Thursday, July 7, 2011

" မေ့ဆေးသမားကောင်း "

                                                      " မေ့ဆေးသမားကောင်း "

 ကျွန်တော်တို့ မက်ထရစ် မှာတုန်းက မြန်မာစာမှာ သိပ္ပံမောင်ဝရဲ့ ဆောင်းပါးများကို သင်ခဲ့ရပါတယ်။ အဲဒီထဲက " လှည်းသမား " ဆိုတဲ့ ဆောင်းပါး ကိုခုထိကျွန်တော် အမှတ်ရနေဆဲပါ။ ကျွန်တော် တို့  နောက်ဆုံးနှစ် အပိုင်း(က) ပြည်သူ့ကျန်းမာရေး လေ့လာရေးခရီး အဖြစ် မိထ္ထိလာခရိုင်က " မုံတိုင် "
ဆိုတဲ့ရွာလေးကို သွားရောက်ရတော့ အဲဒီမှာ နွားလှည်းကို ခါးချိ ရလောက်အောင် စီးခဲ့ရဘူးတာကြောင့် လည်းဖြစ်မယ်ထင်ပါတယ်။ခုမှပြန်သတိရမိတာကတော့ နွားလှည်းနဲ့တော့မဆိုင်ပါ၊ မေ့ဆေးနဲ့ပတ်
 သက်နေလို့ပါ။

အထက်အညာက ရှင်ပြုပွဲတစ်ခုမှာတွေ့ရတဲ့ ရွှေလှည်းယဉ်လေး

ဒီလိုပါ အဲဒီစာမှာက လှည်းသမားကောင်း တစ်ယောက်ဆိုတာ သူ့နွားလှည်းကို ဘယ်လောက် ခရီးလမ်းကြမ်းကြမ်း ပါလာတဲ့ခရီးသည်တွေကိုသက်တောင့်သက်သာနဲ့ လိုရာခရီးရောက်အောင် ဘယ်လိုထိန်းသွားနိုင်တယ်ဆိုတာကို ဆရာသိပ္ပံမောင်ဝက လှပစွာစာနဲ့ခြယ်မှုန်းပြသွားခဲ့တာပါ။ ဒီမှာ
လှည်းဆရာက သူ့နွားနှစ်ကောင်ကို လမ်းအတက်အဆင်း ကျင်းချိုင့်တွေအလိုက် ဘယ်အကောင် ကဖြင့် လျှော့ရုံးလိုက်၊ တစ်နေရာကျလျှင် ဘယ်ကောင်ကပိုရုံးလိုက် ခရီးသည်တွေကို လည်း ရှေ့တိုးနောက်ဆုတ် လှည်းဟန်ချက်ညီအောင် လုပ်ခိုင်းလိုက် စတာတွေနဲ့ ဆိုတော့၊ သူ့လှည်းစီးရ တာကိုက မပင်မပန်း ရှိပုံ၊ လှည်းဆရာရဲ့ နွားမောင်းသံ ကိုနားထောင်နေရုံ နဲ့ခရီးသည်က ဘယ် ခရီးပေါက် နေပြီ လမ်းအခြေနေဘယ်လို ဆိုတာတွေကို မကြည့်ပဲနဲ့သိနေနိုင်ပုံ၊ စတာတွေ စတာတွေပါ။ အရမ်းကိုပီပြင်ပါတယ်။

တစ်နေ့ ကျွန်တော့ရဲ့ သူနာပြုမေ့ဆေး ဆရာက သူညနေမှာ ဂျူတီပြန်ဝင်ရမှာမို့ သူ့လုပ်လက်စ (မေ့နေတဲ့) လူနာကို ကျွန်တော်ဆက်လက် ကြည့်ပေးနိုင်မလားလို့ ခွင့်တောင်းလာပါတယ်။ ကျွန်တော်ကလည်း အားနေတာမို့ (အိုကေ) လို့ဆိုတော့၊ သူ့လူနာရဲ့ ဆေးရာဇ၀င်။ သူပေးထားတဲ့ မေ့ဆေးမှတ်
တမ်းတွေ ကို ဖတ်ပြပြီး သူ့လူနာကို ကျွန်တော်နဲ့ အပြောင်းအလွှဲ လုပ်ပါတယ်။

သူထွက်သွားလို့ လူနာကို ကြည့်လိုက်တော့လည်း၊ ဘာမှထူးထူးခြားမရှိ၊ လူနာကအသက်ရှိနေသေးတာပဲ (Patient is still alive) လို့ခပ်နောက်နောက်ပင်ပြောလိုက်ပါသေးတယ်၊ ဒါပေမဲ့ ခွဲနေတဲ့ဆရာဝန် ကိုကြည့်လိုက်တော့ သူ့မျက်နှာမှာကော ရင်ဘတ် ပိုင်းတွေမှာပါ သွေးစက်တွေ အပြည့်၊ သူ့မျက်မှန်
ပါမကျန် မြင်မကောင်းအောင် သွေးစက်တွေနဲ့မို့ (ခွဲခန်းကြမ်းပြင်မှာတော့ မပြောနဲ့တော့) " အာရှင်း၊ မင်းဘယ်လိုများခွဲနေတာလဲ၊ မြင်ကော မြင်သေးရဲ့လား?" လို့မေးလိုက်မိပါတယ်၊ သူကဘင်္ဂလားဒေ့(ရှ) က ဟိန္ဒူလူငယ် ဆရာဝန်တစ်ယောက်ပါ။ ဒီတော့မှ သူက သူဓါးတင်လိုက်တိုင်း သွေးတွေပန်း
ပန်းထွက်နေတာမို့  ကနေ့သူခွဲရတာ သိပ်မကောင်းဘူးလို့ ငြီးရှာပါတယ်။ ဒီတော့မှ ကျွန်တော်က နေဦး၊ ငါစစ်ကြည့်လိုက်ဦးမယ် ဆိုပြီး Oxymeter စက်ဖန်သားပြင် နဲ့လူနာကိုစစ်ကြည့် လိုက်တော့၊ ဘာပြဿနာမှ မရှိပါ၊ သွေးထဲကအောက်စီဂျင် အခြေနေ၊ သွေးခုန်နှုံး၊ အသက်ရှူနှုံး၊ စတာတွေကပုံမှန်ပါ၊
သွေးပေါင်ချိန်ကတော့ပုံမှန် ဘောင်အတွင်းမှာရှိနေပေမဲ့ အမြင့်ပိုင်းမှာ ရောက်နေတာတွေ့ရပါတယ်။ ဒီတော့လည်းလွယ်ပါတယ်၊ သွေးပေါင်ကျအောင်၊ လူနာပိုငြိမ်အောင်ဆေးနှစ်လုံးလောက် ထိုးပေးပြီး ဆက်ခွဲခိုင်းလိုက်တော့၊ "Dr စိုး၊ ဘယ်လိုလုပ်လိုက်တာလဲ ခုမှပဲကောင်းကောင်း ခွဲလို့ရတော့တယ်၊ ကျေးဇူး
ပါပဲ" လို့ Dr.အာရှင်းက ပြောရှာပါတယ်။ ကျွန်တော်သာဝင် မကူပေးရင် သူဘယ်လိုလုပ် စခန်းဆက်သွားမယ်မသိ၊ သူ့လူနာသွေးထွက်များမယ်၊ ခွဲစိတ်ချိန်ကြာမယ်၊ အကယ်လို့များ သွေးသွင်းရမယ်ဆိုရင် လည်းနောက်ဆက်တွဲ ပြဿနာတွေ တစ်ပုံကြီးပါ။ ဘာမှမဖြစ်တောင် အနဲဆုံးတော့ ဒီလူနာအဖို့ မလိုအပ်ပဲသွေးတွေဆုံးရှုံး သွားတာမို့ တော်ရုံနဲ့ နာလန်မထူနိုင်တော့မှာ မှာသေချာပါတယ်၊ ကျွန်တော်လည်း မိမိလုပ်ရပ်အတွက် ပီတိဖြစ်ရပါတယ်။ အဓိက ကလူနာတွက်ပါ။

ဒီတော့ သူ့ကိုကျွန်တော် ပြောရပါတယ်၊ မင်းလဲရှေ့လျှောက် ခွဲစိတ်ဆရာဝန်လုပ်စားမဲ့ လူပဲကွာ၊ လူနာမှာ သွေးထွက်များနေတယ်၊ သွေးမထွက်ဘူး၊ သွေးအရောင်မကောင်းဘူး စတာတွေကို မင်းရဲ့မေ့ဆေးဆရာဝန်ကို ချက်ချင်း အသိပေးရ မှာမင်းရဲ့တာဝန်ပဲလို့။ ကျွန်တော့ရဲ့တပည့်ကျော်ကြီး ကိုလည်း နောက်ပိုင်းမှာ သတိပေးရပါတယ်။ လူနာမေ့နေရုံနဲ့ မင်းတာဝန်မကျေသေးဘူးလို့။ (အမှန်တော့ သူသွေးပေါင် မချရဲတာပါ) ဒီနေရာမှာ ပြောရမယ်ဆိုရင် မေ့ဆေး မှာသုံးတဲ့ဆေး အားလုံးလိုလိုက အနဲနဲ့ အများဆိုသလို သွေးပေါင်ကျစေပါတယ်၊ခွဲစိတ်လို့ သွေးထွက်များရင်လည်း သွေးပေါင်ကျစေတာမို့၊ မေ့ဆေးဆရာတွေ အနေနဲ့ သွေးပေါင်တက်ဖို့ကိုသာ (အန္တရာယ် ပိုကင်းတာမို့) အာရုံ စိုက်လေ့ရှိတတ်တာပါ။ ခုလိုသွေးပေါင် တက်နေတာမျိုးကတော့ ဖြစ်ခဲပေမဲ့ ကြုံရတတ်ပါတယ်၊ နဂိုကသွေးတိုးရှိနေတဲ့လူမျိုးတို့၊ ဒါမှမဟုတ် မေ့ဆေးပေးရာမှာ လိုအပ်တဲ့အဆင့်ထိရောက်အောင် မမေ့တာကြောင့်လဲ ဖြစ်တတ်ပါတယ်။

လူတွေ အတော်များများ နားလည်တာကတော့ လူနာကိုမေ့နေရင် အားလုံးကိစ္စပြတ်ပြီ လို့ထင်နေ တတ်ပါတယ်။ အချို့သောသူတွေက ကျွန်တော့ကိုမေးတတ်ပါသေးတယ်။ " ဆရာက မေ့ဆေးဆရာဝန် ဆိုတော့ မေ့ဆေးပဲ ပေးသလား တခြားဘာမှ မလုပ်ဘူးလား " တဲ့၊ နားမလည်သား ဆိုးဝါးတာကို စိတ်ဆိုးရမှာလည်းခက်ခက်၊ သူတို့နွားလှည်း ကောင်းမစီးဘူးလို့ နေမှာပါ။ စာရေးဆရာကြီး တစ်ယောက်ကို ဒီလိုမေးခွန်းမျိုး သွားမမေးမိဖို့ တော့သတိပေးရမယ်ထင်ပါတယ်။

စကားပြန်ဆက်ရရင်၊ မေ့ဆေးသမားကောင်း ဆိုတာလည်း ဒီလိုပုံပါပဲ၊ လူနာအခြေနေ ဘယ်လောက် ဆိုးနေဆိုးနေ တည်တည်ငြိမ်ငြိမ် နဲ့အခြေနေကိုကျော်ဖြတ်နိုင်ဖို့လိုပါတယ်။ ခွဲစိတ်ဆရာဝန်က လူနာရဲ့အခြေနေကိုပါ လိုက်ပူနေရရင် သူလည်းခရီးမတွင်၊ ခံရတဲ့လူနာကတော့ ဆိုဘွယ်ရာမ ရှိတော့ပြီ။ မေ့ဆေးဆိုတာက အခြားဆေးကုသမှု တွေနဲ့မတူတာက သူ့မှာလူနာကို မေ့ဘို့ရာ အတွက် ဆေးဘယ်လောက် ပေးရမယ်ဆိုတာပုံသေကားချပ်မရှိပါ၊ လူနာမှာ နောက်ခံဘာရောဂါမှ
မရှိဘူးဆိုတောင် တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါ၊ လူနာရဲ့စရိုက်၊ နာတတ်တယ်၊ ခံနိုင်ရည်ရှိတယ်၊ အသောက်အစား ရှိမရှိ စတာတွေ ပေါ်လိုက်ပြီး ဆေးအတိုးအလျှော့ လုပ်ရတာပါ။ အသောက်အစားနဲနဲပါးပါး ရှိသူ၊ "ငါတို့က အမေမွေးကတဲက အမေ့နို့ကတစ်ဖက်၊အရက်ခွက်ကတစ်ဖက် နဲ့ကြီးလာတာ " ဆိုသူတွေ
(နမီးဘီးယားက လူတွေကိုပြောတာပါ၊ တိုက်တိုက်ဆိုင်ဆိုင် စစ်တွေ မှာမေ့ဆေးတာဝန်ကျတုန်းကလည်း ဒီစကားမျိုး ကြားဘူးပါတယ်) က တော်ရုံနဲ့မမေ့နိုင်သလို၊ မူးယစ်ဆေး သုံးဘူးသူတွေက ကျွန်တော် တို့ မေ့ဆေးတင်လိုက်မှပဲ " အာပါး၊ ခုမှတကဲ့ ဖီလင်ပဲ" လို့ထအော်တာတွေ ကြုံဘူးပါတယ်။
                                                                
စိုးမြင့် - မေ့ဆေး
ခေတ္တ  Maseru
          Kingdom of Lesotho
7 July 2011





11 မှတ်ချက်:

မအိမ်သူ

ဆရာ့စာတွေကို အမြဲတမ်းလာဖတ်ဖြစ်ပါတယ်ရှင်။ ဟိုးအရင် မဂ္ဂဇင်းတွေထဲမှာ ရေးကတည်းက မပြတ်တမ်း ဖတ်ခဲ့တာပါ။ အခုလို ဘလော့ဂ်မှာ ဖတ်ရတော့ အရမ်းကို ၀မ်းသာမိပါတယ်။

စော(အဝါရောင်မြေ)

တချို့ ဆေးစွဲးနေတဲ့သူတွေ ရောဂါဖြစ်ရင် ထုံဆေးတို့  ဘာတို့  မတိုးဘူးဆို ဆရာ့ ။
ဆီးချိုသမားတွေကြတော့ အနားမကျက်နိုင်လို့  ခွဲးစိတ်ဘို့  လိုအပ်လာရင် အခက်အခဲ ရှိတယ်လို ကြားဘူးတယ်။ ဆရာလဲ ကြုံဘူးရင် မျှပါဦးနော် သိခြင်လို့ ပါ။

seesein

ဆရာရေ
ဆရာနဲ့ထပ်တူ ၀မ်းသာပါတယ် ဆရာ့စာတွေ ဖတ်ရတာ မြန်မာလူမျိုးတယောက်အနေနဲ့ပိုပြီး ၀မ်းသာဂုဏ်ယူပါတယ်

စိုးမြင့် (မေ့ဆေး)
This comment has been removed by the author.
စိုးမြင့် (မေ့ဆေး)

စော(အ၀ါရောင်မြေ)
ဆေးစွဲသူတွေ၊ အရက်သမားတွေ၊ မေ့ဆေးမတိုးဘူး ဆိုတာထက်၊ တော်ရုံမေ့ဆေးမတိုးဘူးဆိုရင်မှန်ပါတယ်။
(ထုံဆေးတော့မဆိုင်ပါ)ဒါပေမဲ့မမေ့ဘူးဆိုတာတော့မရှိပါ။
ဆီးချိုသမားကတော့ သွေးထဲသကြားများနေရင် တော်ရုံအနာမကျက်တတ်သလို အနာတက်နေရင်လည်း ဆီးချို မကျတော့ပါ၊ ဒါကြောင့်မို့ ဆေးနဲ့ကာဘာယူပြီး ဖြတ်စ ရာရှိဖြတ်၊ ပြည်ဖေါက်စရာရှိဖေါက်၊ လုပ်ရပါတယ်၊
ဆီးချိုက မေ့ဆေးအတွက် ပြဿနာကြီးတစ်ခုပါ။

စိုးမြင့် (မေ့ဆေး)

seesein
အားပေးတာ အထူးကျေးဇူးပါ။

စိုးမြင့် (မေ့ဆေး)

မအိမ်သူ
မိတ်ဟောင်းဆွေဟောင်း တစ်ယောက်ပြန်သိကျွမ်းရတာ
ဝမ်းသာပါတယ်။ အားပေးတာ ကျေးဇူးအထူးပါ။

စိုးမြင့် (မေ့ဆေး)
This comment has been removed by the author.
စိုးမြင့် (မေ့ဆေး)

ဆရာဟန်ကြည်
အမှတ်တရ သတင်းမေးတာကျေးဇူးပါ၊ လူကတော့နေ
ကောင်းပါတယ်၊ လက်ရှိဆေးရုံ ဟောင်းကြီးကို ဖျက်ပြီး ဆေးရုံသစ်ကြီးကို ၂လနဲ့ အပြီးပြောင်းရမှာမို့
အလုပ်ရှုပ်နေတာ၊ အရေးထဲခုဆောင်းက အအေးလွန်ကဲ တာ၊ တာရှည်တာ၊ ကလဲတဒုက္ခပဲ။ ကျွန်တော့ ရာဇ၀င်
မှာတော့ ဆေးရုံသစ်ပြောင်းတိုင်း နိုင်ငံပါပြောင်းရတတ်
တာမို့ စောင့်ကြည့်ရမယ်ထင်တယ်။

An Asian Tour Operator

ဆရာ ဥပမာ ပေးတာ သဘောကျ သဗျာ။

Unknown

absolutely loved this blog , Its undoubtedly the cultural climax that visitor should miss.Please visit us back at http://ads.com.mm/?cid=4fd60e94e4b0fa6db841e33c&utm_
campaign=ads_mm_lb_blog_gvisoy&utm_source=ads_lb_blog&utm_medium=lb_blogr
r

Soe Myint (Anaesthesia)  ©2009

Back to TOP