Wednesday, February 15, 2012

" ကျွန်တော် တင်တဲ့ ရွှေမင်းသား "

                                                                  " ကျွန်တော်တင်တဲ့ ရွှေမင်းသား  "
2011 ဒီဇင်ဘာလ ၃ရက်နေ့ ည ၉နာရီ ခန့်၊ လေပြင်းတွေ တ၀ုန်းဝုန်း ကျနေချိန်မှာ ဖုန်းခေါ်သံ တွေဝင်လာပါတယ်။ ဆေးရုံသစ်ကြီးဆီကပါ။ ကျွန်တော့် တပည့်ကြီး Bonny (နာမည်ရင်း မဟုတ်ပါ) ကအရေးတကြီး လှမ်းခေါ်တာပါ။ သူ့လူနာ သေရေးရှင်ရေး ဖြစ်နေလို့၊ အားကိုး တကြီးလှမ်းခေါ်တာပါ။ သူ့လူနာ ဆိုတာက သူမေ့ဆေးပေး လိုက်တဲ့လူနာ နှလုံးရပ်သွားတာပါ။ သူ့အသံတွေက သိပ်ကိုခြောက်ခြား နေပြီးရှည်ရှည် ဝေးဝေးလည်း မရှင်းပြနိုင်ပါ၊ လူနာကအ သက်ရှင်နေ သေးတယ်ဆိုတာလောက်ပဲ အသေအချာသိပါတယ်။ ကျွန်တော်လည်း ရုတ်တရက်ဘာပြန်ပြော ရမယ်မှန်း ပင်မသိနိုင်တော့အောင်ဖြစ်သွားပါတယ်။

ဆေးကျောငိးသူ တစ်ယောက် ကိုလူနာကို လေပိုက်သွင်း နည်းသင်ပေးနေပုံ


ဒီလိုလေပြင်းမျိုး ကလည်း ဒီလီဆိုသို နိုင်ငံမှာ မကြာခဏ ကျတတ်ပါတယ်။ တ၀ုန်းဝုန်းနဲ့ တိုက်ကြီးပါတုန်ခါ နေရတယ် ထင်ရလောက် အောင်ကိုပြင်း
ထန်တတ်ပါတယ်။ မိုးရေ မပါပေမဲ့ အေးတာကတော့ နဂိုကလည်း အေးပြီးသားမို့  ဆိုဘွယ်ရာ မရှိတော့။ ခုလိုအခြေနေမျိုးမှာ အပြင်ထွက်ဖို့ပင် အနိုင်နိုင်ပါ။
လူ့အသက် တစ်ချောင်းကို ကယ်ကောင်းပါတယ်။ ဒါပေမဲ့ ၆မိုင်လောက် ဝေးတဲ့ မြို့ပြင်က ဆေးရုံကြီးဆီ တောင်ပေါ်လမ်း ကနေ ကိုယ်တိုင်ကား မောင်းသွားဖို့ဆိုတာ မိုက်မဲရာ သက်သက်သာ ကျတော့မည်။ (ရုပ်ရှင်ထဲက ရဲတွေ ပဲလုပ်နိုင်မယ် ထင်ပါတယ်)  ပြောရမယ်ဆိုရင် ကျွန်တော်က နိုဝင်ဘာလကုန် ကတည်းကအလုပ်ကထွက်ခွင့်ရပြီးသား၊ မကြာမီ ရက်ပိုင်းအတွင်း Unv Specialist အနေနဲ့ တောင်အာဖရိက နိုင်ငံ ကိုသွားတောမည့် ဆဲဆဲပါကြီး။ ဒီဆေးရုံကြီးမှာ ဘာတာဝန်မှ မရှိတော့။ တပည့်ရင်းချာကြီး ဆိုတဲ့သံယောဇဉ်ကြောင့်သာ စိတ်မကောင်း ဖြစ်မိတာပါ။ နောက်ဆုံးတော့ ကိုယ်မှမတတ်နိုင်တာ (Bonny မင်းကိုငါလည်းလာမကယ်နိုင်၊ ဘယ်သူမှလည်း လာနိုင်မယ်မထင်၊ စိတ်အေးအေးထား အနားမှာရှိတဲ့ လူတွေ အကူညီနဲ့ လုပ်သင့်တာသာ ဆက်လုပ်ဖို့) သာအကြံပေး လိုက်နိုင်ပါတော့တယ်။

အဲဒီညက တစ်ညလုံး ကျွန်တော်လည်း အိပ်မပျော်နိုင်တော့ပါ။ ဒီတပည့်ကြီး အကြောင်းပဲတွေးနေမိ လို့ပါ။ ဘုန်နီ ဆိုတာက ကွန်ဂို Congo DRC နိုင်ငံက
မေ့ဆေး ပညာရှင် တစ်ယောက် လုပ်သက် ၆နှစ်နဲ့ အသက် ၄၀ ကျော်အရွယ်ပါ၊ ဆရာဝန်လည်းမဟုတ်၊ နပ်စ လည်းမဟုတ်။ သူတို့အဆိုအရ မေ့ဆေးအရာရှိ
Anaesthetic Officerလို့ ခေါ်ပါတယ်။ အားလုံးသိကြ တဲ့အတိုင်း Congo ကပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံဆိုတော့ာသူတို့လည်းသနားစရာ စစ်ပြေးတွေပါ။
လီဆိုသိုမှာတော့ အုပ်စု အတောင့်ဆုံး လို့ဆိုနိုင်ပါတယ်။ ဒီလိုနဲ့ Bonny ဒီမှာ မေ့ဆေးအလုပ် လာလျှောက်တော့ သူ့အင်တာဗျူးမှာ ကျွန်တော်က မေ့ဆေး
ဆရာကြီးဆိုတော့ အဖွဲ့ခေါင်းဆောင်ပါ။ ကျန်တဲ့သူတွေ ကတော့ အိုဂျီ နဲ့ဆေးပညာဌာန ကပါ။ (ခွဲစိတ်ဌာန ကတော့ အဲဒီနေ့က ပေါ်မလာပါ) အခြားသူတွေ
ကို အရင်မေးစေပြီး နောက်ဆုံးမှ သူ့အခြေနေ ကြည့်ပြီး ကျွန်တော်ကမေးမယ်လို့ စိတ်ကူးထားပါတယ်။

အိုဂျီက ကိုယ်ဝန်အဆိပ်တက်တဲ့ ရောဂါအကြောင်း၊ နောက်တစ်ယောက်က ဆီးချို ရောဂါ အကြောင်း တွေမေးတော့ သူဖြေပုံကို ဟိုဆရာတွေ သိပ်စိတ်တိုင်း
မကျပါ။ ဒါနဲ့ ကျွန်တော့်အလှည့်ရောက်တော့ ကျွန်တော်ကပါ နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ အကြောင်းတွေ ထပ်မေးနေလို့ ကတော့ သူကျဖို့သာမြင်လို့၊ မေ့ဆေး
မှာ အခြေခံ အကျဆုံးဆိုပေမဲ့ အရေးလည်းကြီးတဲ့ " အစာအိမ်ထဲမှာ အစာပြည့် နေတဲ့လူနာကို မေ့ဆေးမှာ ဘယ်လို ကိုင်တွယ်မလဲ? " ဆိုတဲ့ မေးခွန်းလေးပဲ
မေးလိုက်ပါတယ်။ မေ့ဆေး လုပ်နေကျလူ တစ်ယောက် အဖို့ ဒီမေးခွန်းကို ချက်ကျကျ ဖြေနိုင်ဖို့ကောင်းပါတယ်။ ဒါမျိုးကလည်း အများဆုံးကြုံနေကျမို့။ (သူလည်း
ဖြေနိုင်မယ်ယူဆပါတာမို့ပါ)  သူဖြေတာ တွေလည်း မမှားပါ၊ ဒါပေမဲ့ သူ့အဖြေက ရှေ့နောက် အစီစဉ်မကျ ဖြစ်နေပါတယ်။

စာရှုသူများကို ဗဟုသုတ အနေနဲ့ ပြောပြရရင်တော့ ဒီလူနာမျိုးက မေ့ဆေးတင်လိုက်ရင် အန်တော့မှာသေချာသလောက်ပါ။ မေ့နေတဲ့ လူတစ်ယောက် အဖို့အန်မယ်
ဆိုရင် အန်ဖတ်ဆို့မှာ လည်းအသေအချာပါ၊ ဒါဆို လေမရှူနိုင်တော့လို့ အသက်ပျောက်မှာ လည်းသေချာပါတယ်။ အရက်သမားတွေ အမူးလွန်လို့ အသက်ဆုံးရတာ ဒါ
ကြောင့်ပါ၊ မေ့ဆေးဆိုတာက အရက်ထက် အဆအများကြီး ပိုပြင်း တာမို၊့ မေ့ဆေးမှာ အန်ပြီဆိုရင် အဖတ်သက်သက် သာမက၊ အစာအိမ်ထဲ အစာချေရည်တွေပါ
ဆန်တက်လာ တတ်ပါတယ်။ ဒီအရည်တွေမှာ အက်ဆစ် အပြင်းစား လည်းပါတာမို့ လေပြွန်ထဲက တဆင့် အဆုပ်ထဲရောက်သွားလို့ ကတော့၊ အဆုပ်ရဲ့ လေအိပ်တွေ
လေပြွန်တွေ အားလုံးကို တိုက်စားသွားမှာမို့ အချိန်မီလို့  အသက်ပြန်လု နိုင်ရင်တောင် ရှေ့ဆက်ကုရမှာ အတော်မလွယ်တဲ့ (နာတာရှည်) ကိစ္စကြီးပါ။

စကား ပြန်ဆက်ရရင်၊ ခုလို ဖြစ်လာမဲ့ကွင်းဆက်တွေ ကြိုသိပြီးသားမို့ မေ့ဆေးသမားကောင်း တစ်ယောက်အဖို့ မဖြစ်ခင်ကြိုတင် ပြင်ဆင်ထားဖို့လိုပါတယ်။ ဥပမာ အစာ
ရည်တွေ သူ့လမ်းကြောင်းနဲ့သူ ပြန်ထွက်နိုင်အောင် အစာအိမ်ထဲ အစာပိုက်ကြိုသွင်းထားဖို့၊ နောက် မအန်အောင်လို့ ဘယ်လိုဆေးတွေ ပေးထားမလဲ၊ အန်ခဲ့ရင် အန်ဖတ်
မဆို့အောင်ဘယ်လို ကာကွယ်မလဲ၊ အစာချေရည် အက်ဆစ်တွေ လေပြွန်ထဲ မတော်တဆ မ၀င်သွားအောင်၊ ၀င်သွားခဲ့ရင်လည်း(အလောင်) သက်သာအောင် ဘယ်လို
လုပ်မလဲ၊ ဆိုတဲ့ ကြိုတင်ပြင်ဆင် ထားရမည့်အဆင့်တွေအများကြီးပါ။

လက်တွေ့မှာ အဓိကအချက်က လူနာရဲ့အသက်ရှူပြွန်ထဲ (မေ့ဆေး) လေပိုက်ကို အမြန်ဆုံးရောက်အောင် ထိုးသွင်း၊ ပြီး လေပိုက် ကိုအသက်ရှူပြွန် နဲ့အရွယ်ကိုက်ဖြစ် အောင် လေထိုးသွင်း လိုက်ရင်၊ အန်အုန်းတော့ လေပြွန်ကိုဆို့ထားပြီးသားမို့ အက်ဆစ်တွေမ၀င်နိုင်တော့ပါ။ (အပြောလွယ်ပါတယ်) ခက်တာက လူနာ့လေပြွန်ထဲကို မေ့ဆေးပိုက်ကြီး ထိုးသွင်းဖို့ ဆိုတာက ဒီအတိုင်း လူအရှင်လပ်လပ်ကြီးမှာ လုပ်လို့မှမရတာ၊ မေ့ဆေးတင်မက၊ မေ့ဆေးပေးပြီး၊ လေပြွန်ပွင့်အောင် ဆေးတွေ အရင်ပေးဖို့ လိုပါတယ်။ ဒီမှာ ပြဿနာ စတာပါ။ အများဆုံး အန်တာကလည်း ဒီအချိန်မှာပါပဲ။ ဆေးတွရှိရုံ နဲ့မပြီးသေး၊ လေပိုက်၊ အစာပိုက်၊ ချွဲစုပ်စက်၊ အောက်ဆီဂျင် စတာတွေက မရှိမဖြစ်တဲ့ အခြေခံ လိုအပ်ချက် တွေပါ။

ဒီနေရာမှာ လုပ်စရာ အဆင့်တွေ တပုံကြီး အချိန်က စက္ကန့်ပိုင်းသာ ရှိတာမို့ ဘေးမှာ ကူမည့် လက်လည်းလိုပါတယ်။ (ဆေးတွေလည်း ထိုးရမယ်၊ ချွဲစုပ်စက်လည်း ကိုင်ရအုံးမယ်၊
လေပိုက်လည်းသွင်း ရအုံးမယ်၊ ဆိုတော့ တစ်ယောက်ထဲ ဘယ်လိုမှ မဖြစ်နိုင်ပါ) ကျွန်တော့် တပည့်ကြီး ရဲ့အဖြေမှာလိုနေတဲ့ အချက်တွေက ဒီကြိုတင်ပြင်ဆင်မှုတွေပါ၊သူကရှေ့နောက် အစီစဉ်တကျ ထည့်ပြောမသွားလို့၊ ကျွန်တော်က သတိပေး လိုက်ပါတယ်။ (ဒါက စေတနာနဲ့ပါ) သူ့လိုအပ်ချက်တွေ ပြောပြရင်း မင်းရှေ့လျှောက်မေ့ဆေးနဲ့ လုပ်စားမယ်ဆိုရင် ပြင်ပါ။ ကြိုတင်ပြင်ဆင်မှုတွေ လိုနေတယ်။ ဒီပုံစံ မျိုးနဲ့တော့ မသွားပါနဲ့လို့။ ဒါပေမဲ့ သူ့ကိုအောင်မှတ် တော့ပေးလိုက်ပါတယ်။

အင်တာဗျူးအပြီး သူ့ကိုခန့်ဖို့ ကိစ္စ သုံးယောက်သား Board ထိုင်ကြတော့ ကျန်နှစ်ယောက်က " ငါတို့ လူနာတွေ သူ့ကြောင့် အသေမခံနိုင်ဘူး" ဆိုပြီး ကန့်ကွက်ပါတယ်၊ ကျွန်တော်
က (သူ့မှာမေ့ဆေး ပညာအခြေခံ ရှိပြီးသားမို့ ကျွန်တော်တို့ နဲ့အတူ ၃-၄ လလောက် လက်တွဲလုပ်ယင်း သင်ပေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်) ဆိုတော့၊ သူတို့လည်း နောက်ဆုံးမှာ သဘောတူကြပါတယ်။ ကျွန်တော်ခုလို ဗီတိုအာဏာ ဆန်ဆန် သုံးလိုက်ရ တာကလည်း အကြောင်းရှ်ပါတယ်။ လီဆိုသို မှာမေ့ဆေးဆရာ အရမ်းလိုနေပါပြီ၊ သူတို့ကောလိပ် ကလည်းမထုတ်လုပ် နိုင်တာ ၆-၇ နှစ်ကျော်နေပြီ၊ ရှိတဲ့လူတွေကလည်း တတိတိ နဲ့လျော့ပါး လာနေလို့ နိုင်ငံအနေနဲ့လည်း အလုပ်ဖြစ်အောင် Congo သားတွေလည်း ကယ်တင်ရာ ကျအောင်လို့ပါ။ Board မှတ်တမ်းမှာလည်း ဒီလိုပဲ ချရေး လိုက်ပါတယ်။ ခုနေက အစမ်းခန့်သာဖြစ်ပြီး နောင် ၃-၄လကြာမှ ကျွန်တော်က ပြန်ထောက်ခံချက် ပေးရမှာပါ။ ဒါလိုနဲ့ ဘုံနီတစ်ယောက်၂၀၁၁ သြဂုတ်လဆန်း ကစပြီး Queen Elizabeth 2 ဆေးရုံကြီးမှာ အလုပ် စ၀င်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့မှာအားနဲချက် တစ်ခုတွေ့ရတာက သူကလေပြွန်ထဲ ကိုမေ့ဆေးပိုက်ကို ကောင်းကောင်း မသွင်းတတ်တာပါ။ အစကတော့ သူ့မှာအလေ့အကျင့်နဲ လို့လို့ထင်ထားမိပေမဲ့ သင်ပေးတာ ၁လ၊ ၂လ၊ ၃လ၊ သာကုန်သွားတယ် စိတ်ချရတဲ့ အဆင့်ကို ရောက်မလာပါ၊ ဒီအလုပ်က ဦးနှောက်နဲ့ အာရုံကြောတို့ တုံ့ပြန်မှု နဲ့လည်းဆိုင်ပါတယ်၊ ဥပမာ နှိုင်းပြရရင် စက်ဘီးစီးသင်သလို၊ ရေကူးသင်သလို၊ လက်နှိပ်စက် အမြန်ရိုက်သလိုမျိုးပါ၊ တစ်ခုချင်း စဉ်းစားပြီး လုပ်နေရတာထက် အာရုံကြော တုံ့ပြန်မှုနဲ့ သူ့အလိုလျောက် သွားတာက ပိုများပါတယ်။ ဒါကြောင့်မို့ အသက်ကြီးမှ မေ့ဆေး သင်ပေးရတာ မလွယ်ပါ။ Hony ကတော့ ခုမှ ၄၀ကျော် ရှိသေးတာမို့ သူဘာကြောင့် ညံ့နေရ တာလည်းဆိုတာ စဉ်းစားလို့ မရ ပါ၊ လူကောင်ကလည်း ထွားထွားနဲ့ အကောင်းကြီးပါ။

နည်းမှန်အောင်လည်း အကြိမ်ကြိမ် ပြပြီးပြီ၊ အခွင့်ရေး ရတိုင်းလည်း သူ့ပဲလုပ်ခိုင်း နေတာပါပဲ။ ဒါကိုပဲ သူလေပြွန်ထဲ မေ့ဆေး ပိုက်သွင်း လိုက်တိုင်းမကြာမကြာ အစာပြွန်ထဲချည်း
ရောက်ရောက် သွားတတ်လို့ ကျွန်တော်က နောက်ကနေ လိုက်လိုက် ပြင်ပေးရတဲ့ အကြိမ်ပေါင်း လည်းမနဲတော့။ ၁၀ကြိမ်မှာ ၁ကြိမ်လောက် လွဲမယ်ထင်ပါတယ်။ ဒါလောက်လေးဟာ ဘာများ အရေးကြီးလို့ လဲ လို့တော့ မမေးလိုက်ပါနဲ့၊ ဒါကအသက်ပါ (မေ့ဆေးမှာ အရာရာမှာ သေမင်းက လက်တစ်ကမ်းစာ ပဲဝေးပါတယ်) အဆုပ်ထဲ လေမရောက်လို့ ကတော့ သေဖို့သာ ရှိတော့မှာပါ။ ဒါဆို သူမေ့ဆေးပေးတဲ့ လူနာ ၁၀ယောက် တိုင်းမှာ ၁ယောက်က သေပေးရမယ်ဆို ရင်လက်ခံနိုင်ပါ့မလား၊ စဉ်းစားသာကြည့်ပေါ့။
လူဆိုတာက တစ်ယောက်နဲ့ တစ်ယောက် တည်ဆောက်ပုံ ချင်းတူတာမဟုတ်လို့ ဘယ်လောက်ပဲ တော်တော်၊ လွဲတာတွေ၊ အချို့ဆိုလုံးဝသွင်းမရတာတွေ ရှိတတ်ပါတယ်။ ဥပမာ နှစ်ထောင်မှာ တစ်ယောက်နှုံး လောက်ပေါ့။ ဒါဆို ခွင့်လွှတ်နိုင်ပါတယ်။

ကျွန်တော်လည်း မေ့ဆေး လုပ်သက် အနှစ် ၃၀ ကျော်နေပါပြီ၊ အကြောင်းကြောင်းကြောင့် လွဲသွားတာတွေ မကင်းပါ။ ဒီနေရာမှာ ကိုယ်မှားသွားတာကို မှားမှန်းချက်ချင်းသိပြီး ချက်ချင်းပြန်ပြင်ဖို့ ကပိုအရေးကြီးပါတယ်။
(ဒီအကြောင်း ကျွန်တော် မဟေသီမှာ ၂၀၀၃ လောက်က ရေးခဲ့ဘူးပြီးပါပြီ) ဒီမှာလည်း ဒီလူက ပုံမလာ၊ သူ့အမှားကို လိုက်ပြင်ပေးတာကိုပဲ သူကပြန်ငြင်းချင် နေသေးတော့၊ တော်ရုံ ဆရာမျိုးဆို ထရိုက်ချင်စရာ။ "မရှိတာထက် မသိတာခက်"တဲ့။  အဆိုးဆုံးက မသိတာကိုလက်မခံတာ ဆိုရင် သူ့တွက် ပိုမှန်လိမ္မယ် ထင်ပါတယ်။ " မင်းက လေပြွန် Trachea ထက်၊ အစာပြွန် esophagus ကိုဘာကြောင့်များ ပိုကြိုက် နေရတာလဲ"  ဆိုပြီး ဆုံးမ၊ ရတဲ့ အကြိမ်ပေါင်းလည်း မနဲတော့ပြီ။ (Trachea ကရှေ့ပေါက်၊ Esophagus ကနောက် အပေါက်ပါ)

ဒီလိုနဲ့ လုပ်လာလိုက်တာ နောက်ဆုံး အောက်တိုဘာလ နီးလာတော့ ဆေးရုံသစ် ကြီးကလည်း  ၁ရက်နေ့မှာ ဖွင့်ဖို့တာစူနေပြီ၊ လူတွေလည်း ဆေးရုံသစ် ကိုပဲဝင်မလား၊ နယ်ပဲပြောင်း မလားနဲ့၊ (ခွဲရေး တွဲရေး) ယောက်ရက်ခပ် နေချိန်မှာ Bony ကလဲတစ်မှောင့်။ သူ့အခြေနေက မရေရာတော့၊ ခုချိန်ထိ လခကလည်း တစ်ပြားမှ မရသေး။ မိမ္မကလည်း မွေးခါနီး ကိုယ်ဝန် ကြီးနဲ့  တဖက်နိုင်ငံမှာ  သူများအိမ်မှာ ကပ်ယပ်နေရတယ် ဆိုပါတယ်၊ စားစရာလည်း မရှိလို့ မကြည့်ရက်လို့ ဆေးရုံမှာ ကျွန်တော် ၀ယ်ဝယ်ကျွေးရတာလည်း အကြိမ်မနဲတော့။ သူ့ဘ၀ရှေ့ရေးက ကျွန်တော် ပြုသမျှ နုရတော့ မည့်သဘော၊ ကျွန်တော်ကိုယ်တိုင် ကလည်း ဆေးရုံ သစ်နဲ့ဟောင်း ၂ရုံ သာမက၊ နိုင်ငံပါပြောင်းရမဲ့ ရမဲ့အခြေနေမျိုး။ သူ့ကိုငဲ့ပြီး နယ်ကိုပြောင်း ရအောင်ကလည်းကိုယ့်ကျေးဇူးရှင်ကြီးမဟုတ်။  ဒါနဲ့ နောက်ဆုံး ကျွန်တော် ဆေးရုံသစ်ကြီးဆီ ၀င်ဖို့ ဆုံးဖြတ်လိုက်တော့၊ သူ့ကိုထားခဲ့ လို့လည်းမဖြစ်သမို့၊ ဆေးရုံသစ်က မန်နေဂျာ
Dr Karen ကိုပဲသူ့ကိုကျွန်တော့် တပည့်  အနေနဲ့ လိုချင်ပါတယ် ဆိုတော့၊  Karen က၊ လိုက်လျော လို့သူကံကောင်းသွားပါတယ်။ အမှန်တော့ ဆေးရုံသစ်မှာ ဆရာဝန်တွေပဲ
မေ့ဆေးပေးခွင့်ရှိတာပါ၊ မေ့ဆေးအရာရှိတွေ၊ မေ့ဆေးနာ့စ်တွေ က၊ မေ့ဆေးအကူ အနေနဲ့ ကလွဲရင် မေ့ဆေးပေးပိုင်ခွင့်မရှိပါ။ (သူ့အပြင် Kadima ဆိုတဲ့ DRC ကပဲ မေ့ဆေးအရာရှိတစ်ယောက် ရှိပါသေးတယ်၊ သူကတော့ လုပ်သက်အရကော၊ လုပ်ရည်ကိုင်ရည် အရပါ ဘာမှပြောစရာမရှိ ကျွန်တော့် တောင်းဆိုချက်နဲ့ပဲ မေ့ဆေး အလုပ်ရတာပါ၊ သူ့ကိုတော့လက်လွှတ် ထားနိုင်ပါတယ်၊ သူလည်းလခပိုရအောင် လို့ပါ၊ ဒါကနားလည်မှုနဲ့ပါ)

ဘုံနီကျတော့ Kadema လိုကျွန်တော် မထောက်ခံနိုင်ပါ။ မေ့ဆေးတော့ ပေးခွင့်ရှိတယ်၊ ဆရာဝန်တစ်ယောက်ယောက် လက်အောက်မှာပါ။ On call ညဂျူတီ တွေ၊ ပိတ်ရက်တွေ မှာတော့
ကျွန်တော်နဲ့ အမြဲအတူတွဲထားပြီး ကျွန်တော့် မျက်စိအောက်မှာပဲ လုပ်စေပါတယ်။ အလုပ်ဇယားတွေ Duty roster ကိုကျွန်တော် ကိုယ်တိုင်ပဲ ဆွဲတာပါ။ အမှန်တော့ ကျွန်တော်က သူ့ကို အောက်မှာ သက်သက် ခေါ်ခိုင်းထားတာမဟုတ်ပါ။ ကာဗာ ပေးထားတာပါ။ ဒါပေမဲ့ လကုန်လို့ လခတွေ ထုတ်ရတော့ သူ့မှာ အရေးပေါ်တို့၊ အချိန်ပို လုပ်ခတို့၊ မရတော့ မကြည်ချင်။ သူ့ကိုဂျူတီသပ်သပ် ချပေးဖို့တောင်းချည်း ဆိုနေပါတယ် ( Kadema အများကြီး ရတာကိုကြည့်ပြီး မနာလိုဖြစ်တာတွေ လည်းပါမှာပေါ့ ) သူမတတ်တာ တော့သူမမြင်။ ဒါကြောင့် သူ့ကိုပြောရပါတယ်၊ဟိုတုန်းက မင်းမှာ အလုပ်မရှိ စားစရာမရှိလို့ ငါကူပေးခဲ့တယ်၊ ခုမင်းအလုပ်ရနေပြီ၊ ပုံမှန်ဝင်ငွေလဲရနေပြီ။ လောဘမကြီး စမ်းပါနဲ့ Kadema ဆိုတာလည်း ငါပဲပြောပေးလို့ရတာပဲ၊ အချိန်တန်ရင်မင်းရရ မှာပေါ့လို့။ မင်းကြိုးစားဖို့ လိုသေးတယ်လို့။ ဒီဆေးရုံသစ် မှာလည်း သူမှားတာတွေ တွေ့နေရတုန်းပါပဲ၊ ခွဲစိပ်ဆရာတွေဆီက တိုင်တာတွေ ရှိပါတယ်။ ကျွန်တော် သူ့ကိုလွှတ်မထားရဲသေးတာလည်း မလွန်ပါ။ ကိုယ်တင်ထားမိတဲ့ မင်းသားဖြစ်နေလေတော့ ကိုယ်ပဲတာဝန်ယူ ရတော့မှာပေါ့။ သူကတော့ကျွန်တော့ ရှေ့မှာမို့သာ မှားတာပါ၊ နောက်ကွယ်မှာ မဖြစ်ပါဘူးတဲ့ သေတာတောင်ဝမ်းကျမရပ်တဲ့ လူစားမျိုး။

ဒါနဲ့ ကျွန်တော့ ဇာတ်လမ်း ကိုပြန်ဆက်ရရင်၊ နိုဝင်ဘာလကုန်မှာကျွန်တော်အလုပ်ထွက်ရတော့မယ်ဆိုတော့ Bony က စိတ်မကောင်းပါဘူး လို့တော့ပြောရှာပါတယ်။ အမှန်တော့ သူပျော်နေမှာပါ။
ကျွန်တော် မရှိတော့ ရင် သူလွတ်လွတ် ကျွတ်ကျွတ် လုပ်နိုင်ပြီထင်နေမှာပေါ့။ ဆေးရုံ မန်နေဂျာကြီး ကိုတော့ ဒီလူတိုးတက်မှု တော့ရှိလာပါပြီ၊ ရာနှုံးပြည့်တော့ မဟုတ်သေးဘူးလို့၊ မယုတ် မလွန်ပဲဖြေလိုက်ပါတယ်။ နောက်လ (ဒီဇင်ဘာ) တွက်ဆွဲထားတဲ့ duty roster မှာတော့ သူနဲ့တွဲလျက် ကျွန်တော့် နာမည်ပါနေသေးလို့ နောက်တက်မဲ့ လူ Head နဲ့ပဲညှိပြီးလုပ်ပါလို့။ ဆက်ပြီးကံဆိုး တာက ကျွန်တော့နေရာ head လုပ်ချင်သူတွေက များနေလို့  အဲဒီနေ့ထိ သူ့ကိုကိုင်တွယ် မည့်သူ မရှိသေးတာပါ။
Bony ကကျွန်တော့် နောက်ဆုံးနေ့မှာ ပြောပါသေးတယ်၊ လီဆိုသို ကနေမခွာမီ မေ့ဆေးအဖွဲ့သားတွေကို အမှာစကားလေးတော့ ပြောခဲ့ပါအုံးတဲ့။ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်၊ အခြားလူ
တွေတော့ ဘာမှပြောစရာ မရှိဘူး၊ မင်းကိုပဲ ငါစိတ်ပူတယ်၊ ငါကလည်း တဲ့တဲ့ပဲ ပြောတတ်လို့ မင်းလည်းငါ့ကို မုန်းနေလောက်ပြီလို့။

ကျွန်တော် အလုပ်ထွက်လို့မှ ၃ရက်ပဲ ကြာပါသေးတယ်၊ ဇာတ်လမ်းအစ မှာကျွန်တော် ရေးထားတဲ့ အတိုင်းပြဿနာ ပေါ်ပါတော့တယ်။ နောက်နေ့ နံနက်မှာ Bony အိမ်ကိုပေါက်ချလာပါတယ်။
အဖြစ်ကတော့  လူနာက အူလမ်းကြောင်း ပိတ်လို့အရေးပေါ် ခွဲရတာပါ။ သူ့မေ့ဆေးအစမှာပဲ လူနာကထိုးအန်ချလို့ (အန်မှာပေါ့ အစာတွေက အောက်မဆင်းနိုင်တော့ အစာအိမ်ထဲမှာပဲရှိ
နေတာကိုး) သူတစ်ယောက် ထဲအနားမှာ ကူမည့်လူလည်းမရှိ မေ့ဆေးပိုက်လည်း သွင်းမရနဲ့ နောက်ဆုံး လူနာနှလုံးရပ်သွားပြီး ၁နာရီလောက် အကြာမှာ ဆုံးသွားတယ် လို့ဆိုပါတယ်။
ကျွန်တော် အထူးအထွေ မေးမနေတော့၊ ဝေဖန်လည်း မနေတော့၊ သူ့အကြောင်းသိပြီးသားပဲ။ သူ့အင်တာဗျူးတုန်းက ကျွန်တော် ဆုံးမစကားပြောခဲ့တာတွေ သူမှနားမ၀င်တာ၊
(လူတွေက အကျင့်ကိုပြင်နိုင်ခဲတယ် ဆိုတာ စကားရှိသား မဟုတ်ပါလား)

အဖြစ်မှန် ကတော့ သူ့လူနာရဲ့ အဆုပ်ထဲ အက်ဆစ်တွေ ၀င်ပြီးလောင်သွားတာပါ။ အနားမှာ ကျွန်တော်မရှိတာ လူနာရော သူပါ ကံဆိုးတာပေါ့။ ခုကိစ္စမှာ ကျွန်တော့်အဖို့ နောက်ကြောင်း
ရှင်းပါတယ်။ ကျွန်တော်ခန့်ပေးလိုက်တဲ့ လူအားလုံးမှာ အမျိုးလည်း တစ်ယောက်မှ မပါပါ၊ မြန်မာလည်း တစ်ယောက်မှ မဟုတ်ကြပါ။ စေတနာ နဲ့ကူညီသာသက်သက်ပါ။ Kadema တုန်း
က သူ့အရည်အချင်း အရ ကျွန်တော့်ရဲ့ ညာလက်ရုံးပါ ကျွန်တော်လိုချင်ပါတယ် ဆိုပြီးထောက်ခံခဲ့တာပါ။ Bony ကျတော့ ဒီလိုမပြောခဲ့ပါ။

စိုးမြင့်-မေ့ဆေး
UNV Anaesthetist
ခေတ္တ Mokopane Hospital
Limpopo
RSA
15 Feb 2012

(စါကြွင်း)
(၁) ကျွန်တော် ဒီနိုင်ငံပြောင်းပြီးမှ Dr Karen နဲ့ Bony အကြောင်း စာတွေရေးဖြစ်ပါတယ်။ ဘုံနီ ကိုစစ်ဆေးရေး ၀င်တော့ သူအတွေးအခေါ် ကောလုပ်ကိုင်ပုံ ပါမှားတယ် ဆိုတာတွေ့ ရလို့ မေ့ဆေးပေးခွင့် ပိတ်လိုက်ပြီး မေ့ဆေးအကူ အဆင့်ကိုချထားတယ် လို့ဆိုပါတယ်။ အလုပ်ပြုတ်မသွားတာ သူကံကောင်းတယ် ဆိုရမှာပါ။

(၂) တိုက်တိုက် ဆိုင်ဆိုင်ပါပဲ၊ ၁၉၇၈ ကျွန်တော် မေ့ဆေး  ဆရာဝန် ပေါက်စ ဘ၀မှာ " မေ့ဆေး နှင့် အစာ"      ဆိုတဲ့ဆောင်းပါးလေး တစ်ပုဒ် ကြေးမုံမှာပါလာပါတယ်၊ "စိုးမြင့်-မေ့ဆေး" ဆိုတဲ့ ကလောင်အမည်နဲ့ အဦးဆုံး ဆောင်းပါးပါ။ ဆရာ (ဦး) မြသန်းတင့် ရဲ့အားပေးမှု နဲ့ရေးဖြစ်ခဲ့တာပါ။ အကြောင်း အရာကတော့ ခုဒီစာပါ မေ့ဆေးမှာအန် တတ်တဲ့ အကြောင်း ပါပဲ။ ဘယ်တော့မှလည်း မရိုးနိုင်တဲ့ ကိစ္စပါ။ အချို့လူနာတွေက အစာပေးမစားရင် ရေလောက်တော့ ခိုးသောက်နိုင်တယ် ထင်ကြလို့ ရေပြန်အန်တာ Regurgitation ကအစာထက်     ပိုဆိုးကြောင်း သတိပေးထားပါတယ်။

6 မှတ်ချက်:

San San Htun

ဗဟုသုတတိုးတယ် ဆရာ

Anonymous

ဆရာရေ

ဗဟုသုတရစရာတွေ ဖတ်သွားတယ် ကျေးဇူးပါ

လေးစားစွာဖြင့်
ရွှေစင်ဦး

ဟန်ကြည်

တစ်ပုဒ်ဖတ်ပြီး နှစ်ပတ်ကျော်အကြာမှာ နောက်တစ်ပုဒ်ထပ်ဖတ်ခွင့်ရတာ ကျေးဇူးပါဆရာ...

ကျွန်တော်လည်း Medical field ကနေထွက်ပြီး အပြင်သင်တန်းဖွင့်ဖြစ်နေတာမို့ တပည့်တွေအကြောင်း၊ ဆရာပြောသလို ကိုယ်တင်တဲ့မင်းသားတွေအကြောင်းကတော့ မရိုးနိုင်အောင်ကို ရှိနေတော့တာပါပဲဆရာ...တစ်ခုကံကောင်းတာက ကျွန်တော့်မင်းသားတွေက ဆရာ့မင်းသားလောက်တော့ တစ်ဖက်သားအသက်အတွက် သိပ်မစိုးရိမ်ရတာ တစ်ခုပါပဲ...

ဆရာ့စာတွေကို ကျောင်းမတက်ခင်ကတည်းက ဖတ်ဖြစ်နေတော့ မေ့ဆေးလူသတ်မှုဆိုတာကြီးကို စိတ်ထဲမှာစွဲပြီး တကယ်လို့များ အထူးပြုယူမယ်ဆိုရင်တော့ မေ့ဆေးကို ရှောင်မှလို့ စိတ်ကူးထားမိပါသေးတယ်...အခုတော့လည်း ဆေးလောကနဲ့ဝေးသွားတော့ စိတ်ပူစရာတော့ မလိုတော့ဘူးပေါ့ဆရာရေ...

ကျောင်းပြီးသွားတဲ့ ညီမက အထူးပြုယူဖို့ အကြံတောင်းတော့ ကျွန်တော့်မှာ မေ့ဆေးကိုများ စိတ်သန်နေမလားလို့ စိတ်ပူရသေးတယ်...ဒါပေမယ့် သူအားသန်တဲ့လိုင်းတွေက တခြားဘာသာရပ်တွေဖြစ်နေတာသိမှပဲ အသက်ရဲရဲရှူရဲတော့တယ်...

ဆရာတို့လို မေ့ဆေးဆရာဝန်တွေ ( ကန့်လန့်ကာနောက်က မင်းသားတွေ ) ကို ဆရာ့စာတွေဖတ်ရင်း လေးစားနေမိပါရဲ့ဆရာရေ...

sawthanlwin

ဆရာ့ရဲ့စာတွေဖတ်ရတာဗဟုသုတအများကြီးရပါတယ်...ကျွန်တော်လည်းလွန်ခဲ့တဲ့၎လလောက်ကခွဲစိတ်ခံရတော့ဆရာ့ရဲ့မေ့ဆေးဗဟုသုတစာတွေသတိရပြီးမေ့ဆေးကိုကြောက်ခဲ့ရပါတယ်.....ကံကောင်းစွာဘဲမည်သည့်ပြဿနာမှမရှိခဲ့ပေမယ့်နိုးင်္ပြီးနောက်ပိုင်းမူးဝေမှူကတော်တော်ခံရဆိုးပါတယ်......... ဒီနိုင်ငံမှာတော့ မေ့ဆေးကိုမေ့ဆေးဆရာဝန်တွေဘဲ ပေးကြတယ်လို့ဆိုပါတယ်..ဟုတ်မဟုတ်တော့မသိပါ....
ရွင်လန်းချမ်းမြေ့ပါစေ...

:P

ဗဟုသုတ ရပါတယ် ဆရာ

ဆရာဝန်မဟုတ်တော့..လူနာဘက်က တွေးကြည့်ပြီး အကြောင်းများပေါ်လာခဲ့ရင် ဆရာ့ဇာတ်လမ်းထဲက ရွှေမင်းသားလို မေ့ဆေးဆရာဝန်မျိုးနဲ့ တိုးမှာ ကြောက်လိုက်တာ

phyu

Thanks for sharing the medical knowledge.

With Best Regards/Nang Myint

Soe Myint (Anaesthesia)  ©2009

Back to TOP