Friday, April 19, 2013

" အချိန်တန်တော့လည်း အိမ်ပြန်ရပြီပေါ့ "

              
                                                    " အချိန်တန်တော့လည်း အိမ်ပြန်ရပြီပေါ့ "
ဟုတ်ပါတယ်။ ခုကျွန်တော် အိမ်ပြန်ရောက်နေပါပြီ။ ပြန်လာတာ ယမန်နှစ် နှစ်ကုန်ခန့်က ဆိုတော့ ၅လ ကျော် ၆လထဲပင်ရောက် နေပါပြီ။ သွားစတုန်းက "အာဖရိကရောက် မြန်မာတစ်ယောက်" ဆိုတဲ့ ခေါင်းစီးနဲ့စာတွေရေးခဲ့ တာမို့ ခုပြန်ရောက်တော့ လည်း ကျွန်တော့စာရှုသူတွေ
ကို အသိမပေးရင် တာဝန်မကျေရာကျပါလိမ့်မယ်၊ ကျွန်တော်ဟာ ဘာလိုလိုနဲ့ အဲဒီမှာ ၁၈နှစ်ကျော် ကြာခဲ့ပြီး၊ လုပ်ခဲ့တဲ့ နိုင်ငံပေါင်းက Namibia, Malawi, Lesotho,South Africa လေးနိုင်ငံပါ။ ၁၉၉၄ စသွားတုန်းက Namibia ကို UNV (United Nations Volunteer) နဲ့ ၂နှစ်စာချုပ်နဲ့ ဆို တော့ မခွဲခွါစဘူး မိမိနိုင်ငံ ကိုခွဲရမှာမို့၊ "များလိုက်တာ တစ်နှစ်လောက်ဆိုတော်လောက်ပြီ" လို့ ထင်ခဲ့မိတာ မဟုတ်ပါလား။



မိသားစု အပြန်ခရီး
Namibia မှာအလုပ်စ ရတုန်းက အဲဒီနိုင်ငံက ဘယ်နေမှန်းပင်မသိလို့ ကမ္ဘာ့မြေပုံမှာရှာယူခဲ့ရတာပါ၊ သွားချင်တဲ့စိတ်သာရှိတယ်၊ သွားခဲ့ရတာ ခပ်လန့်လန့်ပါ၊ ခုတစ်ကယ်တမ်း အပြီးပြန်ရမယ် ဆိုတော့လည်း အလွမ်းသား။

နောက်ဆုံးလုပ်ခဲ့တဲ့ Mokopane, S.Africa ကဆေးရုံမြင်ကွင်း

တောင်အာဖရိက  UNV conference မှာ ဆုံရတဲ့ မြန်မာလေးယောက်
ခုပြန်လာတော့ အပေါင်းအသင်းတွေ ကမေးကြပါတယ် UNVနဲ့ သက်တမ်းကုန် ပြီမို့လားတဲ့။ မဟုတ်ပါ၊ ကျွန်တော် နောက်ဆုံးလုပ်ခဲ့တဲ့ South Africa နိုင်ငံမှာ UNV အနေနဲ့ အလွန်ဆုံး ၆နှစ် ထိလုပ်ခွင့်ရှိ ပါတယ်၊ ကျွန်တော်က တစ်နှစ်ထဲလုပ်ခဲ့တာပါ။ စ၊သွားကတဲက SA လို စိန်ချမ်းသာတဲ့နိုင်ငံကြီး (အာဖရိက မှာအချမ်းသာဆုံး) မှာလုပ်ဘူးတယ်ရှိအောင် သွားတာကလဲ အကြောင်းရင်း တစ်ခုမို့ ကြာကြာနေဖို့
စိတ်ကူးမရှိခဲ့တာအမှန်ပါ။ အဲဒီမှာ အဆင် မပြေလည်း ကိုယ်လုပ်ခဲ့တဲ့ Lesotho နိင်ငံက ဆေးရုံသစ်ကြီး ဆီကိုပြန်လာလုပ်လို့ရပါတယ်။ ကျွန်တော့တွက် တံခါးဖွင့်ထားဆဲပါ။ ဒါပေမဲ့ အခြေနေ အရပ်ရပ်ကို သုံးသပ်ကြည့်လိုက်တော့ မေ့ဆေးအနေနဲ့ လုပ်နိုင်ဦးတော့ (ဆက်လဲလုပ်နိုင်ပါသေးတယ်) မိမိတို့အသက်တွေ လည်းမငယ်တော့ပြီ။ မိသားစုအတွက်၊ အများတွက် လုပ်ပေးခဲ့တာ စုစုပေါင်း အနှစ်
၄၀လောက်ရှိခဲ့ပါပြီ၊ သံသရာမှာ မိမိအတွက် ပါအောင်လုပ်ဖို့ ကလည်းလိုသေးတာမို့၊  ခုလိုကျန်းမာနေတုန်း အိမ်ပြန်သင့်တယ်ထင်လို့ပြန်လာတာပါ။


ကိုယ့်ဘဝ အကြောင်းကို စဉ်းစားမိတော့ (Face Book  ထဲကထင်တယ်) ဇာတ်လမ်းလေးကို သွားသတိရမိပါတယ်။ တခါတုန်းက အမေရိကန်က စီးပွါးရေးပညာရှင်ကြီး တစ်ယောက် မက်ဆီကိုနိုင်ငံက ကျွန်းလေး တစ်ကျွန်းကို တိုးရစ်အနေနဲ့ရောက်သွားတော့၊ တံငါလှေ ကလေးတစ်စီးနဲ့
လူတစ်ယောက် ကိုတွေ့ပါတယ်။ သူကလက်ထဲမှာ ငါးကြီးနှစ်ကောင် ကိုင်ပြီးတက်လာတာ မြင်ရတော့ ပညာရှင်ကြီးက စပ်စပ်စုစုသွားမေးပါတယ်။ တံငါကြီးက သူ့ငါးနှစ်ကောင်ထဲက တစ်ကောင် ချက်စားမယ်၊ ကျန်တစ်တောင်ကို ရောင်းပြီး ရတဲ့ငွေနဲ့ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး
ညနေဖက် အိမ်မှာ ပါတီလုပ်ကြမယ် ပြောပါတယ်။ ဒီတော့ ပညာရှင်ကြီးက အံ့သြသွားတယ်။ ခုမှအစောကြီးရှိသေးတယ်၊ မင်းတစ်နေကုန် ဆက်မျှားမယ်ဆိုရင် ငါးတွေအများကြီးထပ်ရ နိုင်သေးတယ်၊ ဒါဆို လှေတွေ တစ်စီးကနေ နှစ်စီး၊ လေးစီး၊ ဆယ်စီး၊ ဖြစ်လာမယ်၊ ငါးဖမ်းကုမ်ပဏီ တစ်ခုထောင်ပြီး
မြို့နဲ့ဆက်သွယ် ရောင်းချမယ်ဆိုရင် ကြီးပွါးလာစရာ လမ်းတွေအများကြီးရှိတာမို့၊ ဆက်ကြိုးစားဖို့ အကြံပေးပါတယ်၊ (သူက စီးပွါးရေး ပညာရှင်ကြီးကိုး)  ရိုးသားတဲ့ တံငါကြီးက ချမ်းသာလာရင် နောက်ကော ဘာဆက်လုပ်ရမလဲတဲ့၊ ဒီတော့ ပညာရှင်ကြီးက အဲဒီချိန်ကျရင် မင်းဘာမှပင်ပင်ပန်းပန်း ဆက်လုပ်
နေစရာ မလိုတော့ဘူး၊ ကျွန်းလေးတစ်ကျွန်းကို မှာသွားနေ အပျင်းပြေ  တစ်နေ့မှာ ငါးလေးနှစ်ကောင်လောက်မျှားပြီး အိမ်ပြန် မိသားစုနဲ့ ပျော်ပျော်ပါးပါး နေကြတာပေါ့တဲ့။ ဒီတော့ တံငါကြီးက မင်းပေးတဲ့အကြံကောင်းပါတယ်၊ ဒါတွေဖြစ်လာအောင် ဘယ်လောက်ကြာမှာလဲတဲ့၊ အနှစ် ၂ဝလောက်တော့ အချိန်ယူရမယ်ဆိုတော့။ တံငါကြီးက ရယ်ပါလေရော၊ သူပြန်ပြောလိုက်တဲ့စကားက ခု ငါလည်း ဧဧဆေးဆေးပဲ ဒီကျွန်းလေးမှာ တစ်မနက်ကို ငါးနှစ်ကောင်မျှားနေတာပဲ၊ ဒုံရင်း ပဲပြန်ရောက်လာအောင် ဘာလို့များ အနှစ် ၂၀ ကြာဒုက္ခခံ ကြိုးစားနေတော့မှာလဲတဲ့။ ကျွန်တော့် အဖြစ်ကတော့ ဒီလိုတော့မဟုတ်ဘူး ထင်ပါတယ်။

Zambia နိုင်ငံက ကမ္ဘကျော် Victoria Fall

Cambodia အင်ကာဝပ်

Thai နိုင်ငံ ကမ္ဘာကျော် Bridge on the river Kawi

၁၈ နှစ်ကျော်ကြာအောင် အပြင်ထွက်လိုက်ပြီးတဲ့နောက်မှာ ဒုံရင်း ဒုံရင်း ပြန်ရောက် လာတာ တော့မှန်ပါတယ်၊ ဒါပေမဲ့ ရခဲ့တဲ့ အကျိုးအမြတ်တွေက တစ်ပုံကြီးပါ။ ကျွန်တော့်အလုပ် အများစုက UNV (ကုလသမဂ္ဂ စေတနာ့ဝန်ထမ်း ဆရာဝန်) မို့ ငွေကြေးအရ များများ စားစား မစုဆောင်း နိုင်ခဲ့ပါဘူး၊
ဒါပေမဲ့ ငွေနဲ့ဝယ်လို့မရနိုင်တဲ့ ပြည်ပ ဆေးပညာ အတွေ့ကြုံတွေ ဒေသန္တရ ဗဟုသုတတွေ အများကြီး ရခဲ့ပါတယ်၊ (ဒါကလည်း UNV ရဲ့အဓိကရည်ရွယ်ချက်ပါပဲ) ကျွန်တော်လုပ်ခဲ့တဲ့ အာဖရိက ၄နိုင်ငံတင်မက UK, Australia, ကမ္ဘောဒီးယား၊ ထိုင်း၊ စင်္ကာပူ၊ တန်ဇန်းနီးယား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ စတဲ့နိုင်ငံတွေ ကိုပါ နှီးနွယ်ပြီးရောက် ဘူးခဲ့တာ UNV ရဲ့ကျေးဇူးပါ။ သားတွေကို ပြည်ပမှာ ပညာသင်ပေးနိုင်ခဲ့တာလည်း အမြတ်တစ်ခုပါ။ 


ခုအိမ်ပြန်ရောက်တော့ လည်း တတ်နိုင်သရွေ့ ဘာသာရေး လုပ်နိုင်တယ်၊ မိမိရဲ့ မေ့ဆေးပညာ ကိုလည်း မမေ့ပျောက်ရအောင်၊ ကုသိုလ်လည်းရအောင် ရန်ကုန် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး မှာ စေတနာ့ဝန်ထမ်း မေ့ဆေးဆရာဝန် အနေနဲ့ ပုံမှန်လုပ်အားပေးရင်း မိတ်ဆွေ ခွဲစိတ်ဆရာဝန် တွေကိုလိုအပ်သလို ကူညီပေးနိုင်တယ်၊ တော်ပြီပေါ့။ ရှေ့လျှောက်ကျွန်တော့ လုပ်ငန်းစဉ်တွေမှာ နယ်လှည့်ဆေးကုအဖွဲ့တွေမှာ စေတနာ့ဝန်ထမ်း လုပ်ပေးဖို့နဲ့ အချိန်ရသလောက် ဆေးပညာပညာပေးတွေရေးဖို့ပါ။

စိုးမြင့် - မေ့ဆေး
ရန်ကုန်
16 April 2013

(စာကြွင်း)
လူဆိုတာ ကလည်းခက်သားလား၊ မိမိတစ်သက်လုံး ရုန်းကန်လှုပ်နေရတုန်းကတော့ အလုပ်များတယ်၊ပင်ပန်းတယ် လို့ညည်းညူတတ်ကြပြီး၊ အသက်ကြီးလာလို့၊ ၆၀ကျော်လို့ ပင်စင်သွားရတော့မယ်ဆိုရင်တော့လည်း၊ အများစုက အလုပ်မရှိတော့တဲ့ဒဏ် ကိုမခံနိုင်ကြတော့။ ချူချာလာတတ်တယ်၊ အချို့ဆိုအကြီးစား စိတ်ကျရောဂါ (Major depression) ဖြစ်တဲ့ထိ ခံစားရလို့၊ ဆေးကုသခံဖို့လို တဲ့ထိဖြစ် တတ်ပါတယ်။  " ပင်စင်နာ" လို့လည်း လူသိများပါတယ်။ ဒီအတွက် အကောင်းဆုံးပေးချင်တဲ့အကြံက မိမိကိုယ်နဲ့စိတ်ကို အအားမထားပဲ တစ်ခုခုမှာမြှုပ်နှံ ထားဖို့ပါ။ အကောင်း
ဆုံးက ကိုယ်ကျိုးမဖက်တဲ့ လူမှုရေးလုပ်ငန်းတွေ ဆိုရင်ပိုလို့မှန်ပါလမ့်မယ် ထင်ပါတယ်။






9 မှတ်ချက်:

ko 9

ကောင်းပါတယ်ဆ၇ာေ၇....ကျွှန်တော်တို့လဲပြန်လာ ဖို့ကြိုးစားနေပါတယ်ခင်ဗျာ...၁၇ နှစ်ထဲေ၇ာက်လာပြီလေ။

ဟန်ကြည်

အချိန်တန်လို့ အိမ်ပြန်လာပေမယ့် ကောင်းသောအပြန်ခရီးပါဆရာ...နှစ်ပေါင်းများစွာ ရလာခဲ့တဲ့ အတွေ့အကြုံကောင်းတွေကို ကျွန်တော်တို့ဆီက ပညာရှင်တွေ အလွယ်တကူ လက်ဆင့်ကမ်းယူနိုင်ကြတော့မှာကိုတွေးပြီး မုဒိတာပွားမိပါတယ်...များပြားလှတဲ့ ဆေးပညာဗဟုသုတတွေကို ဖြန့်ဝေမယ့်စာတွေကို စောင့်မျှော်နေသလို အာဖရိကရောက်မြန်မာတစ်ယောက် ဆောင်းပါးတွေကိုလည်း အလျဉ်းသင့်သလို ဆက်ရေးဖို့လည်း ဥပစာယပြုပါရစေ...ဆရာ့စာတွေဖတ်ပြီး ဒီဘက်ခေတ်မျိုးဆက်သစ်တွေ ကြိုးစားချင်စိတ်တွေပေါ်လာမယ်ဆိုတာ ကိုယ်တွေ့ဖြစ်တာမို့ တလေးတစားမေတ္တာရပ်ခံခြင်းပါ...

ဆရာကျန်းမာပျော်ရွှင်စွာနဲ့ တိုင်းကျိုးပြည်ကျိုးကို စိတ်အလိုရှိသလောက် သယ်ပိုးနိုင်ပါစေခင်ဗျာ...

စံပယ်ဖြူ

ဆရာ့လို အိမ်ပြန်နိုင်အောင် ကြိုးစားနေပါတယ်။ ဆယ်စုနှစ်အတွင်း ပြန်နိုင်ကောင်းပါရဲ့
ဒုံရင်းဘ၀အတိုင်းပဲ ကောင်းပါတယ်။

Anonymous

ကျန်ရှိတဲ သက်တမ်းတခုလုံး ဝိပဿနာ တရားတော် ကိုကျင့်ကြံ အားထုပ်နှိင်ပါစေ,
လက်ရှိ သံဃာတော်များ ကိုပြုစုစောက်ရှောက်နေတာကိုလည်း သာဓုခေါ်ပါတယ်။

စိုးမြင့် (မေ့ဆေး)

ko 9 ခင်ဗျား
ဆန္ဒပြည့်ဝပါစေ လို့ပဲဆုတောင်းလိုက်ပါတယ်။

စိုးမြင့် (မေ့ဆေး)

ဆရာဟန်ကြည်ရေ
ကျေးဖူးပါ၊ ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ။
ကျွန်တော်လည်းကျိုးစားလျက် ပါ၏

စိုးမြင့် (မေ့ဆေး)

စံပယ်ဖြူသို့
ဆန္ဒပြည့်ဝပါစေ။

စိုးမြင့် (မေ့ဆေး)

Anonmyous သို့
ကျေးဇူးပါ။ ကြိုးစားလျက်ပါ။
ပေးတဲ့ဆုနဲ့ ပြည့်စုံရလိုပါ၏။

(99) .

ပ ညာ ရှိ တွေ စ ကား ကြား ရ...နား ၀ ချမ်းသာ လိုက် တာ...အုပ် ချုပ် နေ တဲ့  ကြီးမိုက် တွေ နဲ့  ကွာ ပါ့  ။

Soe Myint (Anaesthesia)  ©2009

Back to TOP