Thursday, November 11, 2010

" ဗုဒ္ဓဘာသာ ကိုသက်ဝင် ယုံကြည်လာသူ အနောက်နိုင်ငံသားတစ်ယောက်"

            " ဗုဒ္ဓဘာသာ ကိုသက်ဝင်ယုံကြည် လာသူအနောက်နိုင်ငံသား တစ်ယောက်  "


နမီးဘီးယား နိုင်ငံ ရဲ့မြို့တော်က Windhoek ၀င်းဟုတ်ပါ၊  ဂျာမန်နာမည်ပါ။  ၀င်းဟုတ်ရဲ့ Pioneer Park လို့ခေါ်တဲ့ လူကုန်တန် ဆိပ်ငြိမ် ရပ်ကွက်တစ်ခုရဲ့ ဂျာမန် အမည်နဲ့ပဲ လမ်းသွယ်တစ်ခုမှာ နှစ်ထပ် တိုက်သစ်လေးတစ်လုံးရှိပါတယ်။ အဲဒီတိုက် လေးရဲ့ မျက်နှာစာမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်လေး မှာ ရေးထား
တာက " Anicca Avenue " ပါ။ "ဗုဒ္ဓ"ဆိုတာ ကိုပင် ကြားပင်မကြားဘူးတဲ့၊ ခရစ်ယန်တွေ ကြီးစိုးတဲ့ ဒီလိုနိုင်ငံ မျိုးမှာဒီစာလေးရဲ့ အဓိပ္ပါယ်ကို သိတဲ့သူ အလွန် ရှားလိမ့်မယ် ဆိုတာသေချာပါတယ်။ ဘာလို့လဲဆိုတော့ Anicca ရဲ့အဓိပ္ပယ်က ပါဋ္ဌိလို "အနိစ္စ" ကနေ အင်္ဂလိပ်လိုကို တိုက်ရိုက်ဘာသာပြန် ထားတာမို့ပါ။ (အနိချ လို့အသံထွက်ပါတယ်)" အနိစ္စ ဂေဟာ " လို့၊ ဘာသာပြန်ရမှာပါ။ ဂျာမန်လည်းမဟုတ် အင်္ဂလိပ်လဲမကျတဲ့ နာမည်မို့ တော်ရုံလူသိဖို့မလွယ်ပါ။

 ကျောက်တန်း ရေလည်ဘုရားမှာ
 " အနိစ္စ " လို့ဆိုလိုက်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ၀င်တွေအဖို့၊ အထူးပြောစရာ လိုမယ်မထင်ပါ။ " မမြဲခြင်းတရား၊ သေခြင်းတရား" ပေါ့။ ဒီအိမ်လေးရဲ့ ပိုင်ရှင်ကဒီနာမည်လေး ကိုမှည့်ထားတာ ကလည်း မသိလို့၊ တိုက်ဆိုင်မှု သက်သက်မဟုတ်ပါ။ တမင်ရည်ရွယ်ချက်နဲ့ပါ။ သူ့နာမည်က Ludo လို့ခေါ်တဲ့ Belgium နိုင်ငံသား တစ်ယောက်ပါ။ ကျွန်တော်မကြာခဏ ရေးဘူးတဲ့ ကျွန်တော့ မိတ်ဆွေပါ၊ ဒီနာမည် ပေးထားတာက ကျွန်တော့ ပယောဂနဲ့ မကင်းဘူးလို့ ဆိုနိုင်ပေမဲ့၊ ကျွန်တော့ ကြောင့်တော့မဟုတ်ပါ၊ သူကဒီနာမည် ကိုပေးဖို့ရွေးထားတယ်ဆိုပြီး ကျွန်တော့ဆီ ဖုန်းနဲ့ လှမ်းဆက်တော့ ကျွန်တော်ပင် လန့်ဖြန့် သွားမိပါသေးတယ်။ သူကသိပ် ကိုမြန်မာ ဆန်ချင် လွန်းနေတာမို့ " ကိုလူဒို၇ယ် ကြည့်လုပ်ပါအုံး၊ အနိစ္စ ဆိုတာ ငါတို့အဖို့ သိပ်မင်္ဂလာရှိ တဲ့စကါးမဟုတ်ဘူးလို့၊ တော်ကြာ မင်းအိမ်သစ်လေးပါ အနိစ္စသဘောနဲ့ မြန်မြန် ကိစ္စချောသွား ပါအုံးမယ်လို့" ။ (ရန်ကုန် မှာတုန်းကလဲ အသက် ၈၀ ရွယ် ကျွန်တော့ယောက္ခမ ကြီးကို "ကိုအေးမောင်၊ နေကောင်းလား" လို့မြန်မာလို သွားနှုတ်ဆက်လို့၊ အဖိုးကြီး မျက်လုံးပြူးသွားရပါသေးတယ်)

သူက " ဗုဒ္ဓရဲ့ အခြေခံတရား ကိုက အနိစ္စ ပဲမဟုတ်လား၊ သူကဒါကိုအကြိုက်ဆုံး ပါတဲ့ " လူတွေက ဒီတရားသဘော ကိုမေ့ပစ်ထားပြီး ရလာတဲ့ အာဏာလေးတွေ၊ စည်းစိမ်လေးတွေ ကိုမြဲတယ်လို့ထင်ပြီး ယစ်မူးနေတာကမှ ကြောက်စရာ သိပ်ကေါင်းနေတာမို့၊ လူတွေကိုသတိပေးချင် လို့သူဒီနာမည်ကို တမင်ရွေး ထားတာပါတဲ့၊ ကျွန်တော့မှာသူ့ကိုပြန်ချေပစရာ စကားမရှိတော့ပြီ။ လူတွေက Anicca ကိုဘာအဓိပ္ပါယ်လဲ လို့မေးလာရင် သူရှင်းပြပါလိမ့်မယ်။

လူဒို ရဲ့ ပရီတိုးရီးယား နေအိမ် အည့်ခန်းမှာ
Ludo ဆိုတာက သူတို့ Belgium အစိုးရမှနေ နမီးဘီးယား ဆီ Volunteer အနေနဲ့ပို့ထားတဲ့ ဆေးဘက်ပညာရှင်တစ်ယောက်ပါ။ သူ့အလုပ်က Rehabilitation Unit ခေါ်ဦးနှောက် အသိပညာ မဖြွံ့ဖြိုးတဲ့ ကလေးတွေကိုပြုစုပြိုး ထောင်ပေးတဲ့ ဘာသာရပ်ပါ။ ကျွန်တော့အရင် တစ်နှစ်စောပြီး၁၉၉၃ ခုနှစ်ကတဲက ဒီကိုရောက်နေတာပါ။ သူက မြို့တော်မှာ၊ ကျွန်တော်ကမြောက်ပိုင်း အိုရှာခါတီ မှာဆိုတော့ မိုင် ၅၀၀ လောက်ကွာဝေးတာမို့ တစ်ယောက်နှင့် တစ်ယောက်ဆုံစရာ အကြောင်းသိပ်မရှိပါ။ ဒါပေမဲ့ သူ့အလုပ် သဘောအရ နိုင်ငံအနှံ့ခရီးထွက်ရတာမို့ ကျွန်တော်တို့ဆီ ၂လ တစ်ကြိမ်၊ ၃လ တစ်ကြိမ်၊ ဆိုသလိုသူရောက် လာတတ်၊ ကျွန်တော်တို့ ဆေးရုံမှာပဲတည်းခိုတတ်ပါတယ်။

ဒီလိုနဲ့ ၁၉၉၅ ခုနှစ် ရဲ့တစ်နေ့ ဆေးရုံထမင်းစားခန်းမှာ ကျွန်တော တစ်ယောက်ထဲ နံနက်စာ စားနေစဉ် ကျွန်တော့စားပွဲကို သူကူးလာပြီး ၀င်ထိုင်ပါတယ်။ ကျွန်တော်တို့ ၂ယောက် ယခင်က တစ်ခါမှ သိဘူးကြတာတွေမဟုတ် သမို့ သူ့ကိုယ်သူ ပထမ မိတ်ဆက်ပြီး ကျွန်တော့ကို ဘာလူမျိုးလည်း၊ မြန်မာဆိုတော့ ဘာကိုးကွယ်သလဲ၊ ဗုဒ္ဓဘာသာ ပါဆိုတော့၊ ၀မ်းသာအားရနဲ့ ထူးထူးဆန်းဆန်း မေးခွန်းတစ်ခုထပ်မေးပြန်ပါတယ်။ ဒါဆို ဗုဒ္ဒရဲ့ အခြေခံ ၀ါဒ (Basic of Buddhism)က ဘာပါလည်း တဲ့။

ကျွန်တော်လည်း ဒီနိုင်ငံကို စရောက် ကတည်းက ဗုဒ္ဓ နဲ့ပတ်သက်တဲ့ မေးခွန်းတွေ အမေးခံရဘူးပေါင်းများပြီ မို့၊ သူ့အမေးကို မဆိုင်းမတွပဲ ဖြေနိုင်လိုက်ပါတယ်။ ဗုဒ္ဓမှာအခြေခံ ၀ါဒ ၃ခုရှိတယ်လို့။  (၁) See for yourself -တရားစစ်တရားမှန်တွေကို ကိုယ်တွေ့မြင်အောင်ရှာဖို့  (၂)  Check again and again yourself - မိမိကိုယ် ကို အပြန်ပြန်စစ်ဆေးဖို့၊ နဲ့ (၃) Do it yourself  -  ဒါတွေအားလုံးကို ကိုယ်တိုင် ကျင့်ကြံ အားထုတ်ဖို့ ( ဒါတွေ ကသဲကုန်း ဆရာတော်ဘုရားကြီးရဲ့ အခြေခံဗုဒ္ဓ ဘာသာ စာအုပ် ထဲက ကျွန်တော် လေ့ လာထားဘူးတာပါ၊ ကံကောင်းလို့ အရှက်မကွဲတာပေါ့ )

ဟိုတုန်းက လူဒို ဘန်ကောက် မြဘု၇ားရောက်ခဲ့စဉ်က

ကျွန်တော့ ဖြေကိုကြားရတော့ သူက " ဒါဆို ဗုဒ္ဓ ရဲ့ဝါဒက အားလုံးကိုယ်တိုင်လုပ်ယူရဒါ ချည်းပါလား၊ အပြင်က တန်ခိုးရှင် တစ်ယောက်ယောက်၊ ဖန်ဆင်းရှင် တစ်ယောက်ယောက် ကလုပ်ဆောင်ပေးဖို့ ဆုတောင်းလို့ မရဘူးလား" လို့မေးပြန်ပါတယ်။ ဒီတော့ကျွန်တော်က ဗုဒ္ဓ၀ါဒမှာ ထာဝရဘုရားတို့၊ ကယ်တင်ရှင်၊ တို့ကိုလက်မခံကြောင်း၊ မိမိကိုယ်သာကိုးကွယ်ရာ ဖြစ်ကြောင်း၊ ကိုယ်ပြုတာ ကိုယ်ခံပဲလို့၊ ပြန်ရှင်းပြလိုက်တော့၊ သူက၀မ်းသာအားရပဲ၊ သူကခုလို ကျိုးကြောင်း ဆီလျော်တဲ့တရားမျိုး ကို ရှာနေတာကြာပြီ ခုမှပဲ ကျွန်တော့ဆီကကြားရဘူးလို့ ၀မ်းသာတဲ့ အကြောင်းပြောပြီး သူ့ဘ၀ ဇာတ်ကြောင်းကို ပြောပြပါတယ်။

သူကဘာသာတရားအလွန်ကိုင်းရှိုင်းတဲ့ ခရစ်ယန်မိသားစု ကနေဆင်းသက်လာတာပါ။ ဒါပေမဲ့အများနဲ့မတူ အလွန်စူးစမ်း တတ်သူမို့၊ သူ့ဘာသာကို အလိုမကျနိုင်လို့ဘာသာတရားမျိုးစှုံ ကိုလေ့လာနေသူ ဖြစ်ပါတယ်၊ သူ့ဘုရားကျောင်းကိုပင် ပုံမှန်သွားမတက်တာပင် ၁၀နှစ်ကျော်သွားပြီ လို့ဆိုပါတယ်။ သူလေ့လာ နေတဲ့ဘာသာတွေထဲမှာ အိန္ဒိယကဘာသာ အယူအမျိုးမျိုး အပြင် အတွေးခေါ်ပညာရှင်ကြီး တွေဖြစ်တဲ့ ခရစ္စနာမူတီးတို့၊ အိုးရှိုး စသည်တို့ လည်း မလွတ်ပါ။ အချို့လည်း ဗုဒ္ဓ၀ါဒနဲ့ နီးစပ်ပေမဲ့ဗုဒ္ဓကို မလေ့လာဘူးပါ။ တစ်ခါက ထိုင်းနိုင်ငံ ကိုဇင်းမယ်မြို့အထိသူရောက်ခဲ့ ဘူးပေမဲ့ ဗုဒ္ဓအကြောင်း သူ့ကိုရှင်းပြပေးမည့်သူမရှိလို့ ဘာမှမသိခဲ့ပါ။ ဒါကြောင့် ကျွန်တော့ကိုဒီမှာတွေ့တော့ ဗုဒ္ဓအကြောင်း သိလိုသိငြား လာမေးတာပါ။ ဒီမှာတင် ကျွန်တော်တို့ မိတ်ဆွေ တွေဖြစ်သွားကြပြီး ကျွန်တော့မှာရှိတဲ့ အင်္ဂလိပ်ဘာသာနဲ့ ဗုဒ္ဓစာအုပ်တွေနဲ့ သူ့ရှိတဲ့ အတွေးခေါ်စာအုပ် တွေအလဲအလှယ် ဖတ်ဖြစ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ သူ အိုရှာခါတီ ကိုရောက်လာတိုင်း ကျွန်တော်နဲ့ ဗုဒ္ဓ အကြောင်း၊ ဓမ္မအကြောင်း၊ တွေဆွေးနွေး နေကျပါ။ သူကအနောက်တိုင်းသားပီပီ မသိတာ မရှင်းတာတွေကို အားမနာတမ်း နှိုက်နှိုက်ချွတ်ချွတ် မေးတတ်ပါတယ်၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာတွေ နဲ့ ၀ိပဿနာ စသဖြင့်ပေါ့။ ကျွန်တော်ကလည်း ဒီအာဖရိကရောက်လာမှပဲလူမေးသူမေး များလွန်းလို့ ကိုယ့်ရဲ့ဘာသာရေးကို စေ့စေ့စပ်စပ် လေ့လာနေရသူပါ၊ ရိပ်သာကိုပင် တစ်ခါမှဝင်ဘူးသူမဟုတ်လို့ သူ့အမေးအားလုံးကိုဖြေဖို့ မလွယ်ပါ။
ဒါကြောင့်မို့ သူ့ကိုပြန်ပြောရပါတယ်၊ ဗုဒ္ဓရဲ့တရားတွေက လက်တွေ့ကျ တရားတွေမို့ စာတွေ့ထက် လက်တွေ့ ကျကျ ကိုယ်တိုင် မြန်မာနိုင်ငံ ကိုသွားပြီး ရိပ်သာတစ်ခုခု မှာတရားဝင်နိုင်ရင် အကောင်းဆုံးပါလို့။ သူကလည်း လက်ခံပါတယ်။ ဒါပေမဲ့ သူ့မှာလည်းတာဝန်က တစ်ဖက်နဲ့မို့ ချက်ချင်း မဖြစ်လာနိုင်ခဲ့ပါ။

၁၉၉၆ ဂျူလိုင်လမှာတော့ လူဒိုတစ်ယောက် နမီးဘီယားမှာ တာဝန်တွေ ပြီးဆုံးသွားလို့ သူ့နိုင်ငံ ကိုပြန် သွားပါတယ်။ သာမန်အားဖြင့်တော့ ဒီနိုင်ငံမှာ ပညာရှင် အများစုဟာ အည့်သည်တွေချည်းမို့ မိမိတာဝန်တွေပြီးစီးလို့ ပြန်သွားပြီ ဆိုလျှင် ဒီတစ်သက် နောင်ပြန်ဆုံစရာလမ်းမရှိတော့ပါ၊ ဆန်ဆုံရင်စား ကံကုန်ရင်သွားကြစမြဲပါ၊ ဒီနေရာမှာ လူဒို ကချွင်းချက်ပါ၊ သူကျွန်တော့ဆီ မပြတ်စာတွေရေးရင်း နောက်ပိုင်းမှာတော့ သူမြန်မာနိုင်ငံ ကိုသွားဖို့ ပြင်ဆင်နေတဲ့ အကြောင်းပြောပါတယ်။ ဒီတော့ သူ့
ခရီးစဉ်အတွက် အဆင်ပြေအောင် ကျွန်တော့ ဇနီးနဲ့ ဘယ်လို ဘယ်ပုံ ဆက်သွယ်ဖို့ ပြန်ရေးလိုက်ပါတယ်။ ဒီလိုနဲ ၁၉၉၇ ဖေဖ၀ါရီလမှာသူ ရန်ကုန်ကို ချောချောမောမော ရောက်သွားပါတယ်။ ၂ပတ် ဗီဇာနဲ့ပါ။ (ကျွန်တော်ကတော့ ခွင့်အချိန်မတန်သေးလို့ မလိုက်နိုင်ပါ)

ရောက်တော့ ကျွန်တော့ဇနီး နဲ့ယောက္ခမကြီးရဲ့ကျေးဇူးနဲ့မို့ အစစအဆင်ပြေပါတယ်၊ သူကဒီနိုင်ငံကို တစ်ခါမှရောက်ဘူး တာမဟုတ်လို့ အခြားတိုးရစ် တွေလို လျှောက်လည်မယ်ဆိုရင် လည်စရာတွေ တစ်ပုံကြီးပါ၊ ဒါပေမဲ့ သူ့အာသီသကိုက တရားစခန်းမို့ ရောက် မဆိုက်မှာပဲ ဗဟန်းမြို့နယ်က ရွှေတောင်ကုန်း ဓမ္မရိပ်သာကို ပို့ပေးလိုက်ရပါတယ်။ ၁၀ရက်တရားစခန်းဝင်ဖို့ပါ။ သူ့လိုနိုင်ငံခြားသား တစ်ယောက်အဖို့ ခုလိုရိပ်သာဝင်ရတာ လွယ်တဲ့ အလုပ်တော့မဟုတ်ပါ။ အခက်ခဲပေါင်းများစွာနဲ့ပါ။ ဦးဆုံး
ပြဿနာက သူကတရားဝင်ဖို့ကြိုတင်ခွင့် တင်ထားတာမဟုတ်လို့ ဆရာတော်က သူ့ကိုညအိပ်ယောဂီ အနေနဲ့ လက်မခံနိုင်တာပါ။ ရိပ်သာရဲ့စည်းမျဉ်းပါ၊ (ကျွန်တော်တို့ သတိလွတ်သွားမိတာပါ)ဒါပေမဲ့နေ့ယောဂီ အနေနဲ့ နံနက်သွား ညနေပြန်ဝင်နိုင်တာမို့ သူ့ကိုကြိုပို့ လုပ်ပေးဖို့  သူငယ်ချင်းရဲ့ ကားပါစီစဉ်ပေးရပါတယ်။ သူ ဟိုမှာ အဆင် မပြေ ဖြစ်မှာကို ကျွန်တော်ဒီကနေအရမ်း  စိုးရိမ်နေမိပါတယ်၊ ဘာလို့လဲဆိုတော့ သူမြန်မာနိုင်ငံ သွားမယ် ဆိုကတည်းက သူ့အသိုင်းဝိုင်းကကော၊ အဖွဲ့အစည်းအချို့ကပါ၊ မသွားဖို့ ၀ိုင်းဖျက် လိုက်ကြတာ၊ စာတစ်တန် ဖုန်းတစ်တန်နဲ့ မနည်းပါ။ ဒီကြားထဲကနေ သူသွားရတာပါ။

သူတည်းတော့ ခရစ်ယန်အသင်းတိုက် YMCA မှာ၊ သွားသွားအားထုတ်တာက ဗုဒ္ဓ၀ိပဿနာ ဆိုတော့ ဘေးလူတွေမျက်စိ နောက်စရာပင်၊ သူကတော့ သူ့ယုံကြည်ချက်နဲ့သူမို့မမှုပါ။ အခြားအခက်အခဲ တွေကတော့ အစားသောက်နဲ့ အနေအထိုင်ပါ၊ အစားသောက်က မဆင်းရဲပေမဲ့ သူစားဖူးနေကြမဟုတ်တော့၊ ၀မ်းက မကြာမကြာ ဒုက္ခ ပေးပါတယ်။ နောက်ပြီး ကုလားထိုင်ပေါ်ထိုင်နေကျ လူက ကြမ်းပြင်ပေါ် အချိန်ကြာကြာ ထိုင်နိုင်ဖို့ မလွယ်ပါ။ ဒါကအဆိုးဆုံးထင်ပါတယ်။ သူကဒါတွေကို ကျော်လွှားပြီး ၁၀ရက်စခန်း ပြီးအောင်နေသွား နိုင်တာ တော်ရုံဇွဲ နဲ့တော့မဖြစ်နိုင်ပါ။ ဒါနဲ့တင်မကပါ၊ ရွှေတောင်ကုန်း ပြီးတော့ ရသမျှရက်လေးမှာ ဦးဘခင်  ရိပ်သာဆက်ဝင်ပါသေးတယ်၊ ဦးဘခင်ဆီမှာတော့ အနောက်တိုင်းဆန်တာမို့ သူ့တွက်ပိုအဆင်ပြေတယ် ဆိုနိုင်ပါတယ်။ ဒီလိုနဲ့ ၂ပတ်ပြည့် တော့ ပြန်ထွက်ခွါသွားပါတယ်၊ ဒါတွေနဲ့မကျေနပ်သေး။အပြန်ခရီးမှာလည်း အိန္ဒိယ ကိုဝင်ပြီး ပူးနားမြို့က ဆရာဦးဂိုအင်ဂါ ရဲ့တရားစခန်းမှာ ၂ပတ်တရားဝင်ပါသွားသေးတယ်။ အာဂ လူဒိုပါပဲ။ ကျွန်တော်တော့သူ့ကြည့်ပြီး ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဝင်တစ်ယောက် လို့ဆိုရမှာပင် ရှက်မိပါတယ်။ ဒီတုန်းကသူ့အသက်က ၄၀ပြည့်လုလု ပဲရှိပါသေးတယ်။ သူ့ထက် ၁၀နှစ်ကြီးတဲ့ ကျွန်တော် က တရားစခန်းပင် မ၀င်ဘူးသေး။
မနှစ်က လူဒိုနဲ့အတူ သူ့အိမ်ထမင်းစားခန်းမှာ

သူ့နောက်ပိုင်းဇာတ်လမ်း ကိုဆက်ရရင်တော့ ၁၉၉၈ နှစ်ကုန်လောက်မှာ သူနမီးဘီးယား ကိုအပြီးပြန်ရောက် လာပါတယ်။ ခုတစ်ခေါက်က အရင်လို အစိုးရအလုပ် မဟုတ်တော့ပါ။ ကိုယ်ပိုင် (အကြောပြင် အကြောလျှော့) စီးပွါးရေးလုပ်ငန်းတစ်ခု  ဇောက်ချလုပ်ဖို့ ပါ။ ဒိအတွက် ကျွန်တော် အထက်မှာပြောခဲ့တဲ့ ၂ထပ်တိုက်သစ် လေးကိုဝယ်ဖြစ် သွားတာပါ။ ပြီး Anicca Avenue လို့ အမည်ပေးလိုက်တာပါ။

သူ့အိမ်ရဲ့ အည့်ခန်းနဖူးစီးမှာ သူထိုင်းနိုင်ငံက ၀ယ်လာတဲ့ တစ်ပေလောက် ရှည်တဲ့ဗုဒ္ဓရဲ့ မျက်နှာတော်ပုံ ရုပ်ထုလေးကပ်ထားတာ အတော်လေးကို ကြက်သရေ ရှိလှပါတယ်။ အည့်ခန်းအနှံ့ မှာလည်း ဗုဒ္ဓရဲ့ ပုံတော်တွေ၊ ရုပ်ထုတွေနဲ့ပါ။ သူ့အည့်ခန်းမှာ ထိုင်စရာ ဆိုလို့ ဆိုဖာတွေ ကုလားထိုင်တွေ ပင်မထားပါ။ ကြမ်းပြင်ပေါ်မှာပဲ ကေါ်ဇောခင်း စားပွဲ အနိမ့်လေးတွေနဲ့ တင်ပလင်ခွေ ထိုင်ရတာပါ။ သူ့စိတ်ကဒီ လောက်ထိ အရှေ့တိုင်းဆန်နေတာပါ။ သူပိုယ်တိုင်ကလည်းပဲ နောက်ပိုင်းမှာလုံးဝကို အနေ
အထိုင် ပြောင်းသွားပါတယ်။ သေချာတာက အရင်လို အပျော်အပါး မများတော့ ဟိုတုန်းကဆို ကျွန်တော့ဆီရောက်လာတိုင်း ဂျာမန်ဆေးကျောင်းသူ၊ ဆေးကျောင်းသားလေးတွေခေါ် ညကလပ်တွေ သွားညလုံးပေါက် က၊ကြ ဘိလိယက် ထိုးကြ၊ ဘီယာတွေသောက်ကြနဲ့ပါ (ရောမိရောရာ ကျွန်တော်လည်းပါပါတယ်) အစားအသောက် မှာလည်း အရင်လို မသောင်းကျန်းတော့၊ အရင်က ကျွန်တော့ဆီလာလျှင် စားစရာသောက်စရာ ကားပေါ်မှာ အပြည့် အပြင် ကျော်စရာ လှော်စရာချက်စရာ အိုးခွက်တွေ နဲ့လာတတ်သူဟာ နောက်ပိုင်းတော့ တစ်မယ်နှစ်မယ်ထက်မပိုတော့။ စကားအပြော အဆိုမှာလည်း တရားသဘောတွေ အပြည့်နဲ့ပါ။

ခုချိန်မှာတော့ သူ့အိမ်မှာ စနေ၊ တနင်္ဂတွေနေ့တွေမှာ နီးစပ်ရာ လူဖြူ(အမျးစု) လူမည်း တွေ ခေါ်ခေါ်ပြီး ဗုဒ္ဓရဲ့ အတွေးခေါ်တွေ သူကဦး ကပဲ ဦးဆောင်ပြီး ဆွေးနွေးပွဲလေးတွေ workshop လေးတွေလုပ်နေပါတယ်။ လူတော့မများသေးပေမဲ့ နောင်တစ်နေ့မှာသူ့အိမ်ကို ၀ိပဿနာ စခန်းတစ်ခု ဖြစ်လာအောင် သူရည်မှန်း ထားပါတယ်တဲ့။ သူ့ဂေဟာနဲ့မျက်စောင်းထိုး နေရာမှာတော့ ဧရာမ ခရစ်ယန်ဘုရား ကျောင်းကြီးနဲ့ စနေ၊ တနင်္ဂနွေ နေ့တွေမှာ ဆိုလူတွေစည်ကားလှပါတယ်။ သူမမှုပါ သူ့လမ်းစဉ်နဲ့ သူချီတက်နေပါတယ်။

လူဒိုတစ်ယောက် ခုလောက် ဗုဒ္ဓအပေါ် ယုံကြည်ချက်ပြင်းထန်နေလေတော့ အကယ်လို့ တစ်စုံ တစ်ယောက်ကများ သူ့ကို မင်းဗုဒ္ဓဘာသာဝင် ဖြစ်သွာပြီလားလို့ မေးငြားအံ့ သူဘယ်လိုဖြေမယ် ထင်ပါသလဲ၊ ကျွန်တော်မေးကြည့်တော့သူကမဟုတ်ပါဘူးတဲ့။ စာရှုသူများမျက်စိလည်သွားမလားပဲ၊ ဗုဒ္ဓရဲ့လမ်းစဉ်ကိုလိုက်သူဟာ ဗုဒ္ဓဘာသာဝင် ပဲဖြစ်ရမှာပေါ့။ ရှင်းနေတဲ့ ကိစ္စပါ။ သူကသူ့ကိုယ်သူ ဗုဒ္ဓဘာသာဝင် လို့မခံယူတာအကြောင်းရှိပါတယ်။

အမှန်တော့ ဗုဒ္ဓရဲ့တရားတွေက Universal truth တစ်လောကလုံး စကြ၀ဋ္ဌာတစ်ခုလုံး နဲ့သက်ဆိုင်တဲ့ အမှန်တရား တွေပါ။ ဒီတရားတွေကို ဗုဒ္ဓရဲ့ ရွှေဥာဏ်တော်နဲ့ ထိုးထွင်းသိခဲ့တာပါ၊ ဗုဒ္ဓကတီထွင်ပြီး ဥပဒေတွေ ချမှတ်ရေးခဲ့တာမဟုတ်ပါဘူး၊ ဒါကြောင့်မို့ ဒီတရားတွေဟာ လူမျိုးတစ်မျိုး၊ ဘာသာ တစ်ခုတည်းနဲ့သာဆိုင်တယ်၊ ကျန်လူတွေနဲ့မဆိုင်ဘူး ပြောလို့မရပါဘူး။ ၀ိပဿနာအလုပ်ဆိုတာ ဘယ်လူမျိုးမဆို ကျင့်နိုင်ရင် အကျိုးရှိမည့်တရားတွေပါ၊ ဒီလိုကျင့်ဖို့ရာ ဗုဒ္ဓဘာသာထဲလည်းဝင်စရာမလိုပါ။

ဒါကြောင့် ၀ိပဿနာအလုပ် မှာသမာဓိရအောင် (အသက်)ရှူသွင်း ရှူထုတ်တာ သို့မဟုတ် (၀မ်းပိုက်) ပိန်တာဖေါင်းတာ တစ်ခုခု မှာအာရုံစူးစိုက် မှတ်ဖို့ ဗုဒ္ဓကမှာခဲ့တာပါဗုဒ္ဓ၊ ဗုဒ္ဓ လို့  ငါ့နာမည် ကိုတစ်ချိန်လုံး ရွတ်ဆိုနေရမယ်၊ ဒါမှသာငါဘုရား ကယ်တင်လိမ့်မယ် မမှာခဲ့ပါဘူး၊ ဒီနေရာမှာ ဗုဒ္ဓက အခြားဘာသာ တွေနဲ့စာလျှင် အတော့်ကို ကွာသွားပါပြီ၊ တစ်နည်းပြောရရင် ဗုဒ္ဓက အင်မတန် သဘောထားကြီးတယ် ဆိုရပါမယ်။
ယခုနှစ် မေလက ကျွန်တော်တို့ မိသားစုနဲ့အတူ လူဒိုရဲ့နေအိမ် ညစာစားပွဲမှာ
( ကျွန်တော့် family အနေနဲ့ ၁၆ နှစ်ကြာမှ သူနဲ့ပြန်ဆုံမိကြတာပါ )
ကိုလူဒိုရဲ့ဆိုလိုရင်းကလည်း ဒါပါပဲ။ ခုလိုလူသားအားလုံးနဲ့ သက်ဆိုင်တဲ့ ဘာသာကြီးကို ဗုဒ္ဓဘာသာဝင် တွေကသာ ပိုင်တယ်၊ ဆိုတဲ့ကျဉ်းမြောင်းတဲ့ ၀ါဒကို သူလက်မခံနိုင်တာပါ။ သူ့သဘောက ဗုဒ္ဓ ရဲ့ဝါဒကို ကမ္ဘာအနှံ့ ပျံ့စေချင်တာပါ။ ဒါကြောင့် သူ့ကိုယ်သူ့  ဗုဒ္ဓဘာသာဝင် လို့မသတ်မှတ် လိုတာပါ။


စိုးမြင့်-မေ့ဆေး
ခေတ္တ အိုရှာခါတီ၊ နမီးဘီးယား။
၂၀၀၀ ခုနှစ်၊ (မတ်လ) မဟေသီ မဂ္ဂဇင်း။

12 မှတ်ချက်:

စော

သူတို့ တွေက ဘာသာတခုကို ယုံကြည်ရင် တကယ်လုပ်တာပါ။
ဒါကြောင့် ဗုဓ်ဒဘာသာ လို့ ပြောနေတဲ့ မြန်မာတွေထက် ပိုသာတယ်လို့ ပြောရမှာပဲ။
ဆရာ အနေနဲ့ လဲ ကိုယ်တိုင် မလုပ်နိုင်ပေမယ့်လဲ သူများကို ကူညီရတာ ကုသိုလ် တစ်မျိုးရတာပေါ့နော်။
ဒါပေမယ့် ဘုရားပွင့်တဲ့ ကမ်ဘာမှာ လူဖြစ်လာရကြိုးနပ်အောင်တော့ တစ်ခုခုကျန်အောင် လုပ်ဖို့ ကြိုးစားသင့်မှန်း ကိုယ်တိုင်လဲ သိပါတယ်။ ဆရာစာတွေ ဖတ်ရတော့ လူအသက်ဟာ အချိန် မရွေးသေနိုင်တာကို ပိုတွေ့ လာရတယ်။ တကယ်လဲ အနိစ်စပါပဲ ဆရာ ....

မြစ်ကျိုးအင်း

ကြည်နူးဖို့ကောင်းတဲ့ ဆောင်းပါးလေးပါ ဆရာ။
ကိုယ့်ဘာသာကို လေးလေးစားစား ရှိကြတယ်
ကြားတိုင်း ဝမ်းသာမိပါတယ်။ သူ့အတွက်
သိသလောက် ညွှန်ပြပေးလိုက်တဲ့
ဆရာကိုလည်း ကျေးဇူးတင်မိတယ်။

ပို့စ်တိုင်း မဖတ်ဖြစ်ပေမယ့် ရောက်တိုင်း ၂ ပုဒ်
၃ ပုဒ် ဖတ်ဖတ် သွားဖြစ်ပါတယ်။

ကျနော်က သန်လျင်သားဆိုတော့ ရေလယ်ဘုရား တည်ရှိတာက သန်လျင်ကနေ ဆက်သွားရတဲ့ ကျောက်တန်း
မြို့မှာပါ။ သန်လျင်ကျောက်တန်းလို့ အလွယ်
ခေါ်ပေမယ့် တမြို့ဆီပါ။ ဓါတ်ပုံတစ်ခုမှ
သန်လျင်ရေလယ် ဘုရားဆိုတာ မြင်မိလို့။

ဟန်ကြည်

သူတို့လူမျိုးက ဘာမဆို ထဲထဲဝင်ဝင်လေ့လာလေ့ရှိတာမို့ ဗုဒ္ဓဘာသာရဲ့ တကယ့်အနှစ်သာရကို ကျကျနနခံစားခွင့်ရသွားတာပါဆရာ...ဒီဆောင်းပါးကိုဖတ်ပြီးမှ ကျွန်တော်တို့ အတော်လိုနေသေးတာ သိလိုက်ရပါတယ်...ကျေးဇူးတင်ပါတယ်ဆရာ...

စိုးမြင့် (မေ့ဆေး)

စော
ကျွန်တော် တို့ကရိုးသားစွာဝန်ခံရရင် မိရိုးဖလာဗုဒ်ဓ
ဘာသာဆိုတော့ ကိုယ့်ဘာသာကိုကိုယ် တန်ဘိုး ထားရ ကောင်းမှန်းမသိကြတာပါ၊ ကိုယ်ရှူနေတဲ့ လေလိုပေါ့။
ရုပ်ရှင်ဒါရိုက်တာ ဦးစန်းလွင်ရဲ့ "ဗုဒ်ဓကို သက်ဝင်
ယုံကြည်ကိုးကွယ် ဆည်းကပ် လာသူတစ်ယောက် အကြောင်း" ကိုဖတ်စေချင်ပါတယ်။ သူကမူလ မူစလင် ကနေ ခရစ်ယန်၊ နောက်ဆုံးတော့ ဗုဒ်ဓဘာ
သာနဲ့ကျမှ တရားမှန်တွေ့သွားပြီး ရဟန်းဘောင်ဝင်၊ မကွေးမှာ ၀ိပဿနာစခန်းပင် ဖွင့်ခဲ့တာပါ။ ဓမ္မဆိုတာ
ကိုယ်တိုင်ကျင့်ကြံမှပဲ တွေ့နိုင်တာပါ။ ကျွန်တော့စာတွေ ဖတ်ပြီး အနိစ္စသဘော ကိုပိုသိမြင် လာတယ်ဆို တော့ကျွန်တော့စာတွေက လူသေမှု တွေသိပ်များနေပြီ လားမသိ။

စိုးမြင့် (မေ့ဆေး)

မြစ်ကျိုးအင်း
ဓမ္မဒါန တစ်ခု ကျွန်တော်ပြုဖြစ်လိုက်တာပါ။ ကူညီခံစား ပေးတာဝမ်းသာပါတယ်။
အမှားထောက်ပြတာတွက် ကျေးဇူးပါ။ ပြင်လိုက်ပါပြီ။

စိုးမြင့် (မေ့ဆေး)
This comment has been removed by the author.
စိုးမြင့် (မေ့ဆေး)

ဆရာဟန်ကြည်
မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့စကား ရှိသားပဲ။
ကျွန်တော်တို့ အတော်များများက ကိုယ့်ဘာသာကို ဒိပ်အောက် နေပြီထင်နေကြပြီး၊ အနောက်တိုင်းဘာသာ
ကိုမှအထင်ကြီးနေချင်ကြတယ်၊ (လွယ်လည်းလွယ်တယ်
မဟုတ်လား)ကိုယ့်ဘာသာကို လေ့လာရကောင်းမှန်း လည်းမသိတော့ ပိုဆိုးတာပေါ့။ ဒါပေမဲ့ အနှစ်သာရ မှာတော့ ဘာမှမှမဆိုင်တာ။ သိပ်ပံ နည်းကျ စစ်စတမ်း ဆိုရင် ဗုဒ်ဓကိုမှီတဲ့ ဘာသာလောက မှာမရှိပါဘူး။ ကျွန်တော့စကားမဟုတ်ပါ၊ အိန်းစတိန်း ကိုယ်တိုင်ပြောခဲ့တာပါ။ သူကဘာသာမရှိတဲ့ ကမ္ဘာကျော် scientist ကြီးလေ။

စော

ဆရာရေ
အနစ်စ ဆိုတာ မမြဲခြင်းလို့  မှတ်သားရဘူးတယ်။
အသက် အရွယ်တွေ တဖြည်းဖြည်းကြီးပြီ အိုးမင်လာတာဟာလဲ ဒီသဘောပဲလို့ ထင်တယ်။
သေမယ့်သူကရှင်လာပြီ၊ ရှင်ဖို့ အခွင့်အရေးများတဲ့ သမီးက သေသွားတဲ့ bushmen သားအမိလို အကြောင်းအရာလေးတွေ ဖတ်ရတာ မျိုးပေါ့ ဆရာ။
ပြီး ဆရာတို့  အလုပ်က ရောဂါတွေ၊ ရှင်လူနာ ဒါမှ မဟုတ် သေလူနာတွေနှင့် ကင်းတာ မဟုတ်လိုပါ။
ဒါပေမယ်လူတွေဟာ သေမှာကို မေ့ထားပြီး မာန်၊ မာနတွေနှင့် တရားကို မေ့လျှော့ နေတာများလို့ ပါ...၊ ကိုယ့်ကိုယ်ကို တရားထိုင်ဘို့  သတိပေးတာပါ... :D

လင်းဦး(စိတ်ပညာ)

ဝမ်းသာစရာ သတင်းစကားတွေပဲ.... ကြည်းနူး ၀မ်းသာပီတိဖြစ်မိပါတယ်....

မိုးယံ

ဝမ်းသာ အားရ ရှိလိုက်တာ။ အရမ်းကို အစွဲအလမ်းကြီးပြီး ဥာဏ်အလင်း ပိတ်ထားခံရသူတွေကို လွတ်လွတ်လပ်လပ် လေ့လာ ကျင့်သုံးစေချင်လိုက်တာ။

တစ်ချို့က စာတွေဖတ်ပြီး တွေးကြည့်တယ်၊ ပြီးရင် ယှဉ်ကြည့်တယ်။ တစ်ဖက်သတ်ဆုံးဖြတ်ချက်တွေချပြီး ငါ့တို့ ဘာသာက ပိုကောင်းတယ် ယုတ္တိရှိတယ် လုပ်ကြပြန်ရော။

ဗုဒ္ဓသာသနာသည် အကျင့်နဲ့ အကြံ ကို ပူးပေါင်းရသော လက်တွေ့ကျသော သာသနာပါ ။ “ဗုဒ္ဓသာသနာဟာ အကြံသမားတို့ရဲ့ အရာမဟုတ်ပါ ” လို့ သီတဂူ ဆရာတော်ကြီး ဆုံးမ ဖူးပါတယ်။

ခရီးသည်(ခေတ္တ-ဩစတီးယား)

ဆရာ...
ဆရာပြောခဲ့တဲ့... ဆရာဦးဆန်းလွင်ရဲ့စာအုပ်ကို ကျွန်တော် မြန်မာပြည်မှာရှိစဉ်အခါက သူငယ်ချင်း တစ်ယောက်ဆီကနေ ခဏဌားဖတ်ဖူးတယ်...
နောက်ပိုင်းလိုချင်လို့လိုက်ရှာတာ မရဖူးဖြစ်နေတာ... ပြီးခဲ့တဲ့ ၂ ပတ်လောက်ကမှ မေမေပို့လိုက်လို့ ဆရာ ဦးစန်းလွင်ရဲ့ တရားခွေရလိုက်တယ်... ဆရာမှာ အလှမ်းအကမ်းရှိရင် အဲ့စာအုပ်ကို ဝယ်ချင်ပါတယ်ဆရာ... အကြောင်းပြန်ပေးပါ.... သူရဲ့တရားတွေကိုတော့ကျွန်တော် အွန်လိုင်းကနေ ရှဲပေးနိုင်ပါတယ်... ကျွန်တော်လိုနေတာက စာအုပ်ပါ....

လေးစားလျှက်...
ခရီးသည်(ခေတ္တ-ဩစတီးယား)

စိုးမြင့် (မေ့ဆေး)

ခရီးသည်-ခေတ္တ Austria
စိတ်ဝင်စားတာ ၀မ်းသာပါတယ်။ ကိုယ်တိုင်လည်းအဝေး
ရောက်နေသူမို့ စာအုပ်ကိုမညွှန်းတတ်ပါ။ 0n-line
link ကိုတော့ အောက်မှာထည့်ပေးလိုက်ပါတယ်။

https://mail.google.com/mail/#label/iMP+Notes/13044c3d275fb5b9

P/S ဆရာ့တရားတွေ ဖတ်ချင်ပါတယ်။

Soe Myint (Anaesthesia)  ©2009

Back to TOP