Tuesday, January 31, 2012

" နေရာသစ် ပြောင်းဖြစ်ပြန်ပြီ"

                                                " နေရာသစ် ပြောင်းဖြစ်ပြန်ပြီ "

တောင်ခြေက ဆေးရုံသစ်ကြီး

မျက်နှာစာ
ခွဲခန်းပြင်ဘက် ကော်ရီဒါမှာ (စုစုပေါင်း ခွဲခန်း ၉ခန်းရှိပါတယ်)

ပထမနေ့က ဦးဆုံးခွဲစိပ်မှုမှာ မေ့ဆေးအဖွဲ့နဲ့အတူ
ဆေးရုံရှေ့က လွမ်းမောစရာ ကျောက်တောင်ကြီး
ကျွန်တော်လည်း စာမရေးဖြစ်တာ အတော်ပင်ကြာသွားပါပြီ၊ အကြောင်းကတော့ မအားလို့ဆိုတာ ထက်ဦးနှောက် စားစရာတွေ တစ်ပုံကြီးနဲ့ ကြုံတွေ့နေရလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ် ထင်ပါတယ်။ ဦးနှောက် စားရတာက ကျွန်တော့မှာ လက်ရှိအစိုးရ ဆေးရုံအလုပ် အပြင်ဆေးရုံသစ် တစ်ခု တိုးလာလို့ပါ။ ကျွန်တော့ဇာတာကလည်း အဆန်းသား ဆေးရုံသစ်ပြောင်းတိုင်း ပြောင်းတိုင်း နိုင်ငံပါပြောင်းရတာမို့ ခုတစ်ခါလည်း ပြေးမလွတ်ပါ၊ လီဆိုသိုက ထွက်ရပြန်ပါပြီ။

ဆေးရုံသစ် ဆိုတာကလည်း အစိုးရနဲ့ ပုဂ္ဂိက ဖက်စပ်ဆောက်ထားတာပါ။ ဖက်စပ်ဆိုပေမဲ့ ပုဂ္ဂိကဆေးရုံပုံစံနဲ့ သွားတာပါ။ ဒါကြောင့် အဲဒီကိုပြောင်းချင်ရင် အစိုးရ ရ အလုပ်ကနေ အပြီးထွက်ရဖို့ပါ။ ဆေးရုံဟောင်း ကိုတော့ လုံးဝပိတ်ပစ် လိုက်တော့မှာမို့ ဆေးရုံသစ်မပြောင်း ချင်ရင် နယ်ဆေးရုံတစ်ခုခု ပြောင်းရဖို့ပါ။ ဆရာဝန် တွေအကြားမှာ ဆေးရုံသစ် ပြောင်းချင်သူတွေနဲ့ နယ်ကိုပဲသွားလိုသူတွေ အကြားမှာ အတော်လေး ဂရိုက်သွားပါတယ်။ ဆေးရုံသစ်က ဆုပေးဒဏ်ပေး စနစ်နဲ့မို့ အစိုးရ၀န်ထမ်းလို အနေမချောင်ဘူး ဆိုပြီးနယ်ပြေးချင် သူတွေကတစ်ပိုင်း၊ တောမသွား မနေချင်သူတွေက တစ်ပိုင်း၊ ကျွန်တော်က ဒုတိယအုပ်စုပါ။ မြန်မာတွေ ထဲမှာတော့ ဆေးရုံသစ်သွားတာ ဆိုလို့ ကျွန်တော်တစ်ယောက် ထဲပဲရှိပါတယ်။

ဒီထဲမှာ အများနဲ့မတူ တစ်မူထူးနေတာကကျွန်တော်ပါ။ အဲဒါက UN Volunteer Specialist ( ကုလသမဂ္ဂ စေတနာ့ဝန်ထမ်း ဆရာဝန် ) ပြန်လုပ်ဖို့ကိစ္စပါ။ အများသိကြတဲ့အတိုင်း ကျွန်တော်က Ex UNV (UNV ဟောင်း) တစ်ယောက်ပါ။ ၁၉၉၄ ကတည်းက Namibia နောက် Malawi နိုင်ငံတွေမှာ UNV ဆရာဝန်အနေနဲ့လုပ်ခဲ့ပြီး
ခုဒီ Lesotho ကျမှ အစိုးရ ဆရာဝန်အနေနဲ့ ဘာအပူမှထပ်မရှာပဲ နှပ်ကောင်းကောင်းနဲ့ နှပ်နေတာ ဘာလိုလိုနဲ့ ခြောက်နှစ်ပင် ကြာနေပါပြီ။ ခုမှ ခလုပ်ထိမှအမိတ၊တယ်ပြောရမလားပဲ၊ ဆေးရုံ ၂ရုံကြားဗျာများနေ ရတော့ UNV ကိုပြန်သတိရမိပါတယ်၊ ဒါကလည်း ကျွန်တော့အပြစ်ချည်း သက်သက်မဟုတ်ပါ။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ UNV ဖြစ်ဖို့ရာသိပ်လွယ်တာမဟုတ်၊ တကဲ့ကို ဒုလ္လဘ အဖြစ်ပါ (တစ်နှစ်လုံး နေမှ UNV ၄-၅ ယောက်မထွက်တာ) နောက်ပြီး ရတဲ့နိုင်ငံ ကလည်း ကောင်းအုံးမှ၊ အာဖဂံနစ္စတန်လို၊ ဆူဒန်လို နိုင်ငံမျိုး မှာအသက် ကိုဖက်နဲ့ ထုပ်ထားရမဲ့ အလုပ်မျိုး ဆိုရင်လည်း ကန်တော့ဆွမ်းပေါ့။ UNV အကူညီ ဆိုတာကလည်း ဆင်းရဲတဲ့နိုင်ငံတွေမှာမှ လိုတာမို့ ချမ်းသာတဲ့ နိုင်ငံမဟုတ်တောင်မှ သက်တောင့်သက်သာ ရှိတဲ့နိုင်ငံမျိုး ရရင်တော်ပါပြီ၊ ဒါမျိုးကလည်းအရှားသား။

တောင်ပေါ်လမ်းတစ်နေရာမှာ ကျွန်တော့ကားလေး


Will နဲ့အတူ Pretoria တည်းခိုခန်းရှေ့
၂၀၀၄ တုန်းက Malawi ခရီးပါ
တိုက်တိုက် ဆိုင်ဆိုင်ပါပဲ မာလာဝီနိုင်ငံ မှာတုန်းက ကျွန်တော်နဲ့အတူလုပ်ခဲ့ဘူးတဲ့ အိန္ဒိယနိုင်ငံသား ရာဂျူး (အမည်ရင်းမဟုတ်ပါ) ဆိုသူက ပြီးခဲ့တဲ့ မေလကမှ မြန်မာနှစ်သစ်ကူး ဆိုပြီး ကျွန်တော့ကို e-mail နဲ့လှမ်းနှုတ်ဆက် တော့မှ သူ UNV အနေနဲ့ South Africa ရောက်နေတယ်ဆိုတာသိလိုက်ရလို့ အတော်အံ့သြသွားမိရပါတယ်။သူနဲ့ ခုလိုရံဖန်ရံခါအဆက်သွယ်ရှိတတ်ပါတယ်၊ ဒါပေမဲ့ သူ S. Africa ကိုရောက်နေတာ UNV အလုပ် နဲ့မှန်းဆိုတာ ခုမှသိရတာပါ။ ပြောရမယ်ဆိုရင် SA လိုစိန်တွေ
နဲ့ ချမ်းသာတဲ့ နိုင်ငံကြီးမျိုးမှာ UNV အစီစဉ်ရှိလိမ့်မယ်လို့ ယောင်လို့ပင်မတွေးမိခဲ့ပါ။ ခုတော့ရှိတာမှ ၆နှစ်ပင်ကျော်နေပါပြီတဲ့။ သိလို့ကတော့ အစကတဲကသွားပါတယ်။

ရာဂျူးကပဲ ရှိုထားတာလားမသိ၊ သူဒီရောက်နေတာ  ၆နှစ်ပင်ရှိနေပါပြီ၊ သူနဲ့ကျွန်တော်က Malawi မှာတုန်းက ရာဇ၀င်နဲ့ပါ။ Malawi အစိုးရနဲ့ ကျွန်တော်တို့ UNV ဆရာဝန်တွေ  အကြား ပြဿနာတွေ တက်ကြတော့ သူတို့လင်မယား ၂ယောက်နဲ့အတူ ကျွန်တော်တို့ သပိတ်မှောက်ပြီး ထွက်လာကြတာပါ။ မာလာဝီက မထွက် လာမီမှာ ဂျာမနီက UNV Head Quarter ထိကျွန်တော်တို့ တိုင်စာတွေ (ခပ်ကြမ်းကြမ်းပဲ) ပို့ခဲ့ကြပါတယ်။ HQ ကလည်း ကျွန်တော်တို့ကို နောင်အခွင့်လမ်းပေါ်ရင်အခြားနိုင်ငံ တစ်ခုခု ကိုပြန်ပို့ပေးဖို့ ဂတိပေးထားတာရှိပါတယ်။ နောက်ပိုင်းမှာတော့ ရာဂျူးတို့က H.Q နဲ့တစ်ချိန်လုံး အဆက်သွယ်မပြတ်ရှိနေလို့ UNV အနေနဲ့ပဲ SA ကိုရောက်ပြီး၊ ကျွန်တော်ကတော့ ပရီတိုးရိးယားမှာရှိတဲ့ သားငယ်ရဲ့အဆက်သွယ်နဲ့ လီဆိုသို ရောက်သွားတာပါ၊ ခုတော့ရေစက် မကုန်သေးလို့ ပြန်ဆုံတယ် ပြောရမလားပဲ။ ဘာပဲပြောပြော သူကတိုက်ရိုက် ကူညီတာမဟုတ်ပေမဲ့ သူ့ကြောင့်သာ  တောင်အာဖရိကနိုင်ငံမှာ UNV အလုပ်ရှိတာသိရပြီမို့ UNVကိုပြန်လျှောက်ဖို့ လမ်းစရပါပြီ။ သူ့ကိုကျေးဇူးတင်ပါတယ်။

ဒါပေမဲ့ UNV on-line မှာရှာကြည့်တော့ လျှောက်ရမဲ့ရက်က သိပ်မကျန်တော့၊ ဂျွန်လကုန်နောက်ဆုံး ဆိုတော့ ၂ပတ်လားပဲ။ ပိုဆိုးတာက UNV မှာစနစ်တွေကပြောင်းနေပါပြီ၊ လွန်ခဲ့တဲ့ ၆နှစ် ၇နှစ်ကလိုမဟုတ်တော့၊ ဟိုတုန်းကမကြားဘူးခဲ့တဲ့ Pass word ဆိုတာတွေတောင်းနေလို့၊ လျှောက်ဖို့ပင်မလွယ်တော့။ အဲဒီရက် တွေတုန်းကဂျာမနီ နဲ့ လီဆိုသို အကြား e-mail တွေ၊ ဖုန်းတွေ လှမ်းဆက်ရတာ၊ နေ့စဉ်ရက်ဆက်လိုပါပဲ၊ ဘေးလူတွေလည်းမနေရ၊  အတော်ရင်ခုံစရာ ကောင်းတဲ့ရက်တွေပါ။ ကံကောင်း ချင်တော့ ဂျာမနီရုံးချုပ် UNV HQ မှာလုပ်နေသူတွေက Malawi တုန်းက ကျွန်တော်ဆက်ဆံခဲ့ဘူးတဲ့ လူတွေပါနေလို့၊ သူတို့ကပဲ Pass word တစ်ခုထွင်ပေး။သူတို့ရဲ့အကူညီနဲ့ အစစအဆင်ပြေသွားပါတယ်။  သိပ်မကြာလိုက်ပါဘူး၊ ကျွန်တော်လိုချင်တဲ့ တောင်အာဖရိက က Limpopo Doctor Project မှာပဲခန့်စာရပါတယ်။
Limpopo ဆိုတာက တောင်အာဖရိကနိုင်ငံ မှာအဆင်းရဲဆုံး ပြည်နယ်ပါ။

ကြုံကြိုက်လို့ပြောရရင် UNV မှာ အိန္ဒိယသားတွေ အများကြီးပါ၊ ထားပါတော့ သူတို့ကလူဦးရေများလို့၊ ဒါဖြင့် နီပေါတွေကကော ကြီးစိုးနေတာ အတော်ဆန်းပါတယ်။ကျွန်တော်ရောက်လေရာမှာ မြန်မာနာမည် ရှာကြည့်တော့ "ရှာမနေနဲ့ မင်းတစ်ယောက်ထဲ" လို့ အပြောခံရတတ်တာမဆန်းတော့ပါဘူး။ ခုလဲဒီမှာ Dr ၄၀ မှာ မြန်မာ ဘယ်နှစ်ယောက်ပါလို့လဲ ကျွန်တော်က နံပါတ် ၄၀ပါ။ မြန်မာတွေ UNV နဲ့ နိုင်ငံခြား အတွေ့ကြုံတွေရစေချင်ပါတယ်၊ Dr မှမဟုတ်ပါဘူး၊ နိုင်ငံတော်အစိုးရကလဲ အားပေး စေချင်ပါတယ်။    www.unv.org   မှာစိတ်ဝင်စားသူတွေ ရှာကြည့်စေချင်ပါတယ်။

ပြန်ဆက်ရရင် ၂၀၁၁ အောက်တိုဘာလမှာ ကျွန်တော့မှာ လက်ထဲ အလုပ်ကသုံးခုရှိနေပါတယ်၊ လက်ရှိ Queen Elizabeth 2 ဆေးရုံကြီးမှာရယ်၊ ဆေးရုံသစ် ဖြစ်တဲ့ Queen Mamohato ဆေးရုံကြီးမှာရယ်၊ ခု တောင်အာဖရိကက UNV မှာရယ်၊ ဆေးရုံသစ်ကြီးကို အောက်တိုဘာလ တစ်ရက်နေ့မှာ စဖွင့်တော့ ခန့်စာရသူတွေအားလုံး ချက်ချင်းပဲ အလုပ်စ၀င်ရပါတယ်၊ ဒီနေရာမှာ ဆေးရုံဟောင်းမှာ ကန်ထရိုက် တစ်ပိုင်းတန်းလန်းနဲ့ ဖြစ်နေလို့ ခံစားရမဲ့ gratuity (လုပ်သက်ကြေး) အဆုံးခံရသူတွေလည်းမနည်းပါ။
ကျွန်တော် လည်းမလွတ်ပါ၊ ကျွန်တော့ ကန်ထရိုက်ဟောင်းက အောက်တိုဘာလကုန် မှာပြီးမှာမို့ သူတို့ပြောသလိုသာ အောက်တိုဘာ တစ်ရက်နေ့မှာသာ အလုပ်ပြောင်းလို့ကတော့ gratuity (၆လခစာ) တွေဆုံးမှာသေချာ တာပေါ့။ ဒီတော့ နိုဝင်ဘာလဆန်းမှသာ (ဆေးရုံသစ်မှာ) အလုပ်စ၀င်နိုင်မယ်လို့ တောင်းဆိုတော့၊ သူတို့ကလက်ခံလို့ဆေးရုံ ၂ရုံလုံးမှာ တစ်ပြိုင်ထဲ ကျွန်တော်လုပ်ခွင့်ရပါတယ်၊ အဖြစ်ကဒီလိုပါ ၊၊၊၊၊၊၊


ဆေးရုံသစ်မှာက ကျွန်တော်မှဝင် မလုပ်ရင် မေ့ဆေးဌာနမှာ ဦးဆောင်မဲ့လူမရှိ၊ ဆေးရုံအသွင်ကူးပြောင်းရေး ကော်မတီ ( Hospital Transitional Commmitte) မှာလဲပါနေတာမို့ကျွန်တော့ကို အချိန်ပိုင်းနဲ့ဝင်လုပ်ဖို့ ကမ်းလှမ်းလာပါတယ်။ ဆေးရုံဟောင်းကလည်း လကုန်အောင် လုပ်ပေးရဖို့ရှိနေပါတယ်။ ဒါပေမဲ ဆေးရုံဟောင်းမှာ လည်းလုပ်စရာမရှိတော့၊ နယ်ကိုလည်းသွားစရာမလိုတော့တာမို့၊ ကျွန်တော့မှာ အသစ်မှာပဲ အများလို အောက်တိုဘာ ၁ရက်နေ့ကစပြီး ဇောက်ချလို့၊ နေ့မအားညမအား၊ ကူပေးနိုင်ခဲ့ပါတယ်။ (အဲဒီတုန်းကကျွန်တော့ရဲ့ စေတနာတွေက နောင်မှာပြန်အကျိုးပေးတာပါ) ဒီနေရာမှာ ဗဟုသုတရစရာ အဖြစ်လေးပြောရရင် ဆေးရုံသစ်နဲ့ အဟောင်းက ကုတင် ၅၀၀ စီချည်းမို့၊ မသေးပါ။
နီးလည်းမနီးလှပါ ၆မိုင် လောက်ဝေးပါတယ်၊ ဒါကိုအောက်တိုဘာ ၁ရက်နေ့ အမီ စက်တင်ဘာ ၃၁ရက်နေ့မှာ မှာ တစ်ရက်ထဲနဲ့ အပြီးပြောင်းတာ အံ့ဘွယ်သုတပါ၊ မြို့တော်မှာရှိသမျှ
လူနာတင်ကားတွေ ၁၄-၅ စီးနဲ့ လူနာတွေအားလုံးကို အခေါက်ခေါက် အခါခါသယ်ရတာပါ၊ လူနာနဲ့ ဆရာဝန် ဆရာမတွေပဲ ပြောင်းတာပါ၊ ဆေးရုံသစ်မှာ အဟောင်းကပစ္စည်းတွေ လုံးဝမပြန်မသုံးပါ။ (နမီးဘီးယားမှာ ၂၀၀၄ ကျွန်တော် မထွက်လာမီက ခုလိုဆေးရုံကြီး တစ်ခုလုံးရွှေ့တာ အဆင့် ၃ဆင့်နဲ့ ဖြည်းဖြည်း ချင်းမို့ နှစ်နဲ့ချီကြာခဲ့ပါတယ် ခုထိလည်းမပြီးသေးပါ)

ဆေးရုံသစ်က နောက်ဆုံးပေါ် ပစ္စည်းတွေ နည်းပညာတွေနဲ့ အတော်လည်းခန့်ငြားပါပေတယ်။ တောင်အာဖရိက နိုင်ငံက Netcare Co နဲ့ လီဆိုသို အစိုးရတို့ ဖက်စပ်ဆောက်တာ ဒေါ်လာ သန်းပေါင်း ၅၀၀ ကျော်ကုန်ပါတယ်၊ ဆေးရုံအုပ်ချုပ်ရေး၊ ကုသရေး၊ ကိစ္စအ၀၀က Netcare ရဲ့လက်ထဲမှာပါ။ (နောင် ၁၇နှစ်ပြည့်မှ အစိုးရလက်ထဲ လွှဲရမှာပါ) ကုမ္ပဏီကလည်း သူ့အကျိုးမြတ်မရှိပဲနဲ့ ဘယ်လုပ်ပမလဲ၊ သေချာပါတယ်။ ဒီတော့ကာ ဒီလောက်ဆင်းရဲမွဲတေနေတဲ့ လိုဆိုသိုပြည်သူတွေကကော ဒီဆေးရုံစရိတ်ကြီးကို တတ်နိုင်ပမလား ဆိုတာမေးစရာရှိပါတယ်၊ အစိုးရဆေးရုံမှာ တုန်းကတော့ လူနာတွေက မှတ်ပုံတင်ကြေး၊ ဓါတ်မှန်ကြေး၊ လောက်နဲနဲပါးပါးပေးရတာပါ၊ ဆိုတော့ကာ ဒီပြဿနာ
ကို ဘယ်လိုဖြေရှင်း ကြမလဲ? လွယ်ပါတယ်၊ ဒီဆေးရုံသစ်ကြီးမှာ လူနာတွေက အရင်တိုင်းပဲနဲနဲပါးပါးလောက်ပေးရပြီး ကျန်တာကို အစိုးရက စိုက်ပေးတာပါ။ (မယုံမရှိပါနဲ့)
အားကျမိပါတယ်၊ မနာလိုစိတ်တွေမြိုသိပ်ပြီး မုဒိတာ ပွါးဖို့ပါ။ (ကျွန်တော်တို့ဆီမှာလည်း ဒါမျိုး မကြာမီဖြစ်လာမှာပါ)

UNV ကိုအောက်တိုဘာလကုန် မှာဝင်နိုင်မယ်လို့ ကျွန်တော် စာတင်ထားတာလည်း ရှိနေပါတယ်။ ဆေးရုံသစ်မှာ ကလည်း အရှိန်ကောင်းနေ လို့ကျွန်တော့မှာ လှေနံနှစ်ဘက်နင်းသူတွေရဲ့
ထုံးစံအတိုင်း အတော့ကိုစိတ်ရှုပ်စရာ  ဖြစ်နေပါတယ် ဒါမှတကဲ့ကိုဦးနှောက်စားရတာပါ။ ဆေးရုံသစ်အုပ်ချုပ်ရေးကိုတော့ ကျွန်တော် UNV မှာ နိုင်ငံသစ်ရလို့ ပြောင်းရဖို့ရှိတယ်
ဆိုတာပြောထားတာရှိပါတယ်၊ ဒီရက်တွေ အတွင်းမှာပဲ (SA ကမကောင်းဘူး  မလာနဲ့၊ နောင်ကို သူတို့မပြောဘူး ဆိုတာမျိုး မရှိပါ စေနဲ့) လို့ ဟိုဘက်က တားတဲ့လူတွေကလည်း တစ်မျိုး မို့၊ သွားရမှာပင် ခပ်လန့်လန့်၊   ဒီနေရာမှာ တစ်ခုခုကိုရွေးရမယ်ဆိုတော့ ပြတ်သားဖို့ အတော့ကိုခက်နေပါတယ်။

ပြောရမယ်ဆိုရင် ၁၉၉၄ တုန်းက ကျွန်တော် ဘယ်မှာရှိမှန်းမသိတဲ့၊  ဘယ်လိုနေရမယ်မှန်းမသိတဲ့ Namibia မှာရတော့၊ နိုင်ငံခြားဆိုတာ တစ်ခါမှမထွက်ဘူးပဲနဲ့ တစ်ယောက်ထဲစွန့်စားထွက်ခဲ့တာပါ၊ အဲဒီတုန်းက ငယ်လည်းငယ်သေးတာကိုး၊ ဘာမှမစဉ်းစားခဲ့။ ခုတော့ ကျွန်တော့မှာ အရင်လိုမဟုတ်တော့ပြီ၊ အသက်ရွယ်နဲ့ မိသားစုအရေးထည့်တွက်ရပါပြီ၊  " တစ်ရွာမပြောင်း သူကောင်းမဖြစ်" လို့ပြောရအောင် ကလည်း ဂုဏ်သိက္ခာပိုင်း ကိုကြည့်မယ်ဆိုရင်တောင် Lesotho မှာကျွန်တော်က Consultant Head အတိုင်ပင်ခံနဲ့ ဌာနမှူး မေ့ဆေးသမားတော်ကြီး၊ ဆေးရုံသစ်မှာဆို လစာကပိုများ သေး၊ ဟိုဘက်မှာတော့ သာမန်စပယ်ရှယ်လစ် တစ်ယောက်။ မိသားစု အရေးအနေနဲ့ ကြည့်ရင်လည်း သူတို့ အားလုံးက ပတ်ဝန်းကျင်နဲ့ အခြေကျနေ အဆင်ပြေနေလို့ နေရာသစ် မရှာလိုတော့။ သားအငယ် ကောင်ဆို Pretoria မှာပဲ ကျောင်းပြီးခဲ့သူမို့ SAကို လုံးဝအားမပေး၊ လူမည်းတွေက ဆိုးလို့၊ လုံခြုံမှုမရှိလို့တဲ့။ သားကြီးကတော့ စကားပုံထဲကလို "ခွေးရဲ့ဦးခေါင်း နဲ့ခြသေ့င်္ ရဲ့အမြီး" နှိုင်းပြပြီးကန့်ကွက် ပါတယ်။ အသိုင်းဝိုင်း အတော်များများ ကလည်း မပြောင်း စေချင်သူတွေကများ နေပါတယ်။ နောက်ဆုံး ကျွန်တော် ဒေးလ်ကာနယ်ဂျီရဲ့ နည်းအတိုင်း အကျိုးအပြစ်တွေ စာရွက်ပေါ် ချရေးကြည့်တော့၊ SA  ကိုပြောင်းတာ စွန့်စားမှုသာသာ မျှသာဖြစ်တယ် ဆိုတာသေချာနေပါတယ်။ ဒီဘက်ထက် သာတာဆိုလို့  UNV အနေနဲ့က ကမ္ဘာ့အဖွဲ့အစည်းကြီး နောက်ခံရှိတယ်၊ သံသမန်အဆင့်အတန်း Diplomatic Immunity ရှိတယ်ဆိုတာ ပဲတွေ့ရပါတယ်၊ အများနဲ့တစ်ယောက် ဆိုတော့ နောက်ဆုံး ကျွန်တော် လက်လျှော့ရတဲ့ ကိန်းဆိုက်သွားပါတယ်။

ဒါနဲ့ ကျွန်တော်ကိုယ်တိုင် ဟိုဘက်ကို သွားကြည့်တန် ကြည့်ရအောင်ဆိုပြီး (ဆုတ်သာတက်သာအောင်) ကျွန်တော်လာမဲ့ကိစ္စကို ခေတ္တဆိုင်းထားဖို့ စာပြန်လိုက်ပါတယ်၊ (ဒါကလည်း Lesotho UNV က Programme Officer ရဲ့အကြံပေးချက်ပါ) ဒါကလည်းလျှော်ကန်ပါတယ်၊ အဲဒီစာနဲ့အတူ SA မှာရှိတဲ့ UNV တွေအိမ်မရပဲ ဟိုတယ်တွေမှာ သောင်တင်နေတာတွေ
ကြားရလို့ အများလိုမဟုတ်ပဲ ကိုယ်ပိုင် ကားနဲ့အိမ်ထောင်ပြောင်းလို လာရမဲ့ ကျွန်တော့အဖို့ စိုးရိမ်တဲ့အကြောင်း ရေးလိုက်ပါတယ်။ ပြောသင့်တယ် ထင်လို့ပြောရတာပါ။  ဒါက ရာဂျူးတို့ဆီက
ရတဲ့သတင်းတွေပါ၊ သူပြောလို့လို့ တော့ထဲ့မပြောပါ။ ဒီစာကို သူတို့ရုံးကလူတွေ သိပ်ဂရုတစိုက် ဖတ်ပုံမရပါဘူး  ဒါပေမဲ့ Lesotho UNV ကပဲ သူ့လက်အောက် အတွင်းရေးမှူး မမ Country Operation Assist က၊ ခပ်သွက်သွက်ရယ်၊ ကျွန်တော် နိုဝင်ဘာ၁ရက်နေ့ ရောက်မယ်ဆိုပြီး အတိအကျ ဟိုကိုစာပြန်လိုက်လို့၊ (ဒါတင်မကကျွန်တော့ဘဏ်စရင်းမှာပါ ကြိုတင်စရိတ်တွေ ထည့်ထားပြီးနေပြီ) အဲဒီနေ့မှာ ရောက်မလာတော့ SA UNDP က e-m တွေ၊ ဖုန်းတွေ ကျွန်တော့ဆီ ပလူပျံသွားပါတော့တယ်၊ ကျွန်တော် ရေးထားတာတော့ မပြန်ပဲ ခုမှဝိုင်းနှိပ်တာပါ၊ ဆေးရုံသစ်ကြီးက မြို့ပြင်မှာမို့ cell phone နဲ့ကျွန်တော်အကျိုးကြောင်းရှင်းပြတာ သူတို့မကြားတချက် ကြားတချက်ဆိုတော့ အခြေနေတွေ ပိုဆိုးကုန်ပါတယ်။ သူတို့သတင်းဆိုးတွေ ပေးလို့ ကျွန်တော်မလာ တော့တာ ဆိုပြီး ရာဂျူးတို့လည်း မဆီမဆိုင် အဆူခံလိုက်ရပါသေးတယ်။

နောက်ဆုံး မှာတော့ ကျွန်တော်ပဲ စိတ်လျှော့ လိုက်ပါတယ်၊ သူတို့ကိုလည်းပြန် ရှင်းလင်းချက်တွေ ပေးမနေတော့။ ဒီဘက်မှာပဲ ဇောက်ချ ဆက်လုပ်တော့မယ်လို့။ စိတ်ထဲမှာတော့ မပျော်တော့
တာအမှန်ပါ၊ စိတ်ထဲမှာ ဒီလောက်တောင် ကြိုးစားခဲ့ပြီးမှ ရလာတဲ့ အခွင့်လမ်းကောင်းကြီးတစ်ခု လွတ်သွားသလို ခံစားရတဲ့အပြင် လီဆိုသိုမှာ ၆နှစ်ကျော်ကြာ နေလာခဲ့ပြီးမို့ စွန့်စားခန်းလို့ပဲ
ပြောပြော အပြောင်းလဲတစ်ခု ရှိချင်နေတာ အမှန်ပါ။ ခုတော့ SA သွားရင် အဆင်ပြေ အောင်ဆိုပြီး ကျွန်တော့ ပါဂျရို Pajero Jr 4x4 တံခါး ၃ပေါက် ကို ၅ပေါက်ကားနဲ့ လဲထားတာပဲ အဖတ်
တင် ကျန်ရစ် ပါတော့တယ်။ အမှန်တော့ ဒီအလုပ်က Malawi တုန်းကရာဇ၀င်ကြွေး ပြန်ရတာပါ၊ ဒါကြောင့်မို့ပဲ ကျွန်တော် (ရာဂျူးအပါဝင်ပါ) မှာဘာအင်တာဗျူးမှ၊ ထောက်ခံစာမှ၊ မလိုပဲ သူတို့
ပေးထားတဲ့ဂတိအတိုင်း အလုပ်ရတာပါ။ ကျွန်တော်ဆို လျှောက်လွှာရက်ပင်လွန်နေပါပြီ။

ဒီလိုနဲ့ နေလာလိုက်တာ သုံးပတ်လောက်အကြာမှာတော့ မဒမ်စိုးမြင့်လည်း ကျွန်တော့ကြည့်ပြီး စိတ်မသက်မသာဖြစ်လာပုံရပါတယ်။ ဆရာစိုး SA သွားချင်လည်းသွားတော့ သူမတားလို
တော့ပါဘူး ဆိုလာပါတယ်။ ဒါပေမဲ့ ခုလောက်တောင် ကြာနေမှတော့ ဖြစ်နိုင်ပတော့မလား? အခြေနေသိရအောင်လို့  ညဘက်ကြီး ချက်ချင်းပဲ SA က UNV Project Manager ဆီဖုန်းလှမ်း
ဆက်ကြည့် တော့၊ မယုံနိုင်စရာပါ၊ ဟိုတုန်းက ကျွန်တော်နဲ့ ဒီလောက်တင်းတင်း မာမာဖြစ်ခဲ့သူက ချက်ချင်းပါပဲ (ကျွန်တော်ကဖြင့် ဘာမှမပြောရ သေးဘူး) ကျွန်တော့တွက် နေရာရှိနေ ပါသေးတယ်၊
ကျွန်တော့ လုံခြုံရေး၊ အိမ်ရရှိရေးတွေတွက် သူစီစဉ်ထားပြီးဖြစ်တဲ့အကြောင်း၊ ဗီဇာတွက် Lesotho က SA High Commissionar ရုံးသွားစရာမလိုတော့၊ သူပို့ပေးလိုက်မဲ့ အကြောင်း၊ ကျွန်တော် လာဖြစ်အောင်သာ လာပါဆိုပြီး ပြောလာပါတယ်၊ ကျွန်တော်လည်း ရေငတ် တုန်းရေတွင်းထဲကျ ဆိုသလိုပေါ့၊ ၀မ်းသာလိုက်တာ ဘယ်ပြောကောင်းမလဲ၊ နောင်မှသာ ဖြစ်ချင်ရာဖြစ်တော့ လာတော့မယ်လို့ ချက်ချင်းပဲ ဖြေလိုက်မိပါတယ်။ Manager ကြီးလည်းပျော် သွားမှာပါ၊ ကျွန်တော် ရောက်လာခြင်း၊ မရောက်လာခြင်းဟာ လည်းသူ့အဖို့ အရေးကြီးပါတယ်၊ မရောက်လာ လို့ကတော့ HQ ကသူညံ့လို့ဆိုပြီး ထောင်းမှာသေချာတာပေါ့။

ဟိုဘက်မှာသာ အာမခံလိုက်တာ ဒီဘက်မှာ ဘယ်လိုရင်ဆိုင်ရမယ်မှန်းမသိသေး၊ ဆေးရုံသစ်ရဲ့ ကန်ထရိုက်အရဆို ကျွန်တော်တို့ ၆လအနဲဆုံးလုပ်ပြီးမှ နှုတ်ထွက်ခွင့်ရှိပြီး၊ ဒါတောင် ၂ပတ်
ကြိုပြော၊ Notice ပေးရမှာပါ၊ ကျွန်တော်က ခုစလုပ်တာမှ ၃ပတ်ရှိသေးတာ ပြင်ကြိုပြောစရာ ကလည်းတစ်ပတ်ပဲရှိတာမို့ ဥပဒေအရ ထွက်ရဖို့မလွယ်၊ ထွက်ချင်ရင်တော့ ၆လခစာ လျော်ရဖို့။
Dr Karen ဆိုတဲ့ Hospital manager ဆိုတာကလည်း အင်္ဂလန်က မာဂရက်သက်ချာလို Iron Lady လို့တင်စားရလောက် တဲ့အဖြူအမျိုးသမီးကြီး၊ အလုပ်ကလည်း အရမ်းလုပ် သလောက် သူ့ဒါးထက်ပုံကလည်း မဟုတ်တာ လုပ်လို့ကတော့ ချက်ချင်းအပြုတ်ပဲ၊ ဘာကြာသေးလို့လဲ ဆေးရုံဟောင်းက ဆေးရုံအုပ်လေး ခမျာ၂ပတ်ပင်မကြာလိုက် ထွက်သွားရပြီ၊ (ဒါတောင်သူကဘုရင်ကြီးနဲ့ တစ်ဝမ်းကွဲတော်သူ) ဒီတော့ ကျွန်တော့မှာ ထွက်စာအတွက်သူမ၊ နဲ့ရင်ဆိုင်ရမှာကို ကျားမြီးပဲဆွဲလိုက်ချင်ပါတော့တယ်၊ မတတ်နိုင်တော၊့ ကိုယ်ရေးကအကြောင်းပြချက်နဲ့ တောင်းတောင်း ပန်ပန် ရေးရပါတော့တယ်၊ သက်သာ လိုသက်သာငြား ဖြစ်နိုင်ရင် ကျွန်တော့ contract ကိုဖျက်သိမ်း ပေးဖို့ပြောပါတယ်၊ (ဒါမှလည်းမငြိမှာကိုး) သူမရဲ့ပြန်စာက အံ့သြစရာ ကောင်းလောက်အောင် ချစ်စရာကောင်းနေပါတယ်။ ၀မ်းနဲစွာနဲ့ ထွက်စာကိုလက်ခံ တဲ့အကြောင်း၊ Contract လည်းဖျက်စရာမလို၊ လျော်စရာလည်းမလို၊ ဒါတင်မက ကျွန်တော့ကိုအချိန်မရွေး ပြန်လာနိုင်တဲ့အကြောင်း ထောက်ခံထား သေးတဲ့ပြင်၊ တစ်လစာမက ဘောနပ်စငွေတွေတောင် ဘဏ်မှာအဆစ် ထည့်ပေး လိုက်ပါသေးတယ်၊ ဘာလိုသေးလဲ။

သူမ၊ ဘာကြောင့်များ ကျွန်တော့ပေါ် ဒါလောက်ကောင်း နေလဲလို့ စာရှုသူများထင်ပါသလဲ? အကြောင်းမဲ့တော့မဟုတ်ပါ ရှင်းနေတာက ဘယ်ဌာနတွေ နဲ့မှမတူအောင် မေ့ဆေးဌာနကို ကျွန်တော်ပံ့ပိုး
ပေးနိုင်ခဲ့တာ သေချာပါတယ်။ ဆေးရုံကြီးကို ကမန်းကတမ်းရွှေ့ရလို့ သူများဌာနတွေမှာ လူအင်အား လိုနေချိန်မှာ ကျွန်တော့ဆီမှာ ပိုလို့ပင်နေပါတယ်၊ Congo နိုင်ငံသား မေ့ဆေးအရာရှိ ၂ယောက်
ကိုကျွန်တော့ဆီမှာခေါ်ထားနိုင်သလို၊ ကျွန်တော့ Australia ကမိတ်ဆွေကြီး (Bushman ကဇာတ်လိုက်) William ကလည်း အချိန်ကိုက်ရောက်လာလို့ သူအလုပ်လိုနေချိန် မှာကျွန်တော့ဆီမှာ ခန့်ထားလိုက်နိုင် တာလဲတစ်ကြောင်းမို့ပါ၊ ဒါတင်မက OG လုံးဝ မရှိတာကို SA က ရာဂျူးရဲ့ကျေးဇူးနဲ့ပဲ Phillipine မ၊တစ်ယောက် ခေါ်ပေးနိုင်ခဲ့လို့၊ Karen ကျေးဇူးဆပ်တာပါ။ (ဒါပင် ENT မှာလူမရသေး
လာချင်သူ ရွှေတွေရှိရင်ပြောပါ၊ ကူညီပါ့မယ်) ခုလည်း ဒီကနေ Nepal မေ့ဆေးဆရာဝန် တစ်ယောက် ထပ်ပို့ပေး လိုက်ပါသေးတယ်၊ အားလုံးကို ခြုံကြည့်မယ်ဆိုရင် ကျွန်တော် တော်လွန်းလို့မဟုတ်ပါ၊ ကံတရားက မျက်နှာသာပေး လို့အစစ အံကိုက်ဖြစ်သွားတယ်လို့သာဆိုချင်ပါတယ်။ စေတနာဆိုတာ ရောင်ပြန်ဟပ် ပါတယ်။ ကံဆိုတာလည်း စေတနာပါပဲ ဆိုတာ ဗုဒ္ဓတရား တွေကပြပြီးသားပါ။ ကျွန်တော့ခံယူချက် ကလည်းဒါပါပဲ။
ဆေးရုံသစ်ကြီးရဲ့ညနေခင်းအလှ

ဒီလိုနဲ့ နောက်ဆုံးတော့ ဒီဇင်ဘာ ၅ရက်နေ့မှာ လီဆိုသို တောင်အဖရိက ဘော်ဒါဂိတ်ကို ဘော်ဒါကြီး William နဲ့အတူဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်၊ ဒီနေရာမှာလည်းကံကောင်းပြန်ပါတယ်၊ Will က
သိတဲ့အတိုင်း လမ်းရှာနေသူဆိုတော့ သူရှိနေတာ အတော်ဟန် ကျသွားပါတယ်။  ကားမှာတစ်စီးလုံး ခေါင်မိုးပါမကျန် ပစ္စည်းအပြည့်နဲ့ သူပဲမောင်းတာပါ၊ ဂိတ်မှာဘာအစစ်ဆေး မှမရှိပါ။ Pretoria UNDP
ရုံးမှာမှာသတင်းပို့၊ ရုံးကိစ္စတွေလုပ်၊ ညအိပ်ပြီးနောက်နေ့မှာ ခရီးဆက်ပါတယ်၊ Limpopo မြို့တော် Polokwane  ထိစုစုပေါင်း ကီလို ၇၆၀ ဝေးပါတယ်၊ Polokwane မှာ ၂ည ထပ်အိပ်၊ နောက်ကျွန်တော်
တာဝန်ကျရာ ၆၀ကီလိုဝေးတဲ့ Makopane မြို့ရောက်၊ ဟိုတယ်မှာ ၄ည နေပြီးမှ ဆေးရုံကအိမ်ကို ရွှေ့ရတာပါ၊ UNDP ကသူတို့ဂတိအတိုင်း စိတ်ချရတဲ့ အကောင်းဆုံး ဟိုတယ်တွေမှာ ၂ယောက်
စာနေရာချပေးပါတယ်။ Will ကတော့ Polokwane ကနေလှည့်ပြန်သွားပါတယ်။
(မှတ်မိပါသေးတယ် ၂၀၀၄ နှစ် Namibia ကနေ Malawi ပြောင်းတုန်းကတော့ ပိုဝေးပါတယ် ၂၅၀၀ ကီလို ခရီးပါ၊  အဲဒီတုန်းက VW Saloon နဲ့နောက်တွဲနဲ့ driver ငှားရပါတယ်)

စိုးမြင့်-မေ့ဆေး
UNV Specialist-Anaesthesia
ခေတ္တ- Mokopane Regional Referral Hospital
Limpopo Province
RSA
30 Jan 2012

စာကြွင်း (၁)
Malawi မှာတုန်း ကပြဿနာ ဆိုတာက၊ သူတို့ပဲအစက သဘောတူ လက်ခံလို့ အလုပ်ဝင်နေပြီး ၆လ ကျော်ကြာမှ ကျွန်တော်တို့ရဲ့ ဘွဲ့လွန် လက်မှတ်တွေကို သူတို့ Medical Council ကအသိမှတ် မပြုနိုင်ဘူး
လို့ ဆိုလာတာပါ၊ ဒါပေမဲ့ Specialist အနေနဲ့တော့ ဆက်လုပ်ပါတဲ့၊ သူတို့မှာ Dr ဆိုတာက ရှားပါးပစ္စည်းပါ၊ အခြား NGO က Egypt နဲ့ Tiawan Dr တွေကလည်း ဒီလိုပဲလုပ်နေကြပါတယ်တဲ့၊ ဒါက ငါတို့ (နိုင်ငံ) ကို
သက်သက်စော်ကားတာ ဆိုပြီး ကျွန်တော်တို့ သပိတ်မှောက်တော့၊ UNDP ကကြားဝင်တာလည်း မရတဲ့အဆုံး ကျွန်တော်တို့  ထွက်လာခဲ့ကြတာပါ။


စာကြွင်း (၂) Latest update
ခုထိ Lippopo Project မှာ Dr ၄၄ ယောက်ရှိသွားပါပြီ၊ ( မကြိုက်လို့ပြန်သွားတာလည်း ၈ယောက်ပါ) ကျွန်တော့အရင် ' ရွှေ' တစ်ယောက် ရောက်နေတာ ရှိပါသေးတယ်၊ ဝေးနေလို့ မတွေ့ရသေးပါ၊ ခုနှစ်ကုန်မှာ စုစုပေါင်း အယောက် ၁၀၀ ပြည့်အောင်ခန့် ဖို့အစီစဉ်ရှိပါတယ်။
Lesotho မှာ 'ရွှေ' တွထဲကပဲ နယ်ပြောင်း သွားပြီးမှ မကြာမီကမှ ဆေးရုံသစ်ကြီး ကို ပြန်ရွှေ့လာသူ တစ်ယောက် လည်းရှိပါ သေးတယ်။ သူတို့ရဲ့ အမည်တွေ ကိုတော့ ခွင့်ပြုချက်မရပဲ ကျွန်တော်မပြောလိုပါ။

15 မှတ်ချက်:

Anonymous

ဆရာရေ

ဖေဖေ ဆေးရုံတက်ရမှ မေ့ဆေးဆရာဝန်ကြီး တွေ ရဲ့ အရေးပါမှု့ တာဝန်ကြီးမှု့ ကို ပိုပြီး သိခဲ့ရတယ် ဆရာ့ စာတွေ က အမြဲတမ်း ဗဟုသုတ တွေ ပေးနေတဲ့ အတွက်ကျေးဇူးပါဆရာ

လေးစားလျှက်
ရွှေစင်ဦး

San San Htun

ဒေသအသစ်အကြောင်း ပို့ စ်လေးတွေ စောင့်မျှော်နေပါတယ် ဆရာရေ..

Anonymous

gratuity (ဂရုနာကြေး) မဟုတ်ပါ။ လုပ်သက်ဆုကြေးလို့ခေါ်ပါတယ်။
အလုပ်လုပ်ခဲ့တဲ့အတွက်လုပ်သက်အလိုက်ပြန်ရတာပါ။
ဂရုဏာနဲ့ မဆိုင်ပါ။

TZH1985

တကယ့်ကို ရင်ခုန်ဖွယ်ရာပဲ .. တခါတလေတော့လဲ ကြက်ရဲ့ခေါင်းထက် ခြင်္သေ့ရဲ့ အမြီးက ပိုကောင်းတာလဲ ရှိတာပေါ့နော်... နေရာသစ်မှာ အစစအရာရာ အဆင်ပြေပါစေ... နေရာသစ် အကြောင်းတွေလည် ဖတ်ပါရစေ... ဆရာ ခင်ဗျာ :)

Anonymous

ဆ၇ာ့စာတွေ က ဗဟုသုတ အများကြီးရတာမို့ အမြဲ စောင့်ဖတ်နေပါတယ်ခင်ဗျာ..ဆရာ့ရဲ့ စာဖတ် ပရိတ်သတ်ပါခင်ဗျာ..
ဒေသသစ် နေရာသစ်မှာ ဆ၇ာ ကျန်မာ ပျော်ရွှင် အဆင်ပြေ စိတ်ချမ်းသာပါစေလို့ ဆုတောင်းပါတယ်...
bohtein

စိုးမြင့် (မေ့ဆေး)

NG THANT
ခင်ဗျားတင်ပြချက် ကိုသဘောတူပါတယ်၊ ဒီစကားက " Be the head of a dog rather than the tail of a lion"
ဆိုတဲ့ အင်္ဂလိပ် စကားပုံလို့ထင်ပါတယ်။ ငယ်ငယ်ကတဲက ကြားဘူးနေတာပါ၊ ဒီဒဿနကသူ့နေရာနဲ့သူတော့ မှန်
ပါလိမ့်မယ်၊ အမြဲတော့ မမှန်နိုင်ပါဘူး၊ ဗုဒ္ဓရဲ့ နိပါတ်တော်ထဲမှာ "ငါ့မှာတပည့် ၅၀၀ရှိနေပြီပဲ ဘာလို့ ဗုဒ္ဓဆီမှာသွားတပည့်ခံစရာ လိုသေးလဲ " ဆိုတဲ့ တိတ္ထိဆရာကြီး ရှိခဲ့ဘူးပါတယ်၊ ကိုယ်တိုင် ဆင်ခြင်နိုင်ဖို့ပါ။

စိုးမြင့် (မေ့ဆေး)

ရွှေစင်ဦးရေ
Comment အတွက်ကျေးဇူးပါ၊ မေ့ဆေးဆိုတာက ကလကာ နောက်ကွယ်က လူတွေမို့ မသိကြတာ အပြစ်မတင်လိုပါဘူး။

စိုးမြင့် (မေ့ဆေး)

Anonymous
အမှားပြင်ပေးတာ ကျေးဇူးပါ၊ (ပြင်လိုက်ပါပြီ) လုပ်သက်ကြေး ဆိုတာပိုလို့သဘာဝကျပါတယ်၊ သနားလို့ပေးတာမဟုတ် ၀န် ထမ်းတွေရပိုင်ခွင့် သက်သက်ပေါ့။ ဒါဆို ကျွန်တော့ မှာ နိုငံတော် ကနေရစရာ (၁၉၇၃ -၁၉၉၂ ထိ) ၁၉နှစ်စာ gratuity ရှိနေတယ်လို့ နားလည်လိုက်ပါတယ်၊ ဒီမှာလို ၂၅% နဲ့တွက်မယ် ဆိုရင်၎နှစ် နဲ့ ၇လခစာမို့ ခုခေတ်လစာနဲ့ဆို မနည်းပါ၊ ဒီမှာတော့
၂နှစ်မှာ တစ်ခါ gratuity ရရင် လူတွေက ကားသစ်တွေ လဲစီးရတာနဲ့ ဘာနဲ့ ပျော်စရာကြီးပါ၊ ကျွန်တော် လည်းတောင်းကြည့်ရ မယ်ထင်တယ်။ ကူလက်စနဲ့ ဆက်ကူပါအုံး။

စိုးမြင့် (မေ့ဆေး)

bohtein
ပြန်တွေ့ရတာ ၀မ်းသာသလို thanks for your blessing ပါ။ Same to you လို့ပဲ ဆိုပရစေတော့။

An Asian Tour Operator

မိသားစု လိုက်နိုင်ငံ ပြောင်းရွှေ့ ရတဲ့ အခက်ခဲကို ကြုံဖူးတော့ ကိုယ်ချင်းစာပါတယ်။ အစစ အရာရာ အဆင်ပြေပါစေ လို့ ဆန္ဒပြုပါတယ်။

Anne

ဆရာရေ....စာတွေများကြီးရေးပါနော်..(အားရင်)
ဖတ်လို့ ကောင်းလွန်းလို့ ...ပါ..း)

စိုးမြင့် (မေ့ဆေး)

AATO သို့
ကိုယ်ပိုင်ကားနဲ့ နိုင်ငံဖြတ်ကျော်ပြီး အိမ်ထောင်ပြောင်း မောင်းခဲ့ရပေမဲ့၊ လမ်းတွေက ချောမွတ်နေတာ ရန်ကုန်မြို့လည်ကလမ်းတချို့ထက်
တောင်သာနေတာမို့ ထင်သလောက် မပင်ပန်းပါ၊ ယခင်ကလဲ တစ်ယောက်ထည်း လည်းမောင်း နေကျပါ။ သူတို့ ဆီကလူတွေလည်း ကင်းမှာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ လမ်းတံတားက လူတွေလောက် ခိုးတာမကြမ်းလို့ လမ်းတွေ ဒီလောက်ကောင်းနေတာပါ။ ကျွန်တော်ဆို ခုလောက် မောင်းလာတာ အပျက်အစီးဆိုလို့ ကြွေပုဂံတစ်လုံးပဲ နှုတ်ခမ်းမှာ ပဲ့သွားတာ ရှိပါတယ်။

စိုးမြင့် (မေ့ဆေး)

san htun & Anne
အားပေးတာ အထူးကျေးဇူးပါ၊ ကျွန်တော်လည်းကြိုးစားရေးပါ့မယ်။

seesein

ဆရာ ဗဟုသုတတွေမျှဝေပေးတဲ့အတွက်ကျေးဇူး တင်ပါတယ် နောက်ကွယ်ကလူတွေ မကောင်းရင် လူနာတွေ တကယ်မလွယ်ဘူးဆရာရေ....


အစဉ်လေးစားလျှက်
seesein

ဟန်ကြည်

ဆရာ အလုပ်တွေ အင်မတန် များခဲ့တာပဲကိုး...

အတွေ့အကြုံတွေ ဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ...

ဆရာ မဟေသီမှာ အခန်းဆက်ရေးပြီး ပြန်ထုတ်တဲ့ အာဖရိကရောက်မြန်မာတစ်ယောက် ကို စွဲစွဲလန်းလန်း ဖတ်ဖြစ်ကတည်းက ဆရာ့ကို UNVနဲ့ တွဲမြင်ထားမိတော့ အခုလို UNV ဘ၀ကို ပြန်ရောက်သွားတော့ လူမှန်နေရာမှန်ပြန်ရောက်သွားတယ်လို့ပဲ ကိုယ်လိုရာ ဆွဲတွေးလိုက်မိပါတယ် ... ဒီလောက် ခက်ခဲတဲ့ အနေအထား မဖြစ်နိုင်တဲ့ အနေအထားကနေ စေတနာ အကျိုးပေးကြောင့် အစစ အရာရာ အဆင်ပြေသွားတာကို ၀မ်းလည်းသာမိပါတယ်...

သူရို့တိုင်းပြည်က ဆေးရုံကြီးတွေလို ကျွန်တော်တို့ဆီမှာလည်း ဖြစ်လာဖို့ အားလုံးဝိုင်းဝန်းကြိုးစားရဦးမယ်ဆိုတာလည်း တွေးလိုက်မိပါသေးရဲ့...

ဆရာ နယ်မြေသစ်မှာ အစစအရာရာ အဆင်ပြေချောမွေ့ပါစေ...

လေးစားလျှက်...

Soe Myint (Anaesthesia)  ©2009

Back to TOP