Sunday, May 29, 2011
" ၀ါးချက် ဇီဝိတဒါန ခရီး "
သကျမာန်အောင်ဘုရားနဲ့ပဏာရနေတဲ့ ၀ါးချက်သံဃာ့ဆေးရုံ
                                                     " ၀ါးချက် ဇီဝိတဒါန ခရီး"
ကျွန်တော်ရေးခဲ့ဘူးတဲ့ အတိုင်းဒီနှစ် ဇန္န၀ါရီ မှဧပြီလတိုင် ခွင့်သုံးလနဲ့ အိမ်ပြန်ဖြစ်ခဲ့ပါတယ်၊ စင်္ကာပူမှာ လည်ခဲ့တဲ့ တစ်ပတ်ကလွဲရင် အိမ်ပြန်ရောက်တော့ ရှိသမျှအလုပ်တွေကို သိမ်းကျုံး  လုပ်ရတာ ထုံးစံပါ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအပြင် ပတ်သက်ရာပတ်သက် ကြောင်းကူညီနိုင်တဲ့ လူတွေကိုလည်းကူညီ၊ တတ်နိုင်သလောက် အလှူတွေ  အတန်း လေးတွေပါ လုပ်ခဲ့နိုင်တာမို့၊ ကျေနပ်မှုတွေအပြည့် ရခဲ့ပါတယ်။ ဒီအထဲမှာကျေနပ်မှု အရှိဆုံးကတော့ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ " ၀ါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ" မှာ ကိုယ်တတ် ထားတဲ့ ပညာနဲ့ သွားရောက် ကုသိုလ်ပြုဖြစ်ခဲ့တာပါ။
ဧရာဝတီရဲ့ နံနက်ဆည်းဆာအလှ
အမေကင်း ဘုရားပေါ်မှမြင်ရတဲ့ ဧရာဝတီရှုခင်း
တောင်ရိုးပေါ်က လွမ်းဆွေး ဘွယ်ရာ စေတီငယ်လေးတစ်ဆူ
တမူထူးခြားတဲ့ သီတကူ ဗုဒ္ဓတက္ကသိုလ်
ကျွန်တော် ရန်ကုန်ရောက်ပြီး မကြာမီမှာပဲ ပါမောက္ခ ဆရာဦးမျိုးမင်း အမှူးပြုတဲ့ နား၊နှခေါင်း၊လည်ချောင်း (နနလ၊ ENT) ဆေးရုံမှ ဆရာဝန်(ဟောင်း) တွေက ၀ါးချက် ဆေးရုံ မှာသွားရောက် ကုသိုလ်ဖြစ်ဆေးကုသ ပေးကြမဲ့အကြောင်း သူငယ်ချင်း မေ့ဆေးဆရာဝန် တွေဆီက တဆင့်ကြားရပါတယ်။ ကျွန်တော်ကိုယ်တိုင် မနနလ ဆေးရုံကြီး (ဟိုတုန်းက မျက်စိနဲ့ တွဲလျက်ပါ) မှာ (၁၉၈၉-၁၉၉၂ ထိ) ၃နှစ်ကြာအောင် တာဝန် ကျခဲ့ဘူး၊ ဒီဆရာတွေ အားလုံးနဲ့လည်း ခင်မင်ဘူးနေတာမို့ သူတို့နဲ့ အတူလိုက်လိုကြောင်း ပြောပြတော့ အားလုံးက ၀မ်းပမ်းသသာ ကြိုဆိုကြပါတယ်။ ကျွန်တော်ပါ ပါတော့ မေ့ဆေးဆရာဝန် ၃ယောက်ဖြစ် သွားတာလဲ လိုအပ်ချက်တစ်ခုပါ။
အမှန်ဝန်ခံရရင် ဒီဆေးရုံကို စစ်ကိုင်း တောင်ရိုး မှာရှိတယ် ဆိုတာကလွဲရင် ကျွန်တော်ဘာမှမသိရိုး အမှန်ပါ၊ ဆေးရုံတည်ထောင် သူကိုလည်းမသိပါ။ စစ်ကိုင်းတောင်ရိုးက ကောင်းမှုတွေဆို သီတဂူ ဆရာတော် ဥူးဥာဏိတ္တရ ကိုသာသိထားတာမို့ ခုဆေးရုံကိုလည်း ဒီဆရာတော် ကပဲမတည် ခဲ့တယ်ထင်ခဲ့တာပါ။ အမှန်တော့ ၀ါးချက်ဆေးရုံ ကိုတည်ထောင်ခဲ့ သူမှာ ဆရာတော် ဥူးလက္ခဏ ပါ၊  ဧရာဝတီ မြစ်ကြီးနံဘေးက  "၀ါးချက်" ဆိုတဲ့ရွာလေး မှာတည်ထောင်ခဲ့တာမို့ ဒီနာမည်တွင် ခဲ့တာပါ။ ဆေးရုံကိုအမှီပြုပြီး ဒီရွာလေးလည်း လူသိများ စည်ကားလာတာပါ။ ဆေးရုံသာ ဆိုပေမဲ့ ဆရာဝန်ချို့တဲ့ရှာပါတယ်။ စပယ်ရှယ်လစ် တွေဆိုတာ ဝေးလို့ ပုံမှန်ဆရာဝန် တစ်ယောက်ပင် ရှိတာအနိုင်နိုင်ပါ။ မန္တလေးဆေးရုံကြီးက ဆရာဝန်တွေ နိုင်ငံခြားမှ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ မကြာမကြာလာရောက် ကူညီကြလို့ အများသူငါအားထားရာဆေးရုံ တစ်ရုံ ဖြစ်လာခဲ့တယ် ဆိုပါတယ်။ ဒီသတင်းကို ကြားရလို့ ပိုပြီးစိတ်ဝင်စားမိ၊ သဒ္ဓါတရားတွေ ပွါးများမိ၊ ရောက်ဘူးချင်မိတာ လည်းအမှန်ပါ။
ကျွန်တော်တို့ ခရီးစတင်မဲ့ ရက်က မတ်လ ၉ရက်နေ့ပါ၊ အဲဒီရက်မတိုင်မီ တစ်ရက်က နှင်းဆီကုန်းဆေးရုံမှာ လိုက်ပါမဲ့ ဆရာဝန်တွေဆုံ၊ ဆရာဦးမျိုးမင်း ကဦးဆောင်ပြီးအလုပ်သဘော ဆွေးနွေးကြ တာသွားတက် ရပါသေးတယ်။ တက်လာတဲ့သူတွေ ကိုကြည့်လိုက်တော့ အများစုကို ကျွန်တော်မသိပါ၊ ဆရာဦးမျိုးမင်း နဲ့မေ့ဆေး ဒေါ်အေးသစ်တို့ ကလွဲရင် တချိန်ကအတူလုပ်ဖေါ် ကိုင်ဖက်တွေဖြစ်ခဲ့တဲ့  Dr.အောင်ကျော်သန်း နဲ့ Dr.ခင်မောင်တင် တို့ကိုသာသိပါတော့တယ်။ ENT အများစုက နောက်မျိုးဆက်သစ် လူတွေပါ။
ဒါတောင် ခုရှိတဲ့သူတွေအများစုက ပင်စင်သွားပြီး သူတွေမို့ မိမိကိုယ်တိုင် ကိုယ့်နိုင်ငံနဲ့ ကင်းကွာနေတာ တော်တော်ကြာနေပြီ ဆိုတာဝမ်းနည်းဖွယ် သတိထားမိ လိုက်ပါတယ်။ ဒါကြာင့် ဆရာဦးမျိုးမင်းက သူ့လူတွေနဲ့ မိတ်ဆက် ပေးယင်း ဦးစိုးမြင့်က စာတွေလည်းရေးနေတာမို့ သူ့ရှေ့မှာ အပြောဆိုဆင်ခြင်ဖို့ အဆစ်လေးပါ ထည့်အရွှမ်းဖေါက်လိုက်ပါသေးတယ်။ အဲဒီအစည်းဝေးမှာ ခရီးစားရိတ် နဲ့လမ်းမှာ စားစရိတ်တွက် ကျပ် ၅၀၀၀၀/- စီ နဲ့၊တတ်နိုင်သလောက် ဆေး/ပစ္စည်းတွေ ထည့်ဝင်ဖို့ဆုံးဖြတ်ကြတာကို
အားလုံးက ၀မ်းသာစွာပဲ သဘောတူကြပါတယ်၊ အမှန်တော့ ကိုယ်ထူကိုယ်ထ ခရီးပါ။
ဒါနဲ့ ၉ရက်နေ့ ညနေပိုင်းမှာ နှင်းဆီကုန်းဆေးရုံမှာပဲ စုရပ်အဖြစ်ဆုံကြပြီး အောင်မင်္ဂလာ အဝေးပြေး ဂိတ်ဆီ ဆက်ကြပါတယ်။ အတိုချုံး ရေးရရင် နောက်နေ့ နံနက် ၆နာရီမှာ စစ်ကိုင်းမြို့ကိုရောက်၊ ၀ါးချက်ဆေးရုံက အကြိုလွှတ်လိုက်တဲ့ မီနီဘတ်စ ကားလေးပေါ်ပစ္စည်းတွေပြောင်းတင်၊ စားသောက်ဆိုင်ကြီး တစ်ဆိုင်မှာ နံနက်စာဝင်စားပြီး ဆေးရုံကိုထွက်ခဲ့ပါတယ်။ကျွန်တော့အဖို့ ကတော့ အားလုံးက အသစ်အဆန်းတွေချည်း မို့တစ်ညလုံးလမ်းမှာ အိပ်ပျက်ခဲ့တာ တွေလည်း သတိမရတော့ပါ၊ တက်ကြွလို့သာနေပါတယ်။ ဆေးရုံရောက်တော့နံနက် ၈နာရီရှိနေပါပြီ၊ ဆေးရုံက ဧရာဝတီမြစ်ကြီး နံဘေးမှာ ဒါပေမဲ့ကပ် လျက်တော့မဟုတ်ပါ၊ ဧရာမသောင်ပြင်ကျယ်ကြီးတွေ ခြားနေတာမို့ပါ၊ နောက်တစ်ခု သပ္ပါယ်စရာ နဲ့ ပဏာရနေတာက အနီးရှိ တောင်ကုန်းလေးပေါ်မှာ တည်ထားတဲ့  " သကျ မာန်အောင် " ဘုးရားလေးပါ၊ မင်းတုံးမင်း လက်ထက် ဗန်းမော်ဆရာတော် နဲ့ခေတ်ပြိုင် နိုင်ငံကျော် သီလရှင် အမေကင်းရဲ့ ကောင်းမှုလို့ဆိုပါတယ်။ ရောက်ရောက်ချင်းပဲ လူနဲ့ ပစ္စည်းတွေ နေရာချ၊ ဆေးရုံအပေါ်ဆုံး ခေါင်မိုးထပ် မှာအမျိုးသားတွေကိုထားပေးရာမှာဆရာဦးမြင့်ထွန်း၊ ကိုအောင်ကျော်သန်း နဲ့ကျွန်တော်တို့ ၃ယောက် ကတစ်ခန်း၊ ဒီအထပ်မှနေ ဧရာဝတီ မြစ်ကြီး ကိုဆီးမြင်နေရတဲ့ ရှုခင်းကတော့ တစ်သက်မမေ့နိုင်စရာပါ။ (ပါလာတဲ့ မှန်ပြောင်းလေး သေးနေတာကိုပင် အားမရပါ) လောလောဆယ် ဒါတွေကိုမကြည့်နိုင်အားသေး။ ရက်ကသိပ်ရတာမဟုတ်လို့ ဘယ်သူမှ မနားနိုင်အားကြပါ။ ပြီးပြီးချင်း အောက်ဆုံးထပ် အပြင်လူနာခန်းတွေဆီ ပြန်ဆင်းပြီး လူနာတွေကြည့်ရပါတယ်၊ ကျွန်တော်တို့အထူးကုအဖွဲ့ လာမည့်
နေ့ကိုကြိုတင် ကျေငြာထားတာမို့ အားကိုးတကြီး လာစောင့်နေတဲ့လူနာတွေက တပုံကြီးမဟုတ်ပါလား။
မင်းကွန်း ရွာလေးမှာတွေ့ခဲ့ရတဲ့ ရှင်ပြုပွဲတစ်ခုက ရွှေလှည်းယဉ်လေး
မင်းကွန်း ကဧရာဝတီမြစ်ဆိပ်ပါ
ဦးပိန် တံတားပေါ်မှာ
ENT နနလ ဆရာတွေက သူ့ဆိုင်ရာလူနာတွေကိုကြည့်၊ အထွေထွေခွဲစိပ် လူနာတွေကိုတော့ ဆရာဦးမြင့်ထွန်းက ကြည့်၊ ခွဲဖို့လိုတဲ့လူနာတွေကိုတော့ ဒေါ်ပဂ္ဂီ၊ ဒေါ်အေးသစ် နဲ့ ကျွန်တော်တို့ မေ့ဆေးအဖွဲ့ကနေ လိုအပ်တဲ့ စမ်းသပ်မှုတွေ၊ ဓါတ်မှန်တွေ၊ ECG တွေ လုပ်ခိုင်းရပါတယ်၊ ၁၂ နာရီလောက်ကျတော့ ခွဲစိပ်ခန်း စ၀င်ကြ နဲ့ဆိုတော့၊ တော်တော့ကိုမချောင်ပါ၊ ဒါပေမဲ့ ကုသိုလ်ရေးမို့ အားလုံးက တက်ကြွရွှင်လန်း နေကြပါတယ်၊ ဘယ်သူမှမငြီးကြပါ။ ခွဲစိပ်ဆရာဝန်တွေ အပြင်အထွေထွေ နှင့်ကလေး အထူးကု ဆရာဝန် တစ်ယောက်စီပါ ပါလာတာမို့ သူတို့လည်းသူတို့ လူနာတွေ နဲ့လက်မလည်ပါ။ ကျွန်တော်တို့ အစီစဉ်မှာ ဆေးကုတာတွေအပြင် လူနာတွေ ကိုဆေးပညာပေး ဟောပြော ပွဲအစီစဉ်တစ်ခု
နေ့လည်ပိုင်းမှာ ခန်းမတစ်ခုမှာ မှာလုပ်ပေးတာလည်းရှိပါသေးတယ်။ ၀ါသနာပါသူတွေက တက်ပြော လာ နားထောင်သူတွေလည်း မနဲပါ။
ဧရာဝတီမြစ် နံဘေးက စေတီလေးတစ်ဆူ
တောင်ရိုးပေါ်ကစေတီလေးနဲ့ ညနေဆည်းဆာ
စစ်ကိုင်းကောင်းမှုတော်ကြီး ယခုနှင့် နှစ် ၄၀ခန့်က ကျွန်တော်ရောက်ခဲ့စဉ်က
ဝါးချက်ခရီးစဉ် ၃ရက် (၁၀၊၁၁၊၁၂)မှာ မင်းကွန်းက ဆေးပေးခန်း ကိုလည်းလူခွဲပြီး ၁၁ရက် နေ့မှာ ဆေးခန်းသွား ထိုင်ပေးပါသေးတယ်။ နနလ လူနာတွေအဓိကပါ။ ကျွန်တော်မရောက်ဘူးတာ နှစ်ပေါင်း ဆယ်စုမက ကြာပြီ ဖြစ်တဲ့ လောကမာရဇိန် စေတီ၊ မင်းကွန်းခေါင်းလောင်းကြီး နဲ့မင်းကွန်းလူအိုရုံ တို့ပါရောက်ခဲ့ရတာ ကြီးစွာသော ဆုလာဘ်ကြီးပါ။ ၁၂ရက်နေ့ မှာတော့ ကျွန်တော်တို့စခန်းသိမ်းပွဲပါ၊ ကြည်နူးစရာကောင်းတဲ့ နေ့ရက်တွေက ကုန်မြန်လွန်းလှတာ ထုံးစံမို့ စိတ်ထဲမှာသိပ် အားမရနိုင်ပါ။ အဲဒီနေ့ ညနေပိုင်းမှာတော့ ဆေးရုံခန်းမကြီးမှာ ဆရာတော်ကိုယ်တိုင် လာရောက်ပြီး နှုတ်ဆက်စကား ပြောကြားပါတယ်။ ခုမှပဲဆရာတော်ကို ဖူးဘူးတာပါ။ ကျွန်တော်တို့ အနေကျုံ့မှာစိုးလို့ ထင်ပါတယ်
ဆရာတော်က ကျွန်တော် တို့ဆီတစ်ခါမှ လာမကြည့်ပါ။ ဒါပေမဲ့ ဆရာတော့်လူတွေက တော်ကြပါတယ်။ အစားသောက် တွေဆိုလည်း လိုသေးမရှိ၊ ကားဆရာဆိုလည်း မမောစတမ်း ကျွန်တော်တို့ လိုရာကို ပို့ပေးရုံမက တိုးဂိုက်တစ်ယောက်အလား၊ ဒေသန္တရ ဗဟုသုတ တွေပါရှင်းပြ ရှာပါတယ်။ အဲဒီနောက်ဆုံးနေ့ ညနေမှာ တော့အချိန်ရတာနဲ့ ကျွန်တော်တို့အဖွဲ့ ကိုစစ်ကိုင်း တောင်ရိုး တစ်လျှောက် စေတီပုထိုးတွေဆီ ပို့ပေးလို့ စစ်ကိုင်း ကောင်းမှုတော် စေတီကြီး၊ တမှုထူးလှတဲ့ ဆရာတော် ဥူးဥာဏိဿရ တည်ထောင် ထားတဲ့ ဗုဒ္ဓတက္ကသိုလ်၊ ပုထိုးတော်ကြီး၊ မင်းတုန်းမင်းကြီး တူးခဲ့တဲ့ကြက်ထောင့်ကန်၊  စတာတွေနဲ့ မှောင်တော့ စစ်ကိုင်းတောင်ရိုးပေါ်က ဆွမ်းဦးပုညရှင် စေတီတို့ ကိုတစ်ဝကြီး ဖူးခဲ့ရပါတယ်။ ပုညရှင် စေတီပေါ်မှနေ မြင်ရတဲ့ စစ်ကိုင်းတောင်ရိုး ရဲ့ ညရှုခင်းကတော့ မမေ့နိုင်စရာပါ။ နေ့ခင်းလိုစေတီပုထိုး တွေကိုမမြင်ရပေမဲ့ မီးရောင်တလက်လက် နေရာအနှံ့မြင်ရတာကတော့ ဗုဒ္ဓဘာသာတွေတွက် ဂုဏ်ယူစရာမဟုတ်ပါလား။ အဆိုတော် (ဦး)အံ့ကြီး၊ (ဒေါ်)ရီရီသန့် တို့ရဲ့ စစ်ကိုင်းတောင်ရိုး သီချင်းတွေနဲ့ ခုမြင်ကွင်းတွေ ပေါင်းစပ် လိုက်တော့ ကျွန်တော်တစ်ယောက် အာဖရိကပြန်ချင်စိတ်ပင် ကုန်နေပါပြီ။ အာဖရိက ဆိုတာက ဘုရားမရှိ တရားမရှိ သံဃာမရှိတဲ့ ပစ္စန္နတရစ် အရပ်ပဲမဟုတ်ပါလား။ ဒါပေမဲ့ ....ဒါပေမဲ့ပေါ့လေ ............။
စစ်ကိုင်းတောင်ရိုး တစ်လျှောက် ဘုရားတွေ လည်ဖူးရတော့ မြစ်ကြီးဧရာဝတီ ကိုတော့မမြင်ချင်မှအဆုံးပါ။ ဧရာဝတီ ကိုမြင်ရလေတိုင်း စိတ်ထဲမှာ ကြည်နူးဂုဏ်ယူမိပါတယ်။ (ဒေါ်)မြင့်မြင့်ခင်ရဲ့" မြစ်ကြီးဧရာဝတီ"  သီချင်းကတော့ အားမာန်ကြွစရာပါ။ ဧရာဝတီကြောင့်သာကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုထွန်းကားလာတာ၊ မြစ်ရိုးတစ်လျှောက် စေတီပုထိုးတွေ အပြိုင်အဆိုင်ပေါ်လာတာ မဟုတ်ပါလား။ အမှန်တော့ ဧရာဝတီဟာ မြန်မာတွေရဲ့ အသက်ပါပဲ။ ဧရာဝတီ သာမရှိတော့ဘူးဆိုလျှင် မြန်မာဆိုတာ ရှိနိုင်ပါတော့ မလားဆိုတာ စဉ်းစားစရာပါ။ ဒါကြောင့်မို့ မြစ်ထဲမှာ သောင်ပြင်ကျယ်ကြီးတွေ မြင်ရတိုင်းစိတ်ထဲမှာ မသက်မသာ ဖြစ်မိတာအမှန်ပါ။
ပြန်ခါနီး ဆေးရုံရှေ့မှာ အဖွဲ့ဝင်တွေအမှတ်တရ
ကျွန်တော်တို့ဆေးရုံကိုရောက်လာတဲ့ Indian Rotary Team ကြိုဆိုပွဲ
၁၃ရက်နေ့ နံနက်မှာတော့ ကျွန်တော်တို့ အပြန်ခရီးစဉ်စတင်ပါတယ်၊ ဆေးရုံကားနဲ့ မန္တလေးထိပို့ပေးတာမို့ ခရီးသွားဟန်လွဲ လမ်းမှာ ဦးပိန်တံတား၊ ဘုရားကြီး၊ ဈေးချို စတာတွေကိုလည်း ၀င်လည်ခဲ့ရပါသေးတယ်။
ခုခရီးစဉ်မှာ ကျွန်တော့အဖို့ကတော့ မိတ်ဟောင်းတွေ နဲ့ပြန်ဆုံရ မိတ်သစ်တွေ လည်းတိုး ဘုရားတွေလည်း ဖူးခွင့်ရ ကိုယ်တတ်ထားတဲ့ ပညာနဲ့နွမ်းပါးချို့တဲ့သူတွေကို ဒါနပြုခွင့်ရတာမို့ စိတ်ကြည်နူးမှုကတော့ ပြောမပြတတ်အောင်ပါပဲ။ ဒီနေရာမှာ ဆေးကုသမှု အတွေ့အကြုံလေး ကိုတော့ နဲနဲပြောပြချင်ပါသေးတယ်။ လူနာတွေက ကျွန်တော်တို့အဖွဲ့ကို အတော့်ကိုအားကိုးတကြီးနဲ့ လာပြကြတာပါ၊ လူတွေကအနီးနား တ၀ိုက်မှတင်မကပါဘူး ပခုက္ကူတို့ မုံရွာတို့ လိုဝေးလံတဲ့အရပ်တွေ ဆီကလာတာတွေလည်း တွေ့ရပါတယ်။ ဘာသာခြား ၀တ်ရုံအနက်ခြုံထားသူတွေ လည်းမနဲပါ၊ စိတ်မကောင်း စရာဖြစ်မိတာက ကျွန်တော်တို့ အနေနဲ့ ကလည်း ရက်များများမပေးနိုင် တာမို့လာသမျှ လူနာအားလုံးကို ကုန်အောင် မကုသပေးနိုင်ပါ။ အထူး
သဖြင့် ရောဂါကြီးတဲ့လူနာ အတော်များများကို နီးစပ်ရာဆေးရုံကြီးတွေမှာ ဆက်လက်ကုသဖို့ပဲ လွှဲစာတွေရေးပေး ခဲ့ရပါတယ်။ လူနာတွေကအတော်သနားဖို့ လည်းကောင်းပါတယ်၊ မသိနားမလည်လို့၊ မရှိလို့၊ တတ်ယောင်ကား ဆရာတွေနဲ့ ရှိသမျှလေး တွေလည်းကုန်၊ ရောဂါလည်းရင့် မှရောက်လာသူတွေ မနည်းပါ။ ကျွန်တော်တို့နဲ့တွေ့ မှကုသခွင့်ရလို့ ကျေးဇူးအရမ်းတင်ကြပါတယ်။
ခရီးမထွက်လာမီက ရက်တိုတိုလေးမို့ ကျွန်တော့အဖို့ မေ့ဆေးအနေနဲ့ လုပ်စရာမှသိပ်ရှိပမလား? လူပိုကြီးများဖြစ်နေမလား? လို့တွေးပူမိခဲ့တာအမှန်ပါ၊ လက်တွေ့မှာတော့ ကျွန်တော်တို့မေ့ဆေး ၃ ယောက်စလုံး လက်မလည်နိုင်အောင်ပါ။ အထူးသဖြင့် ခွဲတဲ့ထဲမှာ လည်ပင်းကြီး ရောဂါ (Goiter) သည်တွေ အတော်များတာမို့၊ တော်တော်လည်း လက်ဝင်ပါတယ်။ မင်းကွန်းဆေးခန်းက ကျွန်တော် ပြန်လာတဲ့နေ့ကဆို ကျွန်တော့လူတွေ တော်တော်လေး ဖလက် ပြနေတာမို့ ကျွန်တော်လည်း မနားအား၊ ပြန်ရောက်ရောက်ချင်း ပဲရေမိုးချိုး ခွဲခန်းထဲ တန်းဝင်ရတာ ည၁၀နာရီခွဲတဲ့ ထိပါပဲ၊ ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်။
လောကမာရဇိန် ဘုရားပေါ်မှလှမ်းမြင်ရတဲ့ ပုထိုးတော်ကြီး
ဧရာဝတီ ရဲ့လွမ်းမောဘွယ်ရာညနေဆည်းဆာ
 ဒီနေရာမှာ ကျွန်တော်တို့ ဆရာဝန်တွေအကြောင်းချည်း ပြောနေပြီး၊၊ ဆရာမတွေရဲ့ အခန်းကဏ္ဍ ကိုထည့်မပြောရင်တော့ ကျွန်တော်တာဝန် မကျေရာ ကျနေပါလိမ္မယ်။ အထူးသဖြင့် ခွဲခန်းဆရာမတွေ ကိုဦးဆောင် ခဲ့သူကတော့ အငြိမ်းစား စစ်စတာကြီး ဒေါ်မာမာဧ နဲ့အဖွဲ့ပါ။ သူတို့ခမျာလည်း အနားမရ လောက်အောင် ပင်ပန်းကြပါတယ်။ ခွဲခန်းအကူ ကိုစိုးဝင်း ဆိုသူကရင် အမျိုးသားလေးက လည်းဘက်စုံ အားကိုးရပါတယ်။ အထူးသဖြင့် မေ့ဆေးမှာပါ။ သူတို့တစ်တွေ အများစုက ခရစ်ယန်တွေ ဆိုပေမဲ့ ကျွန်တော်တို့တွေနဲ့ ဘုရားသွား ကျောင်းတက်အတူတူပါ။ အမှန်တော့ ကောင်းမှုကုသိုလ် တွေကို အတူတူလုပ်ကြတာမို့ ဘာသာချင်းမတူ တာကအကြောင်းမဟုတ်ပါ၊ အကျိုးပေးကောင်းကြမှာပါ။
ဒီမှာ လူနာအတော် များများက ကျွန်တော်တို့ ကိုကျုံ့ကျုံ့လေး  နဲ့လက်အုပ်ချီ နှုတ်ဆက်ကြ တာတွေမြင် ရတော့ ကျွန်တော့စိတ်ထဲမှာ တမျိုးကြီး ခံစားမိရပါတယ်။ ပုထုဇဉ် တစ်ယောက်မို့ နေရာပေးတာ၊ အရိုသေခံချင်တာ မကြိုက်ဘူးဆိုရင် ကျွန်တော်လိမ်ရာ သာကျပါလိမ္မယ်၊ အထူးသဖြင့် ကျွန်တော့လို အာဖရိကမှာ အနေများနေသူ တစ်ယောက်အဖို့ အတော့ကို ထူးဆန်းလို့နေပါတယ်။ သူတို့ရဲ့အသက်သခင် ကျေးဇူးရှင်လိုဖြစ်နေလို့ ဆိုတာကို လက္ခံပါတယ်၊ ဒါပေမဲ့ လက်အုပ်ချီ ရလောက်အောင်တော့ မလိုဘူး ထင်ပါတယ် (ဘုန်းကြီးတွေ မှမဟုတ်တာ) ကျွန်တော်တို့ ဒီမှာတော့ ဒီလိုလုပ်ဖို့ နေနေသာ၊ ကျေးဇူးတင် ပါတယ် လို့ပြောသံပင် မကြားရသလောက်ပါ။ သူတို့ရဲ့သဘောထားက ဆေးရုံဆိုတာ သူတို့ရဲ့ ရပိုင်ခွင့်၊ ဆရာဝန်တွေရဲ့တာဝန်က သူတို့ကိုကုသပေးဖို့၊ ဒိထက်မပိုပါ။ ဆေးရုံလာပြရလို့ မှတ်ပုံတင်ကြေးလေး မဖြစ်စလောက် ပေးရတာကိုပင် များတယ်၊ မတန်ဘူးထင်နေကြသူတွေ တပုံကြီးပါ။ (ဆေးရုံက အခမဲ့ ကုသပေးရုံသာမက အစားအသောက်၊ အ၀တ်အစား၊ စောင် မွေ့ရာ၊ တွေ ပါအခမဲ့ ရတာကိုတော့ ဘယ်သူမှထည့်မတွက်ကြ၊ အစိုးရနဲ့ ကျွန်တော်တို့ရဲ့ စေတနာကို နားမလည်ကြပါ) 
တိုက်တိုက် ဆိုင်ဆိုင် ပါပဲ၊ ကျွန်တော် ဒီပြန်ရောက်ပြီးနောက် မေလ၂၃ရက်နေ့ ကစပြီး ၂ပတ်တိုင် ကျွန်တော်တို့ဆေးရုံကို အိန္ဒိယမှ Rotary Club ခေါ်တဲ့ ခွဲစိပ်ဆရာဝန်အဖွဲ့ တစ်ဖွဲ့ လာရောက်ပြီး  အထူးခွဲစိပ်မှုတွေ ကုသိုလ်ဖြစ် ပြုလုပ်ပေးနေပါတယ်။ သူတို့အဖွဲ့ကိုမြင်ရတော့ ကျွန်တော်ရဲ့ ၀ါးချက် ခရီးစဉ်လေး ကိုပြန်ပြောင်းသတိရမိပါတယ်။ သူတို့ကတော့ ဧရာမအဖွဲ့အစည်းကြီးမို့ ကျွန်တော်တို့လို ကိုယ်ထူကိုယ်ထ သွားရတာနဲ့တော့မတူ နိုင်ပါ။ သူတို့မှာ အထူးကုဆရာဝန်ပေါင်း ၁၀ယောက် (ကျွန်တော်တို့ တုန်းကတော့ ၂၀ကျော်ပါ) ပါလာတဲ့ဆေးနဲ့ဆေးစ္စည်း တွေချည်းသက်သက် ကပင် ပေါင် (၅၀၀)လောက် ရှိတာမို့ စဉ်းစားသာကြည့်ပေါ့လေ။ သူတို့တွေကလည်း တက်ကြွနေလိုက်ကြတာ ကျွန်တော်တို့ တုန်းက အတိုင်းပါပဲ။ရောက်ရောက်ခြင်း ဟိုတယ်မှာ ကြိုဆိုမိတ်ဆက်ပွဲလုပ် ပြီးကတဲက တစ်ချက်လေးမှမနား၊ ပိတ်ရက်ပင်မရှောင်။ မေ့ဆေးမှာတော့ သူတို့ဆရာဝန် ၂ယောက် ပါလာရာမှာ တစ်ယောက်ကပါမောက္ခပါ။ သူတို့နဲ့အတူ တွဲလုပ်ရတော့ ပညာလည်း တိုးပါတယ်။
ဝါးချက် ခရီးမှာတုန်းက ကျွန်တော့ နာမည်ရင်း ပျောက်ပြီး " အာဖရိကကြီး " လို့အခေါ်များကြလို့၊ တစ်နေ့တော့ ဆရာဦးမြင့်ထွန်းက " ခင်ဗျားကိုဘာလို့ ဒီလိုခေါ်ကြတာလည်း? အာဖရိကများရောက်ဖူး  လို့လား " လို့မေးတာခံ ခဲ့ရဘူးပါတယ်။ ဆရာက ကျွန်တော်တို့ ဆေးကျောင်း ဒုတိယနှစ်ကတဲက ခန္ဒာဗေဒ မှာ ကျူတာလုပ်ခဲ့တဲ့ဆရာပါ၊ ခုနှစ်ပေါင်း ၄၀ လောက်ကြာမှ ကိုအောင်ကျော်သန်းလိုပဲသူလည်း ခွဲစိပ်ဆရာဝန် အနေနဲ့ မလေးရှား မှနေအပြီးပြန်လာပြီး ခုခရီးရဲ့ ကျေးဇူးနဲ့ ပြန်ဆုံဖြစ်ကြတာပါ။ ခုအိန္ဒိယအဖွဲ့နဲ့ ကျတော့လည်း ကျွန်တော့နာမည် Dr စိုး၊ မြန်မာနိုင်ငံကပါ၊ လို့အများရှေ့မှာ မိတ်ဆက်ထားပါလျက်နဲ့ သူတို့အားလုံးလိုလိုက ကျွန်တော့ကို  " စုကြည်း " လို့သာ မပီကလာနဲ့ခေါ်နေကြတာ ဘယ်လိုမှပြင်မရပါ။
မှတ်ချက်။  အချို့လူများရဲ့အမည်မေ့ကျန်ခဲ့သော်မှားယွင်းဖေါ်ပြခဲ့မိသော် တောင်းပန်ပါတယ်၊
ဝန်ခံချက်။
ဓါတ်ပုံအများစုမှာ အတူပါ သူငယ်ချင်းများရဲ့ လက်ရာများသာ ဖြစ်ပါတယ်။
စိုးမြင့် - မေ့ဆေး
ခေတ္တ Maseru
          Kingdom of Lesotho
29 May 2011
16 မှတ်ချက်:
လပြည့်ရိပ်
ပိုစ့်တိုင်း ဗဟုသုတတွေ ဝေမျှပေးလို့ မကြာခဏလာလည်ဖြစ်ပါတယ် ဆရာ... နောင်လည်းအားပေးနေပါ့မယ်...
Han Kyi
လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်ဆရာ...လူနာအားလုံးကို မကြည့်နိုင်ခဲ့တာ စိတ်မကောင်းမဖြစ်ပါနဲ့...ကြည့်ပေးနိုင်ခဲ့တဲ့လူနာတွေအတွက် ၀မ်းမြောက်ဝမ်းသာနဲ့ ကြည်နူးကျေနပ်ပါဆရာ...ဆရာ့ပို့စ်ဖတ်ပြီး မန်းလေးနဲ့ စစ်ကိုင်းကို ပြန်လွမ်းလာမိပြန်တယ်...ကောင်းမှုတော်ကြီး ရွှေရောင်ဖြစ်သွားတာကိုတော့ မျက်စိအမြင်တစ်မျိုးကြီးဖြစ်သွားတာကို ဘာမှမပြောလိုတော့ဘဲ သာဓုပဲထပ်ခေါ်လိုက်ပါရဲ့..
စော(အဝါရောင်မြေ)
အလွန်ကောင်းတဲ့ ကုသိုလ်လေးပါဆရာ။
သာဓုခေါ်ပါတယ်။
လက်အုပ်ချီတာကတော့ သူတို့ ခဗျာလည်း လူကြီးလာတိုင်း ချီရတာနှင့် ရောနေတယ်ထင်ပါတယ်။
ဒါပေမယ့် ကျေးဇူးကတော့ ရင်ထဲကနေ လိုက်လိုက်လဲလဲ အမှန်တင်တာကို အမူအယာနှင့် ဖော်ပြတာပဲ ဖြစ်မှာပါ။
ဆရာ့လို ကိုယ်ထိလက်ရောက် ကူညီခွင့်ရခြင်လိုက်တာ။
An Asian Tour Operator
ဆရာ တစ်ယောက် ရောက်တဲ့ အခိုက်မှာ သာသနနယ်မြေကို ရောက်ခဲ့ရုံတင်မကပဲ တတ်တဲ့ပညာနဲ့ ကုသိုလ်ပြုခဲ့ကြောင်းသိရတဲ့အတွက် ၀မ်းသာ ပီတိဖြစ်ရပါသည်။
sosegado
စစ်ကိုင်းကအဲဒီ့ဆေးရုံကို ရောက်ဖူးပါသည်၊ ဆက်လက်ပြီး ကုသိုလ်တွေလုပ်ပေးနိုင်ပါစေ။
Thet
Sint Si
သာဓု သုံး​ကြိမ် သုံး​ခါ ခေါ်​မိ​ပါ​တယ် ဆရာ
စိုးမြင့် (မေ့ဆေး)
လပြည့်ရိပ်
ဗဟုသုတရတယ်ဆိုရင် ကျေနပ်ပါပြီ၊ အားပေးတာတွက် ကျေးဇူးပါ။
စိုးမြင့် (မေ့ဆေး)
ံHan Kyi သာဓုခေါ်တာကျေးဇူးပါ။
ှဆရာရေ၊ မန္တလေးနဲ့ စစ်ကိုင်းမှာလွမ်းစရာတွေ အများ ကြီးပါ၊ ကောင်းမှုတော်ကြီး ရွှေရောင်ပြောင်း သွားတာ ကတော့ နိုင်ငံတော် အကြီးကဲတွေ ရဲ့စေတနာနဲ့ အမြင်ကျယ်မှုလို့ ကြားခဲ့ ရပါတယ်။ ဒီက တစ်ယောက်ကတော့ ပုံကိုကြည့်ပြီး "မင်းတို့ ဆီမှာလည်း ငါတို့မှာထက်ကြီးတဲ့ ဗလီကြီးရှိနေ ပါလား" လို့ပြောသံကြားရပါတယ်။ (ဂျေရူစလင် ရွှေဗလီကြီး ကိုသူဆိုလို တာဖြစ်ပါ လိမ္မယ်) ဒါဆိုကျွန်တော်တို့လည်း ကမ္ဘာကျော် သွားလောက်ပြီ ထင်ပါတယ်။
စိုးမြင့် (မေ့ဆေး)
စော (အ၀ါရောင်မြေ)
လူနာတွေက တကယ်ကျေးဇူးတင်လို့ ဖြစ်ပါလိမ္မယ်။
လက်အုပ်ချီတယ် ဆိုတာ အမွန်မြတ်ဆုံး အမှုရာပါ။ အပြန်အလှန် အနေနဲ့ လက်အုပ်အချီခံရတဲ့ လူတွေက လည်း ထိုက်ထိုက် တန်တန် လူကြီးပီသဖို့ လိုမယ် ထင်ပါတယ်။ (မိမိကိုယ်မိမိ ပြန်သုံးသပ် မိတာပါ)
စိုးမြင့် (မေ့ဆေး)
AATO :
ကျွန်တော့ ကုသိုလ်ကို အမျှပေးဝေပါတယ်။ တကယ် တော့စိတ်ကောင်း ထားတတ်ရင် ကိုယ်လုပ်သမျှ အားလုံးက ကုသိုလ်ကြီးပါ လို့ဆရာတော် အရှင်ဆေကိန္ဒ ရဲ့တရားတော်တွေမှာ နာရတာလည်း မျှဝေပါရစေ လို့။
စိုးမြင့် (မေ့ဆေး)
sosegado :
ကျွန်တော်တို့က သာသနာပ နိုင်ငံကနေ လာရတာမို့ အိမ်ခဏရောက်ခိုက် ကြိုးစားပြီးကုသိုလ် ယူရပါတယ်။ ကုသိုလ်ပြုခွင့် ရတာကိုပဲ (လူနာတွေအပါဝင်) ကူညီတဲ့သူတွေအားလုံးကို ကျေးဇူးပါ။
စိုးမြင့် (မေ့ဆေး)
ွှThet:
စိတ်မကောင်း မဖြစ်ပါနဲ့ ကိုယ်ထူကိုယ်ထ လုပ်နိုင်တာ ကိုက ကျွန်တော်တို့ လူမျိုး တွက်ဂုဏ်ယူစရာပါ
စိုးမြင့် (မေ့ဆေး)
ှSint Si:
ကျေးဇူးပါ။ ကုသိုလ်တွေ ဝေငှပါတယ်။
Khin Thandar
မွန်မြတ်သောကုသိုလ်ပါ...ဆ၇ာ...၀ါးချက်ဆေး၇ုံ...ကောက်ညှင်းပေါင်း..အကြော်..ကြက်သားဆီပြန်...ပဲနှပ်...ငါးပိချက်...အောက်မေ့သတိ၇မိပါတယ်.
Unknown
ဆရာ
ဆရာတော်ဘုရားအတွက် အမှတ်တရတင်ချင်လို့ပါ။
တင်ပြခွင့်ပြုပါလို့တောင်ခံပါရစေ.။ဆရာနေကောင်းပါစေ။
မေတ္တာရည်လျက်
လေးစားချစ်ခင်စွာဖြင့်
မခင်မိုးညို
Soe Myint (Anaesthesia)  ©2009
Back to TOP