မှားရောက်သွားလို့၊ စတာတွေပါ။ ထုံဆေးမှာ Maximum lethal dose (အများဆုံးပေးနိုင်တဲ့၊ လွန်သွားရင် သေနိုင်တဲ့ ပမာဏ) ဆိုတာရှိပါတယ်။ ကျွန်တော့ရဲ့နှစ်ပေါင်း များစွာသော အတွေ့ အကြုံအရပြောရရင် တော့(ပင်နစလင်လို) ဆေးနဲ့မတဲ့လို့ထက် ထုံဆေးကို (ရေမြွေလို) အထင်သေးပြီး ပေါ့ပေါ့ဆဆ အလွန်အကျွံပေး မိလို့ပြဿနာတက် ကြတာ များပါတယ်။ မညှာစတမ်း ပြောရရင်တော့၊ တက်သစ်စ လူငယ် ဆရာဝန် အတော်များများက ထုံဆေးရဲ့ အန္တရာယ်၊ ထုံဆေးလွန် သွားရင် တွေ့ရမဲ့လက္ခဏာ တွေကိုသိပင် မသိကြပါ။ ခုလိုဆိုရတာ ကျွန်တော့ကိုယ်တွေ့မို့ပါ။ မှတ်မှတ်ရရ နမီးဘီးယား မှာတုန်းက၊ မြို့မျက်နှာဖုံး (အီဂျစ် စီးပွါးရေး သမားကြီး)ရဲ့ ၇နှစ်ရွယ် သားလေးကို circumcision (ကုလားလို ရှင်ပြုတာပါ) လုပ်ရာမှာ၊ ထုံဆေးကြောင့် အသက်ဆုံးရှုံးရတာ ကြုံဘူးပါတယ်၊ ပိုဆိုးတာက  ထုံဆေးထိုး အပြီး ခွဲစိပ် ကုတင်ပေါ်မှာ ကလေးက တဂစ်ဂစ်နဲ့ 'တက်' နေတာ ကိုပင်၊ သူ့ဆရာဝန်က ဘာကြောင့်မှန်း မသိ၊ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင် တယ် Cerebral malaria ဖြစ်တယ်  ထင်နေတာ။ အမှန်တော့ သူအယူလွဲသွားတာပါ။ ကလေးပဲ၊ စကတဲက မေ့ဆေးနဲ့လုပ် သင့်တာပေါ့။ (ကလေးက နာတယ်ဆိုတိုင်း ထုံဆေးထပ်ထပ် ထိုးလို့နေမှာပါ) သူထိုးလိုက်တဲ့ ထုံဆေးကို နောင်စစ် ကြည့်လိုက်တော့ လူကြီးတစ်ယောက်စာ လောက်ရှိနေတာ တွေ့ရပါတယ်၊ (နာတတ်တဲ့လူတွေ ထုံဆေး ထပ်ထပ်တောင်း တတ်တဲ့လူတွေ သတိထားဖို့ပါ) နောက်ဆုံးတော့ " Circumcision လုပ်ယင်း ဦးနှောက်ထဲ ငှက်ဖျားပိုး ၀င်သွားတာပါ " လို့ ဆိုပြီး ကိစ္စဖြတ်လိုက်ရပါတယ်။ ဟိုအရပ် မှာက ငှက်ဖျားကလည်း ပေါတယ်လေ၊ ကျွန်တော်ကတော့ အဲဒီတုန်းက နှာစေးနေ လိုက်ပါတယ်။

တခါက ကျွန်တော့ မိတ်ဆွေ သွားဆရာဝန် တစ်ယောက်က သွားနှုတ်ယင်း အသက်ဆုံးရှုံးရ တဲ့လူနာတွေ ကြုံဘူး တာပြောပြပါတယ်၊ (သွားနှုတ် တာလည်း အသက်နဲ့ ရင်းရတယ်လို့ သူဆိုလိုရင်းပါ) ကျွန်တော်က ဒါတွေအားလုံးဟာ ထုံဆေးကြောင့်ပဲ မဟုတ်လား၊ ဆိုတော့ သူဝန်ခံသွားရပါတယ်။
ဒီမှာလည်း (ကင်ညာ နိုင်ငံသား) ဆရာဝန်တစ်ယောက်၊ ကြီးပါပြီ၊ ကျွန်တော်က သူ့လူနာ လက်မောင်းရင်းက ဥသျှစ်သီး အရွယ်လောက် အလုံးကြီးကိုခွဲရာမှာ (တွက်ချက်ပြီး) ထုံဆေး တစ်လုံးစာထက် ပိုမပေးပါနဲ့ လို့ကြိုသတိ ပေးထား တာကိုမှ နှစ်လုံးပေးချလိုက်လို့၊ မသေကောင်း မပျောက်ကောင်း အဖြစ်တစ်ခု မကြာမီကမှ ကြုံခဲ့ရ ပါသေးတယ်။ (သူ့လူနာက ပန်းနာရောဂါ သည်မို့ ကျွန်တော်က မေ့ဆေး အစား အန္တရာယ်ကင်းမဲ့ ထုံဆေးနဲ့လုပ်ခိုင်း ကာမှဖြစ်ရ တာပါ၊ ဒီနေရာမှာ ထုံဆေးအပြစ်မပါပါ )

တခါကလည်း မျက်စိဆရာဝန်တစ်ယောက် က၊ သူကိုယ်တိုင် မျက်လုံးထဲ ထုံဆေး ထိုးထဲ့အပြီး လူနာကငြိမ်လွန်း လှချည်လား ဆိုပြီး ကျွန်တော့ကို လှမ်းအကူညီ တောင်းပါတယ်၊ ပြေးစစ်
ကြည့်လိုက် တော့၊ သူ့လူနာ အသက် ၈၀ကျော် အဖိုးကြီးက နှလုံးရပ်ချင်ချင် ဖြစ်နေတာ တွေ့ရလို့၊ အတော့်ကို အသက်လု လိုက်ရပါသေးတယ်။ (ဒါကိုလည်း ထုံဆေးကြောင့် ဆိုတာ သူမသိ လိုက်ပါ) ရန်ကုန်မှာ ကျွန်တော့မိတ်ဆွေ မျက်စိ ဆရာဝန် တစ်ယောက် ကတော့ သူ့အပြင် ဆေးခန်းမှာ ခွဲသမျှ မျက်လုံးရောဂါ တွေအားလုံး အတွက် မေ့ဆေး ဆရာဝန် တစ်ယောက်ကို ပုံမှန်အနားမှာခေါ်ထား လေ့ရှိပါ တယ်။ သူ့လူနာတွေကို ထုံဆေးနဲ့ ချည်းလုပ်တာပါ၊ သူစာတတ်တယ် ဆိုရမှာပါ၊ မပြောကောင်း မဆိုကောင်း ထုံဆေးနဲ့ လုပ်ယင်း လူနာတစ်ယောက်ယောက်များ အသက် ဆုံးရှုံးသွား ခဲ့ရင် သူ့ရှေ့ရေး ထိခိုက်မှုက မေ့ဆေးဆရာဝန် ကိုပေးရမှာ နဲ့မှ ကာမိမှာမဟုတ်တာ တော့သေချာပါတယ်။

ကျွန်တော်က ခုလိုထုံဆေး အန္တရာယ်တွေကို ရေးပြနေရတာက အဓိကအားဖြင့် ထုံဆေးကိုင်မည့် မျိုးဆက်သစ် ဆေးပညာရှင်တွေ မပေါ့ဆစေချင်လို့ စေတနာနဲ့ပါ။ ပြောရမယ် ဆိုရင်တော့ ထုံဆေးက အဆိုးကြီးမဟုတ်ပါ၊ သုံးတဲ့လူ ပေါ်မူတည်ပါတယ်။ မီးကိုသုံး သလိုပေါ့ ရိုရိုသေသေနဲ့ သုံးရင်မိတ်ဆွေပါ။
                               ကဲ၊ စာရှုသူများ ဘာကိုရွေးမလဲ၊ ထုံဆေးလား၊ မေ့ဆေးလား ?

စိုးမြင့်-မေ့ဆေး
ခေတ္တ Maseru
Kingdom of Lesotho
26 Aug 2010

9 မှတ်ချက်:

ko 9

ဗဟုသုတယူသွားပါတယ်ခငိဗျာ

Han Kyi

ကောင်းတယ်ဆရာ...သာမန်လူတန်းစားအတွက်ပါ အကျိုးရှိတဲ့ ဆရာ့စာလေးတွေဖတ်ရတာ ကျေနပ်တယ်ဗျာ...ပညာရှင်ဆိုတာ ပညာဝေငှသူဖြစ်ရမှာပေါ့နော...

ဆရာ စိတ်ရောကိုယ်ပါ ကျန်းမာပါစေ...

စိုးမြင့် (မေ့ဆေး)

Ko Han Kyi :
အားပေးတာ ကျေးဇူးပါ၊ ကိုယ်တတ်သမျှပညာလေးနဲ့၊ အများ အတွက် နဲများမဆို ကျေးဇူးပြုနိုင်တယ် ဆိုရင်ကိုပဲ ရေးရကျိုးနပ်ပါပြီ။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျား။
ို

Unknown

Thank you, Saya for sharing of your knowledge. Please more write your precious experience.

ဧပရယ်လ်ပူး@ပူးတေ

ဆရာရှင့်

ဗဟုသုတရတဲ့ ဆရာ့ ဆေးပညာစာလေးတွေ အမြဲ ဖတ်ချင်လို့ လင့်ထားခွင့်ပြုပါရှင့်

ရိုသေစွာဖြင့်

စော

ဆရာရေးတဲ့ စာတွေ ဖတ်ပြီးမှ လူတော်ဆိုတာ ကိုသွားတဲ့လမ်းမှာလဲ ထူးချွန်တယ်၊ စာတွေမှာလဲ ချရေးလိုက်တာနဲ့  ဝတ်ထုလဲဖြစ်၊ ဗဟုသုတလဲရတယ်လို့  သိရတော့တယ် ။
ဆရာစာတွေ အကုန်ဖတ်လို့ မပြီးသေးဘူး၊ Post အဟောင်းတွေ ဆက်ဖတ်ဦးမယ်၊ ခုလို မျှဝေလို့  မသိသေးတာတွေ သိခွင့်ရလို့  ကျေဇူးတင်ပါတယ်။ နောင်လဲ မျှဝေဦးမယ်လို့ ယုံကြည်ပါတယ်။

Khin Thandar

ကျေးဇူးတင်ပါတယ်ဆ၇ာ.

KoToe

ဆရာကျန်းမာပါစေ။ဆေးပညာနယ်ပယ်က မဟုတ်တဲ့သူတွေ အတွက်လည်းဗဟုသုတ ရပါတယ်ခင်ဗျား။

Anonymous

အခုလိုဗဟုသုတတွေဝေမျှပေးတဲ့အတွက်ဆရာ့ကိုလေးစားသလိုကျေးဇူးလည်းအထူးတင်ပါတယ်ဆရာ...

Soe Myint (Anaesthesia)  ©2009

Back to TOP